ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိ်ုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဖီလစ် ရှီဆဲကဲဒီ အနိုင်ရရှိမှုကို အခြားအတိုက်အခံတစ်ဦးက ကန့်ကွက်အယူခံဝင်ခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုပေးခဲ့သည်။
ဒီဇင်ဘာ ၃၀ ရက် မဲပေးမှုအတွက် မာတင်ဖေအူလူ၏ အယူခံကို ခုံရုံးက ပယ်ချခဲ့သည်။ နိုင်ငံကို ၁၈ နှစ် အုပ်စိုးခဲ့ပြီး ရာထူးမှထွက်ခွာရတော့မည့် သမ္မတ ဂျိုးဇက်ကာဘီလာနှင့် ရှီဆဲကဲဒီတို့ လျှို့ဝှက်အပေးအယူလုပ်ခဲ့ကြောင်း ဖေအူလူက စွပ်စွဲခဲ့ပြီး ရှီဆဲကဲဒီက ငြင်းဆိုခဲ့သည်။
ရွေးကောက်ပွဲရလဒ်ကို အကြီးအကျယ်သံသယရှိကြောင်း အာဖရိကသမဂ္ဂ(အေယူ) ကလည်း ထုတ်ပြန်ထားသည်။
ကော်မရှင်ကြေညာသည့်ရလဒ် မှားယွင်းကြောင်း ဖေအူလူ သက်သေပြနိုင်ခြင်းမရှိဟု ခုံရုံးက ပြောဆိုခဲ့သည်။
ကော်မရှင်က ရှိီဆဲကဲဒီသည် မဲ ၃၈ ဒသမ ၅ ရာခိုင်နှုန်း၊ ဖေအူလူသည် မဲ ၃၄ ဒသမ ၇ ရာခိုင်နှုန်း ရရှိကြောင်း ထုတ်ပြန်ခဲ့သည်။
မဲရလဒ်ထုတ်ပြန်ချက်များသည် ကွန်ဂိုတွင် သြဇာကြီးမားပြီး နိ်ုင်ငံတစ်ဝန်း စောင့်ကြည့်သူ ၄၀ဝ၀ဝ ခန့် ဖြန့်ချထားသည့် ကက်လသစ် ဘာသာရေးကျောင်းတော်က တွေ့ရှိခဲ့မှုနှင့်လည်း ဆန့်ကျင်ဖက်ဖြစ်ခဲ့သည်။
အမေရိကန်အခြေစိုက် ကျွမ်းကျင်သူများနှင့် ပြင်သစ်၊ ဂျာမနီအစိုးရတို့ကလည်း မဲရလဒ်ကို သံသယဖြစ်ကြသည်။
ဘယ်လ်ဂျီယံထံမှ ၁၉၆၀ တွင် လွတ်လပ်ရေးရရှိခဲ့သည့် ကွန်ဂိုတွင် လူမျိုးစုအချင်းချင်းလည်း အကြမ်းဖက်မှုဖြစ်ပွားနေရာ လွန်ခဲ့သည့်လက သုံးရက်အတွင်း လူ ၈၉၀ ခန့် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
မည်သို့ဖြစ်စေ ရှီဆဲကဲဒီသည် ၁၀ ရက်အတွင်း သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် မျှော်လင့်ရသည်။

















