ဧရာဝတီယူနိုက်တက်အသင်း ယခုနှစ်ဘောလုံးရာသီတွင် မျှော်မှန်းထားသည့်အတိုင်း ရလဒ်များကောင်းမွန်ခြင်းမရှိခဲ့ပါက တစ်သင်းလုံးအား အလုံစုံပြင်ဆင် ဖွဲ့စည်းမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်က သတိပေးပြောဆိုခဲ့သည်။
ပစ်မှတ်ထား
ပြီးခဲ့သည့်ရာသီက အမှတ်ပေးဇယားအဆင့် ၈ နေရာဖြင့် ရာသီသိမ်းခဲ့ရသည့် ဧရာဝတီယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် နိုင်ငံခြားသားကစားသမား သုံးဦးနှင့် ပြည်တွင်း ကစားသမားကောင်းများကို ခေါ်ယူအားဖြည့်ထားပြီး နေရှင်နယ်လိဂ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို ရယူရန် ပစ်မှတ်ထားနေသည်။
" ဒီနှစ်မှာ လိဂ်ဖလားရော၊ ရှုံးထွက်ဖလားပါ ရယူဖို့ ပစ်မှတ်ထားပါတယ်။ ပြိုင်ပွဲသမိုင်းမှာ ရှုံးထွက်ဖလားကို ကျွန်တော်တို့က သုံးကြိမ်နဲ့ အများဆုံးရထားတယ်။ ပရိသတ်ရဲ့အားပေးမှုကို ရယူချင်လို့ ဘက်ဂျက်ကို ဒီနှစ်ပိုသုံးစွဲခဲ့ပါတယ်။ မျှော်မှန်းသလို ရလဒ်မကောင်းခဲ့ရင် အုပ်ချုပ်၊ နည်းပြအဖွဲ့ရော၊ ကစားသမားရော လိုအပ်ရင် အကုန်လဲပစ်မှာပါ" ဟု ဦးမင်းလှိုင်က ပြောဆိုခဲ့သည်။
ပွဲနိုင်ကြေး
ဧရာဝတီယူနိုက်တက်အသင်းသည် ယခုနှစ်လိဂ်ပွဲစဉ်နှစ်ပွဲ ယှဉ်ပြိုင်ခဲ့ပြီးရာတွင် တစ်ပွဲနိုင်၊တစ်ပွဲသရေရရှိထားပြီး ပွဲနိုင်ကြေးများကိုလည်း ထိုက်တန်စွာချီးမြှင့်မည်ဖြစ်ကြောင်း ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောဆိုခဲ့သည်။
" တစ်ပွဲချင်းရလဒ်ကောင်းရင် ဆုချီးမြှင့်ဖို့အစီအစဉ်ရှိတယ်။ သာမန်ပွဲတွေအနိုင်ရတာထက် ဂိုးရလဒ်ဘယ်လောက်နဲ့နိုင်သလဲ၊ ပွဲကျပ်မှာ အနိုင်ရတာတွေကို ပွဲနိုင်ကြေးပေးဖို့ရှိပါတယ်။ ပွဲကြီးတွေနိုင်ရင် ပိုပြီးပံ့ပိုးဖို့ရှိပါတယ်" ဟု ပြောဆိုခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းသည် လိဂ်ပွဲစဉ်(၂)တွင် အဝေးကွင်း၌ မကွေးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ယင်းပွဲအတွက် ပွဲနိုင်ကြေးကို ချီးမြှင့်မည်ဟုလည်း သိရသည်။















