လစ်ဗျားကမ်းလွန်တွင် ခိုလှုံသူများ၏လှေနစ်မြုပ်သဖြင့် လူ ၁၁၇ ဦးထိ ပျောက်ဆုံးနေ

လစ်ဗျားကမ်းလွန်တွင် ခိုလှုံသူများ၏လှေနစ်မြုပ်သဖြင့် လူ ၁၁၇ ဦးထိ ပျောက်ဆုံးနေ

လစ်ဗျားမှတစ်ဆင့် မြေထဲပင်လယ်ကိုဖြတ်ကာဥရောပသို့ သွားရောက်ခိုလှုံရန် ရာဘာအသက်ကယ်လှေ အကြီးစားဖြင့် သွားရောက်ခဲ့သောခိုလှုံသူတစ်စုသည် ဇန်နဝါရီ ၁၉ တွင် လစ်ဗျားကမ်းလွန်၌လှေမှောက်သဖြင့် ၁၁၇ ဦးထိပျောက်ဆုံးနေသည်။ 

သုံးဦးကိုသာအသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး၊ ထိုသူများ၏ ပြောပြချက်အရ၁၁၇ ဦးထိပျောက်ဆုံးနေကြောင်းကနဦးအတည်ပြုထားခြင်းဖြစ်သည်။

မြောက်အာဖရိကမှ ဥရောပသို့ မြေထဲပင်လယ်လမ်းကြောင်းမှတစ်ဆင့် သွားရောက်စဉ် လှေမှောက်ရသည့် ဖြစ်စဉ်များအနက် နောက်ဆုံးတစ်ခုလည်း ဖြစ်သည်။

လူကုန်ကူးသူများကစိတ်မချရသောရာဘာအသက်ကယ်လှေ အကြီးစားဖြင့် ခိုလှုံသူများကိုဇန်နဝါရီ ၁၇ တွင် လစ်ဗျားကမ်းခြေမှ တင်လွှတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်ဟု နိုင်ငံတကာရွှေ့ပြောင်းခိုလှုံသူများအဖွဲ့ (အိုင်အိုအမ်) က ပြောသည်။ 
    ပျောက်ဆုံးနေသူများထဲတွင် အမျိုးသမီး ၁၀ ဦး၊ ကလေး နှစ်ဦးပါဝင်ပြီး နှစ်လသားကလေးတစ်ဦးလည်းပါဝင်သည်။ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူသုံးဦး၏  ပြောပြချက်အရလှေပေါ်တွင် နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ်၊ ဂမ်ဘီယာ၊ ဆူဒန်တို့မှ ရွှေ့ပြောင်းခိုလှုံသူများပါဝင်နေသည်။ 
    ခိုလှုံသူများ၏ ဥရောပပစ်မှတ်နိုင်ငံဖြစ်သောအီတလီ၏ ဝန်ကြီးချုပ် ဂူဆပ်ပီကွန်တီကခိုလှုံသူများလှေမှောက်ပျောက်ဆုံးနေမှု သတင်းကြားရသည့်အတွက် အထူးစိတ်မကောင်း ဖြစ်ရကြောင်း၊ လူကုန်ကူးသူများကိုပိုမိုတိုက်ဖျက်နိုင်ရေးဖိအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောသည်။ 
    အိုင်အိုအမ်၏ စာရင်းအရ ၂၀၁၈ ခုနှစ်အတွင်းမြေထဲပင်လယ်လမ်းကြောင်းမှ  ခိုလှုံသူ ၁၁၆၉၅၉ ဦးဥရောပသို့ ရောက်ရှိခဲ့ပြီး ၂၂၉၇ ဦးပင်လယ်ပြင်၌  သေဆုံးခဲ့သည်။