ကိုလံဘီယာနိုင်ငံတစ်ဝန်း ထောင်သောင်းချီသော ပြည်သူများသည် လမ်းများပေါ်ထွက် ချီတက်ကာ ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မြို့တော် ဘိုဂိုတာတွင် ပြီးခဲ့သည့်ရက်ပိုင်းက ရဲသင်တန်းကျောင်း ကားဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ရဲသင်တန်းသား ၂၀ သေဆုံးရမှုအတွက် ချီတက်ဆန္ဒပြခဲ့ကြခြင်းလည်း ဖြစ်သည်။
“အကြမ်းဖက်မှု အလိုမရှိ” ဟု ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည်။ မြို့တော် ဘိုဂိုတာရှိ ချီတက်ပွဲတွင် သမ္မတ အိုင်ဗန် ဒူချီနှင့် သမ္မတဟောင်း ဟွမ် မန်နျူရယ် ဆန်သို့စ်တို့လည်း ပါဝင်ဆင်နွှဲခဲ့သည်။ တိုက်ခိုက်မှုအတွက် လက်ဝဲယိမ်း အီးအယ်လ်အင်န် သူပုန်အဖွဲ့ကို သမ္မတ ဒူချီက ပြစ်တင်ထားသည်။ အီးအယ်လ်အင်န်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်စဦးမည်မဟုတ်ဟုလည်း သမ္မတ ဒူချီက ပြောသည်။
ရဲသင်တန်းကျောင်းကို ကားဗုံးခွဲတိုက်ခိုက်မှု မကျူးလွန်ဟု အီးအယ်လ်အင်န်က ငြင်းချက်ထုတ်ပြန်ခြင်းမျိုးမရှိပေ။ အစိုးရကမူ အသေခံ ကားဗုံးခွဲ တိုက်ခိုက်သူမှာ အီးအယ်လ်အင်န်မှ ပေါက်ကွဲပစ္စည်းကျွမ်းကျင်သူ ဟိုဆေး အယ်လ်ဒီမာ ရိုဂျာဖြစ်သည်ဟု ဆိုထားသည်။
“ကိုလံဘီယာဟာ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံဖြစ်တယ်၊ ရာဇဝတ်ကောင်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ရွံ့ကြောက်သွားမှာ မဟုတ်ဘူး” ဟု သမ္မတ ဒူချီက မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
ဆန္ဒပြချီတက်သူများသည် အဖြူရောင်ဝတ်စုံများဝတ်၊ အဖြူရောင်အလံများ ကိုင်စွဲကာ “အကြမ်းဖက်မှု မရှိစေရ” ၊ “နောက်ထပ်တိုက်ခိုက်မှုတွေရပ်” စသည့် ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြပြီး ရဲနှင့်စစ်ဘက် လုံခြုံရေးဝန်ထမ်းများကိုလည်း ပန်းစည်းများ ကမ်းခဲ့ကြကြောင်း တွေ့ရသည်။
အီးအယ်လ်အင်န်သည် ကိုလံဘီယာတွင် နောက်ဆုံးလက်ကျန် သူပုန်အဖွဲ့ဖြစ်ပြီး ၂၀၁၇ ခုနှစ်က စတင်ကာ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျက်ရှိသည်။

















