ဆီးရီးယားရှိ အီရန်ပစ်မှတ်များကို စတင်တိုက်ခိုက်သည့် စစ်ဆင်ရေးဆောင်ရွက်ခဲ့ဟု အစ္စရေးစစ်တပ်ထုတ်ပြန်

ဆီးရီးယားရှိ အီရန်ပစ်မှတ်များကို စတင်တိုက်ခိုက်သည့် စစ်ဆင်ရေးဆောင်ရွက်ခဲ့ဟု အစ္စရေးစစ်တပ်ထုတ်ပြန်

ဆီးရီးယားနိုင်ငံရှိ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့များ၏ ကပ်ဒ်စ်တပ်ခွဲကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးတစ်ရပ် စတင်ဆင်နွှဲခဲ့ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်လိုက်သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(အိုင်ဒီအက်ဖ်)က အသေးစိတ်ကို ဖော်ပြခြင်းမပြုသော်လည်း ဇန်နဝါရီ ၂၁ ရက် အစောပိုင်းတွင် ဆီးရီးယားမြို့တော် ဒမတ်စကတ်ပတ်ဝန်းကျင်၌ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အစ္စရေးလေတပ်၏ တိုက်ခိုက်မှုတစ်ရပ်ဆင်နွှဲခဲ့ရာ ၄င်းတို့ပစ်ခတ်သည့် ဒုံးကျည်အများစုကို ဆီးရီးယား လေကြောင်းရန်ကာကွယ်ရေးတပ်က ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယားဘက်က ထုတ်ပြန်ခဲ့သည်။
    ဇန်နဝါရီ ၂၀ ရက်က ဂိုလန်ကုန်းမြင့်ပေါ်ဖြတ်သန်းလာသည့် ဒုံးကျည်တစ်စင်းကို သံကွန်ခြာဒုံးစနစ်ဖြင့် ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပြီးဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် အစ္စရေးအတွက် ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည့် ဂိုလန်ကုန်းမြင့်မှ ဟာမွန်းတောင်စခန်းကိုပိတ်ပစ်ခဲ့ရသည်။ 
ချက်နိုင်ငံသို့ အလည်အပတ် သွားရောက်နေသည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတာယာဟုက ဆီးရီးယားတွင် အီရန်အမြစ်တွယ်မည်ကို ချေမှုန်းပစ်ရန် မိမိတို့မူဝါဒ ချမှတ်ထားပြီဖြစ်ကြောင်း၊ အစ္စရေးကိုထိခိုက်ရန်ကြိုးပမ်းသူမည်သူမဆို လက်တုံ့ပြန်ခံရမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်က ပြောဆိုခဲ့ပြီးဖြစ်သည်။
    ဆီးရီးယားနိုင်ငံအတွင်းပိုင်းရှိ ပစ်မှတ်များကို အစ္စရေးတိုက်ခိုက်မှုမှာ ဖြစ်ခေါင့်ဖြစ်ခဲဖြစ်သည်။ 
သို့သော် ဆီးရီးယား ပြည်တွင်းစစ် စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ဆီးရီးယားတွင် အီရန်တို့၏ အကြီးမားဆုံးစစ်ရေးတည်ဆောက်မှု ပေါ်ပေါက်လာ၍ ယင်းပစ်မှတ်အားလုံးကို ချေမှုန်းသွားရလိမ့်မည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် မေလတွင် အစ္စရေးက ပြောဆိုခဲ့သည်။
    ဇန်နဝါရီ ၂၁ ရက် အစ္စရေးတို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒမတ်စကတ်ပတ်ဝန်းကျင်ရှိ အီရန်နှင့် အီရန်ထောက်ပံ့သည့် ဟစ်ဇဘိုလာအုပ်စုအပါအဝင် စစ်စခန်းများ၊ လက်နက်တိုက်များပေါက်ကွဲပျက်စီးပြီး ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (အက်စ်အိုအိပ်ချ်အာရ်)က ထုတ်ပြန်ခဲ့သည်။