စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် အွန်လိုင်းတက္ကစီလုပ်ငန်းများကို ဆန့်ကျင်သူများက Uber ၊ Cabify စသည့် အွန်လိုင်းတက္ကစီကားများကို တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် သံသယတရားခံ ခုနစ်ဦးထိကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်။
ဘာစီလိုနာ အစိုးရက အွန်လိုင်းတက္ကစီ လုပ်ငန်းများကို စည်းကမ်းတင်းကျပ်မည်ကို ကြေညာထားသော်လည်း တင်းကျပ်မည့် စည်းကမ်းများသည် လျော့ရဲလွန်း၊ ချောင်ချိလွန်းနေသည်ဟု သမားရိုးကျ တက္ကစီသမားများက ဝေဖန်ထားပြီး တက္ကစီများမထွက်ဘဲ သပိတ်မှောက်ဆန္ဒပြမည်ဟု တက္ကစီသမဂ္ဂများက ကြေညာခဲ့ပြီးနောက် အွန်လိုင်းတက္ကစီကားများကို တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။
ဘာစီလိုနာတွင် ဇန်နဝါရီ ၁၉ ရက်မှ စတင်ကာ သမားရိုးကျ တက္ကစီမောင်းသူများသည် အဓိက လမ်းမကြီးများကို ပိတ်ဆို့ကာဆန္ဒပြလျက်ရှိသည်။
စပိန်မြို့တော် မက်ဒရစ်မှ သမားရိုးကျ တက္ကစီမောင်းသူများသည်လည်း ဇန်နဝါရီ ၂၁ ရက်မှ စတင်ကာ အလားတူ သပိတ်မှောက်ဆန္ဒပြရန် စီစဉ်နေသည်။
ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တက္ကစီသမဂ္ဂများမှ ကိုယ်စားလှယ်များ တွေ့ဆုံကာ သပိတ်လှန်ရေး ဆွေးနွေးလျက်ရှိသည်။
အွန်လိုင်းတက္ကစီများကို အကြမ်းဖက်သည့် လုပ်ရပ်များကိုမူ ရှုတ်ချကြောင်း ဘာစီလိုနာ တက္ကစီသမဂ္ဂမှ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ အဲဘာတို အဲဗာရက်ဇ်က ပြောသည်။
“အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချပါတယ်။ ဒီလိုအကြမ်းဖက်တာဟာ နည်းမှန်လမ်းမှန် သပိတ်မှောက် တောင်းဆိုနေသူတွေရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

















