ရာသီဥတုကိုက်ညီကာ ကျန်းမာရေးနှင့် ညီညွတ်သော စိုက်ပျိုးစနစ်များ အစိုးရအားပေးရန် ဂျာမနီ လယ်သမားများ ဆန္ဒထုတ်ဖော်

ရာသီဥတုကိုက်ညီကာ ကျန်းမာရေးနှင့် ညီညွတ်သော စိုက်ပျိုးစနစ်များ အစိုးရအားပေးရန် ဂျာမနီ လယ်သမားများ ဆန္ဒထုတ်ဖော်

ရာသီဥတုပြောင်းလဲမှုနှင့် ကိုက်ညီသော စိုက်ပျိုးစနစ်များ၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အစိုးရက အားပေးရန် ဂျာမနီ နိုင်ငံတစ်ဝန်းမှ လယ်သမားထောင်ပေါင်းများစွာနှင့် ၎င်းတို့ကို ထောက်ခံသူများသည်  ဘာလင်မြို့၏  အထင်ကရနေရာဖြစ်သော ဘရန်ဒန်ဘာ့ဂျ်မုခ်ဦးတွင်  တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

နိုင်ငံတစ်ဝန်းမှ လယ်သမားများနှင့် ၎င်းတို့ကို ထောက်ခံသူ အင်အား သုံးသောင်းခွဲနီးပါးသည် ဇန်နဝါရီ  ၁၉  ရက်တွင် ကျင်းပသည့် ဆန္ဒပြပွဲသို့ တက်ရောက်ခဲ့ကြကြောင်း ပွဲစီစဉ်သူများက ပြောသည်။ 
လယ်ထွန်စက် စီးရေ ၁၇၀ ခန့်သည်လည်း နိုင်ငံတစ်ဝန်း ဒေသအသီးသီးမှ ဘာလင်မြို့သို့ ဦးတည်မောင်းနှင် ပါဝင်ဆင်နွှဲခဲ့သည်။ 
“စိုက်ပျိုးကဏ္ဍ စိတ်ပျက်လှသည်” ဟူသော ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်ပွဲ  ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။ 
    ဘာလင်တွင် ကျင်းပနေသည့် “အစိမ်းရောင်ရက်သတ္တပတ်” စိုက်ပျိုးထွက်ကုန်ပြပွဲနှင့် အချိန်ကိုက်ကာ ဆန္ဒပြပွဲကို ဆင်နွှဲကြခြင်းလည်း ဖြစ်သည်။

ထိုစိုက်ပျိုးထွက်ကုန်ပြပွဲကတစ်ဆင့် ဂျာမနီ စိုက်ပျိုးကဏ္ဍကို အခြားနိုင်ငံများနှင့် ချိတ်ဆက်ကာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ဆောင်ရွက်ရန် စိုက်ပျိုးရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။ 
    စိုက်ပျိုးကဏ္ဍကို ပိုမိုဖြန့်ကျက်လုပ်ကိုင်ခြင်းသည် လိုလားဖွယ်ဖြစ်သော်လည်း ဈေးကွက်စီးပွားလိုအပ်ချက် ပြည့်မီစေရန် ရာသီဥတုကို ထိခိုက်စေသောနည်းလမ်း၊ ကျန်းမာရေးနှင့်မညီသော နည်းလမ်းများဖြင့် စိုက်ပျိုးထားသော ထွက်ကုန်များ ပိုမိုနေရာရလာမည်ကို စိုးရိမ်ကြောင်း ဆန္ဒပြ လယ်သမားများက ဆိုထားကြသည်။