ပဲခူးမြို့တွင် အွန်လိုင်းပေါ်မှတစ်ဆင့် ချစ်ကြိုက်ခဲ့သူနှင့်ချိန်းတွေ့စဉ် သားမယားအဖြစ်ပြုမူနေထိုင်ခဲ့ပြီးနောက် သတ်ဖြတ်ခဲ့သူကို သက်ဆိုင်ရာက ဇန်နဝါရီ ၂၁ ရက်နေ့၌ ဖော်ထုတ်ဖမ်းဆီးခဲ့သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ပဲခူးမြို့ရပ်ကွက်ကြီး(၈) နရဏီသိမ်လမ်းဘေးခြုံတော အတွင်း ဒဏ်ရာများဖြင့်ပုပ်ပွသေဆုံးနေသည့်အမျိုးသမီးအလောင်းကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။
အမှတ် (၃) နယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၁/၁၉)ဖြင့် အမှုဖွင့်ကာ သေဆုံးသူမည် သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုပေးနိုင်ရန် ပြည်သူများထံသို့အကူအညီတောင်းခံခဲ့သည်။
အလောင်းစစ်ဆေးချက်များအရ သေဆုံးသူတွင် ဦးခေါင်းနောက်စေ့ချိုင့်ဝင်ဒဏ်ရာနှင့် နံရိုးသုံး ချောင်းကျိုးကြေဒဏ်ရာတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။
သေဆုံးသူ၏ မောင်အရင်းဖြစ်သူက ဇန်နဝါရီလ၂၁ရက်နေ့တွင် အမှတ်(၃)နယ်မြေစခန်းသို့ သွားရောက်၍ သေဆုံးသူမှာ မ----- (၄၄ နှစ်)ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
သက်ဆိုင်ရာ၏စုံစမ်းချက်များအရ အမှုဖြင့်မသင်္ကာသူ ဥဿာမြို့သစ် (၁)ရပ်ကွက် (၈)လမ်းရှိ မင်းခန့်ကျော်(၁၉ နှစ်)ကို ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။
မင်းခန့်ကျော် ကိုစစ်ဆေးချက်အရ သေဆုံးသူနှင့် အွန်လိုင်းပေါ်မှတစ်ဆင့်တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်က နရဏီသိမ်လမ်းဘေးခြုံတောအတွင်း ချိန်းတွေ့ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထိုသို့ချိန်းတွေ့သည့်နေ့တွင် သားမယားအဖြစ်နေထိုင်ခဲ့ပြီး ၄င်းကနယ်ထွက်အလုပ်လုပ်မည်ဟုပြောဆိုသည့်ကိစ္စနှင့်ပတ်သက်၍ သေဆုံးသူကိုပြောပြရာမှ စကားပြောအဆင်မပြေဖြစ်ကာ သေဆုံးသည်အထိ ပြုမူပြီး ခြုံတောအတွင်းစွန့်ပစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အမှတ် (၃)နယ်မြေရဲစခန်းက မူလဖွင့်လှစ်ထားသည့် သေမှုသေခင်းမှ (ပ)၂၇/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။

















