သြစတြေးလျမှ ကလေးနို့မှုန့်ဘူးများခိုးကာ တရုတ်နိုင်ငံ၌ တရားမဝင် ပြန်လည်ရောင်းချနေသည့် ကလေးနို့မှုန့်ဘူးခိုးဂိုဏ်းဝင် ခြောက်ဦးကို သြစတြေးလျ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
ပြီးခဲ့သည့်တစ်နှစ်အတွင်း ထိုဂိုဏ်းက ခိုးယူခဲ့သော ကလေးနို့မှုန့်ဘူးများသည် စုစုပေါင်း သြစတြေးလျဒေါ်လာ တစ်သန်းကျော်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ကလေးနို့မှုန့်ဘူးခိုးဂိုဏ်းသည် ထိုသို့ လုပ်ကိုင်နေကြသည်မှာ နှစ်အတော်ကြာပြီဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။ တရုတ်နိုင်ငံတွင် ကလေးနို့မှုန့်ဘူးများ စံချိန်စံညွှန်းမပြည့်သည့် ပြဿနာများ ဖြစ်ပွားနေသဖြင့် သြစတြေးလျ ကလေးနို့မှုန့်ဘူးများကို ဝယ်လိုအား ကောင်းနေသည်။
သြစတြေးလျ ကလေးနို့မှုန့်ဘူးများကို တရုတ်တွင် “ရွှေဖြူ” ဟု တင်စားခေါ်ဝေါ်ကြသည်။
တရုတ်မှလာသော လေယာဉ်ပေါ်မှ ဆင်းလာသည့် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဆစ်ဒနီနိုင်ငံတကာလေဆိပ်တွင် ဖမ်းဆီးလိုက်ကြောင်း နယူးဆောက်သ်ဝေး ရဲတပ်ဖွဲ့က ပြောသည်။
အခြားအမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦးကိုလည်း ပြီးခဲ့သည့် လပိုင်းများက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုငါးဦးကို အမှုဖွင့်ထားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ခိုးထားသော ကလေးနို့မှုန့်ဘူး သြစတြေးလျ ဒေါ်လာ ၂၁၅၀ဝ၀ ဖိုးကိုလည်း လက်ရ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
သြစတြေးလျတွင် သြစတြေးလျဒေါ်လာ ၃၀ ခန့်ဖြင့် ဝယ်နိုင်သော ကလေးနို့မှုန့်ဘူးသည် တရုတ်တွင် သြစတြေးလျ ဒေါ်လာ ၁၀ဝ ခန့် ပေါက်ဈေးရှိနေသည်။
ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ကလေးနို့မှုန့်ဘူးခိုးဂိုဏ်းသည် တရုတ်သို့ နို့မှုန့်ဘူးများ အကြိမ်ကြိမ်တင်ပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

















