ပျဉ်းမနားမြို့တွင်ဆိုင်ကယ်စီးနင်းသူ ကျောင်းသားတစ်ဦးအား လေးခွဖြင့်ပစ်ခတ်သူ လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် လူ ၁၃ ဦးက တုတ်၊ ဓားရှည်တို့ဖြင့် ရန်ပြုခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်နှစ် ဦး ဒဏ်ရာရရှိခဲ့မှုကို ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ပျဉ်းမနားမြို့၊ နှင်းဆီပန်းဝိုင်းအနီး၌ ဆိုင်ကယ်စီးနင်းလာသည့် ကျောင်းသားတစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦးက လေးခွများနှင့်ဝိုင်းဝန်းပစ်ခတ်သဖြင့် ဆိုင်ကယ်လဲကျသွားခဲ့သည်။ လဲကျသွားစဉ် အဆိုပါလူလေးဦးက ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့သည်။
ထိုသို့ဖြစ်ပွားနေစဉ် ပျဉ်းမနားမြို့နယ် တရားရုံးသို့ အရပ်ဝတ်ဖြင့် သက်သေခံရန်လာရောက်သည့် ဒက္ခိဏ ခရိုင်မှုခင်းနှိမ်နင်းရေး အဖွဲ့မှ ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးနှင့် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း အကူဌာနမှ ရဲတပ်ကြပ် ဇေယျာသိန်းတို့က ထွက်ပြေးသူလေးဦးနောက်သို့ မော်တော်ယာဉ်ဖြင့်လိုက်ခဲ့သည်။
ယင်းသို့လိုက်ခဲ့ရာ “ငွေကျားတိုက်”လျှပ်စစ်ပစ္စည်းအရောင်းဆိုင်အနီးတွင် ၄င်းတို့ထဲမှ တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးကျန်သုံးဦးက ထွက်ပြေးသွားခဲ့သည်။
ဖမ်းဆီးရမိသူကို ကားပေါ်သို့ တင်ဆောင်စဉ် နောက်မှ မော်တော်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်နှစ်စီးတို့ဖြင့် လူ၁၃ဦးရောက်ရှိလာခဲ့ပြီး အင်္ကျီကော်လံနောက်ကျောထဲမှ ဓားရှည်ထုတ်၍ ရဲတပ်ကြပ်ကြီးဝင်းနိုင်ဦးနှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့ကို ဝိုင်းဝန်းခုတ်ခဲ့ရာ ဒဏ်ရာများရရှိခဲ့သည်။
ဖမ်းမိထားသူအမျိုးသားနှင့်ကျန်လူများက အဆိုပါနေရာမှထွက်ပြေးသွားခဲ့ပြီး ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးနှင့် ရဲတပ်ကြပ် ဇေယျာသိန်း တို့ကို တာဝန်သိပြည်သူတစ်ဦးက ပျဉ်းမနား ကုတင် (၂၀ဝ) ဆေးရုံမှ နေပြည်တော်ကုတင် (၁၀ဝ၀)ဆေးရုံသို့ ထပ်မံလွှဲပြောင်းကုသပေးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပျဉ်းမနားမြို့မရဲစခန်းက(ပ)၃၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၃၃/ ၁၁၄ အရ အမှုဖွင့်ကာ ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန် သူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းခဲ့သည်။
အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်သူတို့ စီးနင်းအသုံးပြုခဲ့သည့် မော်တော်ယာဉ်မှာ ပုဗ္ဗသီရိမြို့နယ်၊ ရွာ သစ်အုပ်စု၊ ရေအိုးစင်ရွာမှဖြစ်ကြောင်းသိရသဖြင့် အဆိုပါယာဉ်ပိုင်ရှင် ဇော်မိုးကို ဇန်နဝါရီ ၁၈ ရက်နေ့ ည၁၁ နာရီခန့်က ဖမ်းဆီးစစ်ဆေးနိုင်ခဲ့သည်။
၄င်းကို စစ်ဆေးချက်များအရ ဇော်လင်းဦး(ခ)ပုလဲ၊ မင်းအောင်(ခ)ဖိုးတုတ်၊ ချစ်ပိုင်လင်းတို့ (၃)ဦးသည် အထက(၃)ကျောင်းတက်စဉ် အမည်မသိသူများနှင့်ရန်ငြိုး ရန်စရှိခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ အစ်ကိုဖြစ်သူများနှင့်သူငယ်ချင်းများကို နေ့လယ်ကျောင်းဆင်းချိန်တွင် ကျောင်းသို့လာရောက်ရန် ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
နေ့လယ်ကျောင်းဆင်းချိန်တွင် ကျောင်းရှေ့၌ အဆိုပါရန်ငြိုးရန်စရှိသူ သုံးဦးနှင့် လေးခွများဖြင့် အပြန် အလှန်ပစ်ခတ်ခဲ့ကြသည်။
ရန်ငြိုးရှိသူသုံးဦးက အထက(၃)ကျောင်းရှေ့မှ နှင်းဆီပန်း အဝိုင်းဘက်သို့ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသဖြင့် အဆိုပါလေးဦးက နောက်မှလိုက်ပြီး လေးခွများဖြင့်ပစ်ခတ်ရာ ရန်ငြှိုးရှိသူသုံးဦးအနက် တစ်ဦးဖြစ်သည့် ကျောင်းသားကိုလေးခွထိမှန်ကာ ဆိုင်ကယ်လဲကျခဲ့ခြင်းဖြစ်သည်။ထိုသို့လဲကျစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးက မြင်တွေ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့နောက် လေးခွများဖြင့်ပစ်ခတ်သူများကို လိုက်လံဖမ်းဆီးရာမှ နောက်မှပါလာသူများက ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်များအရ အမှုတွင်ပါဝင်သူ၁၇ ဦး၊ ပြစ်မှုဖြစ်ပွားစဉ် အသုံးပြု ခဲ့သည့်မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်တစ်စီး၊ ဆိုင်ကယ်ဦးထုပ်တစ်လုံး၊ ဓားရှည်တစ်ချောင်း၊ ဓားအိမ်နှစ်ခု၊တုတ်တစ်ချောင်း၊ လေးခွတစ်လက်တို့ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ပြီး ၄င်းတို့ ၁၇ ဦးကို အမှုဖွင့် အရေးယူထားသည်။

















