ပဲခူးမြို့ရှိ မဇင်းဆည်သို့ လာရောက်သူများထံမှ ပစ္စည်းလုယူသူလေးဦးကို သက်ဆိုင်ရာက ဇန်နဝါရီ ၁၈ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
မဇင်းဆည်သို့ လာရောက်သူများ မကြာခဏလုယက်ခံနေရကြောင်း သတင်းအရ ပဲခူးမြို့ အမှတ်(၂) နယ်မြေရဲစခန်းမှ ရဲအုပ်ချစ်ကြည်နှင့်အဖွဲ့က အခင်းဖြစ်နေရာသို့ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သွားရောက်စုံစမ်းခဲ့သည်။
ထိုသို့ စုံစမ်းစစ်ဆေးနေစဉ် ဆည်မြောက်ဘက် ရာဘာခြံအနီး မသင်္ကာဖွယ်တွေ့ရှိသူ ပဲခူးမြို့ နန်းတော်ရာရပ်ကွက်နေ အောင်ထွေး(ခ)ဖိုးအော် (၁၈)နှစ်၊ ဝေယံ(ခ)စိုင်းမြတ်သူ (၁၈)နှစ်နှင့် အောင်ကိုဦး (ခ)အောင်ငြိမ်းချမ်း (၁၉)နှစ်တို့ သုံးဦးကို တွေ့ရှိ စစ်ဆေးခဲ့သည်။
၄င်းတို့ သုံးဦးထံမှ ဓားမြောင်တစ်ချောင်း၊ သုံးမြောင့်စကေဘာတစ်ချောင်း၊ ဓားဦးချွန်တစ်ချောင်း၊ သစ်သား လေးခွတစ်ခု၊ စတီးကုန်းသီးငါးလုံးနှင့် လောက်စာလုံးခုနစ်လုံးတို့ကို တွေ့ရှိသိမ်း ဆည်းရမိခဲ့သည်။
လုယက်မှုများနှင့်ပတ်သက်၍ ၎င်းတို့သုံးဦးကို စစ်ဆေးရာ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန် မဇင်းဆည်လမ်းကြားတွင် အမျိုးသားနှင့်အမျိုးသမီးတို့ထံမှ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေဟန်းချိန်းတစ်ခု၊ ရွှေလက်စွပ်တစ်ကွင်းတို့ကို ဓားထောက်ယူဆောင်ထွက်ပြေးခဲ့ပြီး သနပ်ပင်မြို့နေအောင်ထွေး(ခ)ဖိုးအော်၏ ဦးလေးဖြစ်သူ ကျော်ကျော်(ခ)ကျော်ဇင်ထွန်း (၃၈)နှစ် ထံ ရောင်းချထားကြောင်း ပေါ် ပေါက်ခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၉ ရက်ကလည်း မဇင်းဆည်အဝင်လမ်းတွင် အမျိုးသားနှင့်အမျိုးသမီးထံမှ ဆိုင်ကယ် တစ်စီး၊ ဖုန်းနှစ်လုံးတို့ကို ယူဆောင်ထွက်ပြေးခဲ့ပြီး ကျော်ကျော်(ခ)ကျော်ဇင်ထွန်း ထံရောင်းချခဲ့ကြောင်း ပေါ် ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၄င်းတို့လုယက်ခဲ့သည့်ပစ္စည်းများကို ဝယ်ယူခဲ့သည်ဆိုသူ ကျော်ကျော်(ခ) ကျော်ဇင်ထွန်းကို ဆက်လက် ဖမ်းဆီးခဲ့ပြီး လုယူရရှိခဲ့သည့် သက်သေခံပစ္စည်းများကို သိမ်းဆည်းကာ ပဲခူးမြို့အမှတ် (၂) နယ်မြေရဲစခန်းက (ပ) ၁၇ /၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။

















