ဘတ်ဂျက်အရေးသဘောတူညီမှု မရခဲ့၍ အမေရိကန်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်း ရပ်တန့်မှု စံချိန်တင်ကြာရှည် ဖြစ်ပေါ်နေခြင်းကို အဆုံးသတ်ရေး ညှိနှိုင်းရန် ၄င်း၏ကမ်းလှမ်းချက်ကို ဒီမိုကရက်များကပယ်ချခဲ့၍ သမ္မတဒေါ်နယ်ထရမ့် အမျက်ထွက်ခဲ့ပြီး ဒီမိုကရက်များကို တိုက်ခိုက်ပြောဆိုခဲ့ပြန်သည်။
၄င်း၏ကမ်းလှမ်းချက် မဖော်ပြမီကပင် ငြင်းဆန်ခံခဲ့ရကြောင်း၊ ဒီမိုကရက်တို့သည် နယ်စပ်မှတရားမဝင် ဝင်ရောက်သူများကြောင့်ဖြစ်သည့် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးများကို မမြင်ကြဘဲ ၂၀၂၀ ရွေးကောက်ပွဲကိုသာ မြင်ယောင်နေကြကြောင်း၊ ၄င်းတို့ အနိုင်ရရှိလိမ့်မည်မဟုတ်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။
မက္ကဆီကိုနယ်စပ်၌ တံတိုင်းဆောက်လုပ်ရန် ထရမ့်တောင်းဆိုထားသည့်ရန်ပုံငွေ မပါဝင်သည့် ဘတ်ဂျက်ကိုသာ ဒီမိုကရက်တို့ထိန်းချုပ်သည့် အောက်လွှတ်တော်ကအဆိုပြုထား၍ ယင်းကိုအတည်ပြုရန် ထရမ့်က ငြင်းဆန်ခဲ့သည်။
ယင်းကြောင့် အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်ခဲ့ရသည်မှာ စံချိန်တင်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရပ်တန့်မှုအဆုံးသတ်ရန် အခြားအငြင်းပွားမှုဖြစ်သည့် အမေရိကန်သို့ တရားမဝင်ဝင်ရောက်သည့်မိဘများနှင့်အတူ ရောက်ရှိကြီးပြင်းခဲ့သူခုနစ်သိန်းခန့်အား နှင်ထုတ်ခြင်းမှ ကာကွယ်သည့်အစီအစဉ်(ဒီအေစီအေ)၊ ပဋိပက္ခကြောင့်ခိုလှုံသူ သုံးသိန်းခန့်အား တီပီအက်စ်ဗီဇာပေးထားခြင်းတို့ကို သုံးနှစ်သက်တမ်းတိုးပေးရန် ထရမ့်က ကမ်းလှမ်းခဲ့သည်။
သို့သော် ယင်းကမ်းလှမ်းမှုသည် ငြင်းပယ်ထားပြီးသားမူဝါဒများကို ပြန်လည်ဖော်ပြမှုဖြစ်၍ လက်မခံကြောင်း ဒီမိုကရက်တို့က ပြောဆိုခဲ့သည်။ အထက်လွွှတ်တော်အမတ် ချပ်ရှူးမားကထရမ့်ကလည်း ဒီအေစီအေနှင့် တီပီအက်စ်တို့ကို ၄င်းတစ်ဦးတည်းသဘောဖြင့် ပယ်ချထားပြီး ယခုမူ သက်တမ်းတိုးပေးရန် ကမ်းလှမ်းခြင်းသည် ညှိနှိုင်းခြင်းမဟုတ်ဘဲ ပြန်ပေးဆွဲအကျပ်ကိုင်သည့်သဘော ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
တဖန် ရှေးရိုးစွဲဝါဒီအချို့ကလည်းထရမ့်၏ ကမ်းလှမ်းချက်သည် တင်းကျပ်ရမည့် လူဝင်မှုအရေးကို လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်မည်လောဟု စိုးရိမ်ပူပန်ကြပြန်သည်။ ယင်းအတွက်လည်း ထရမ့်က လူဝင်မှုအရေး လွတ်ငြိမ်းခွင့်ပေးခြင်း မဟုတ်ကြောင်း ဖြေရှင်းခဲ့သည်။
ထရမ့်က ၄င်းသည် အမေရိကန်သို့ တရားမဝင် ဝင်ရောက်ခဲ့သူ ၁၁ သန်းကျော်ကို ဖယ်ထုတ်ပစ်ရန် အပြင်းအထန် စီစဉ်နေခြင်းမဟုတ်ကြောင်းပြောဆိုခဲ့ပြီး အောက်လွှတ်တော်ဥက္ကဌ ဒီမိုကရက်ခေါင်းဆောင် နန်စီပဲလိုစီအနေဖြင့် ယင်းအရေးကို သတိပြုစေလိုကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

















