ပရိသတ် ၂ဝဝဝဆံ့ နိုင်ငံတကာအဆင့်မီ ဖူဆယ်ကွင်း ဒေါ်လာနှစ်သန်းကျော်အကုန်အကျခံ တည်ဆောက်မည်

ပရိသတ် ၂ဝဝဝဆံ့ နိုင်ငံတကာအဆင့်မီ ဖူဆယ်ကွင်း ဒေါ်လာနှစ်သန်းကျော်အကုန်အကျခံ တည်ဆောက်မည်

ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့်မီ ဖူဆယ်ပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန် ဖူဆယ်အားကစားရုံကို ၂၀၂ဝပြည့်နှစ်အမီတည်ဆောက်ပြီးစီးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေါ်လာနှစ်သန်းကျော်တန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံတကာအဆင့်မီ ဖူဆယ်ကွင်းတည်ဆောက်ရန် အတွက် လက်ရှိအချိန်တွင် ဆောက်လုပ်ရေးကုမ္ပဏီများအား တင်ဒါခေါ်ယူထားခြင်း ပြီးဆုံးခဲ့ပြီးဖြစ်ရာ လက်ရှိအချိန်တွင် အဆိုပါ ကွင်းပရောဂျက်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သို့ တင်ပြထားကြောင်း သိရသည်။

" ကျွန်တော်တို့ဆီမှာ နိုင်ငံတကာအဆင့်မီ ဖူဆယ်ပြိုင်ပွဲရုံမရှိသေးဘူး။ဒါကြောင့် ခုလိုတည်ဆောက်ဖို့စီစဉ်ရတာပါ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုရင် သူတို့ဘက်က ဒေါ်လာနှစ်သန်းထောက်ပံ့မယ်။ဒါပေမယ့် တကယ်ဆောက်ရင် ဒေါ်လာနှစ်သန်းနဲ့ မလောက်ပါဘူး။ လိုအပ်တာတွေကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စိုက်ရမှာပါ။ ကျွန်တော့်အထင် ဒေါ်လာနှစ်သန်းကျော်လောက်တော့ ကုန်ကျမှာပါ" ဟု ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောဆိုခဲ့သည်။ 

ပရိသတ် ၂ဝဝဝဆံ့ကွင်း

နိုင်ငံတကာအဆင့်မီ ဖူဆယ်ကွင်းကို သုဝဏ္ဏဘောလုံးကွင်းအတွင်းရှိ ဖူဆယ်လေ့ကျင့်ရေးကွင်းများအနီးတွင် တည်ဆောက်မည်ဖြစ်ပြီး ပရိသတ်၂ဝဝဝဆ့ံကွင်းဖြစ်ကြောင်း သိရသည်။

အဆိုကွင်းတည်ဆောက်ရေး ပရောဂျက်ကို ၂၀၂ဝပြည့်နှစ်အမီ ပြီးစီးရန် ဘောလုံးအဖွဲ့ချုပ်မှ ရည်မှန်းထားပြီး တည်ဆောက်ပြီးစီးခဲ့ပါက ဖူဆယ်လိဂ်ပြိုင်ပွဲကို အဆိုပါကွင်း၌ လက်ခံကစားမည်ဖြစ်သည်။ 

လိုအပ်

လက်ရှိအချိန်တွင် ဖူဆယ်လိဂ်ပြိုင်ပွဲများကို ကျငး်ပလျက်ရှိသည့် သုဝဏ္ဏမိုးလုံလေလုံအားကစားရုံရှိ ဖူဆယ်ကွင်းမှာ နိုင်ငံတကာပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည့် အဆင့်အတန်းရှိမနေ၍ လိုအပ်ချက်အရ နိုင်ငံတကာအဆင့်မီ ကွင်းသစ်ကို တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး