TNLA က ဒေသခံရွာသားများကိုဖမ်းဆီး ခေါ်ဆောင်

TNLA က ဒေသခံရွာသားများကိုဖမ်းဆီး ခေါ်ဆောင်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မန့်မိုင်ကျေးရွာအုပ်စုအတွင်းရှိ ပန်မောင်းကျေးရွာ၊တာကွန်ကျေးရွာမှ  ရွာသူရွာသား ၁၈ ဦးကို ဇန်နဝါရီ ၈ ရက်က TNLA (တအောင်းအမျိုသားလွတ်မြောက်ရေးတပ်မတော်) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ အဖမ်းခံရသည့်ရွာသားများကို ပြန်လွှတ်ပေးရန် တစ်ဦးလျှင် မြန်မာငွေကျပ် သိန်းသုံးဆယ်နှုန်းဖြင့် TNLA ကိုပေးဆောင်ရကြောင်း ရွာသားများက ဆိုသည်။

မပေးဆောင်နိုင်သည့် ရွာသား ၁၁ ဦးကျန်ရှိနေပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့်ရွာသားများထဲတွင် အသက် ၉၄ နှစ်အရွယ်အဘိုးအို၊ ၆ လအရွယ်ကလေး၏မိခင်ဖြစ်သူ ၂၆ နှစ်အရွယ်အမျိုးသမီးငယ်နှင့် သက်ကြီးရွယ်အို အများဆုံးပါဝင်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် ရွာသားများထံမှ သိရသည်။

“၈ ရက်နေ့က ပလောင်စစ်သားတွေ ရွာထဲဝင်လာတယ်။ ဘာမှမပြောဘူး အိမ်ထဲဝင်ပြီး ရှာတယ်။တန်ဖိုးရှိတာတွေ အားလုံးယူတယ်။ ဖုန်းတွေ ပိုက်ဆံတွေ၊ ပြီးတော့ လူကိုဖမ်းခေါ်တယ်။ ဒီတိုင်းမလိုက်ရင် ကြိုးနဲ့တုပ်ခေါ်တယ်။ ဆိုင်ကယ်တွေလည်း ယူသွားတယ်။ အခုကျမတို့ ပိုက်ဆံသိန်းဆယ်ပေးပြီးပြန်ခဲ့ရတယ်။ ပိုက်ဆံ ပေးဖို့မရှိလို့ အိမ်က ဝက်တွေ ရှိတာတွေ အကုန်ရောင်းပြီး မရသေးလို့ မိတ်ဆွေတွေနားမှာ ချေးငှားပြီး ပေးခဲ့တယ်’’ ဟု ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပန်မောင်းကျေးရွာမှ ဒေါ်လောက်လိက ပြောသည်။

''တာကွန်ကျိုင်က အမျိုးသမီး တစ်ယောက်လည်း ပလောင်စစ်သား လာဖမ်းတယ်။ ငါ့ချွေးမလည်းပါသွားတယ်။ပိုက်ဆံနဲ့လာရွေးခိုင်းတယ်။ငါတို့မှာပိုက်ဆံပေးဖို့ မရှိလို့ ကလေးအမေကပြန်လာလို့ မရသေးဘူး။ သူတို့ လက်ထဲမှာပဲရှိသေးတယ်။ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်’’  ဟု  TNLA က ဖမ်းဆီးခေါ်ဆောင်ခံရသည့် တာကွန်ကျေးရွာမှ အသက် ၆ လအရွယ်ကလေးမိခင်၏ ယောက္ခမ ဒေါ်မိချူးက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် ၁၈ ဦးထဲမှ ခုနစ်ဦးကို တစ်ဦးလျှင် သိန်း ၃၀ ဖြင့်ရွေးယူထားရပြီး  TNLA လက်ထဲတွင် ၁၁ ဦး ကျန်ရှိနေသေးသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး