မိုးညှင်းမြို့နယ်တွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများ ဖမ်းမိ

မိုးညှင်းမြို့နယ်တွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများ ဖမ်းမိ

မိုးညှင်းမြို့နယ်တွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးပြား ကျပ် ၉၃၁ သိန်းဖိုးကို သက်ဆိုင်ရာက ဇန်နဝါရီလ ၂၀ ရက်နေ့၌ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါနေ့တွင် မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စု၊ ဆယ်မိုင် ကျေးရွာနေ တွမ်ရီဆောက် ၏နေအိမ်တဲ၌ မူးယစ်ဆေးဝါးများသိုလှောင်ထားကြောင်း သတင်းအရ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဝင်ရောက် ရှာဖွေခဲ့သည်။ 

တွမ်ရီဆောက်၏တဲအတွင်း ၎င်းကိုမတွေ့ရှိဘဲ ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်နေ ကျော်သိန်း(ခ)အားဖူ ၂၃ နှစ်နှင့် လားရှိုးမြို့နေ ရဲလင်းအောင် (ခ) စွမ်ဖိတ်ရွှေ ၂၄ နှစ်တို့ကိုတွေ့ရှိခဲ့သည်။

၎င်းတို့ရှေ့တွင်ချထားသည့်အနက်ရောင်ကြွပ်ကြွပ်အိတ်နှင့် အိပ်ခန်းနှင့် ခြံဝင်းအတွင်းရှိ ချုံများအတွင်းမှ ဆပ်ပြာခွက် ၁ဝ၁ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၁၁၁ ဂရမ်(ကျပ် ၇၇၇ဒသမ၇ သိန်း) စိတ်ကြွရူးသွပ်ဆေးပြား ၅၁၃ဝ ပြား (ကျပ် ၁၅၃ ဒသမ ၉ သိန်း)နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

အဆိုပါအမှုနှင့်ပတ်သက်၍ မိုးညှင်းမြို့မရဲစခန်းက ၄င်းတို့ နှစ်ဦးကို အမှုဖွင့် အရေးယူထားပြီး ကွင်းဆက် အမှုများကိုဆက်လက်ဖော်ထုတ်လျက်ရှိသည်။