စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ကျိုက်လတ်လမ်းထောင့်ရှိ ရွှေတောင်လက်ဖက်ရည်ဆိုင်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ဇန်နဝါရီ ၂၃ ရက် နံနက် ၅ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ကနဦးဖြစ်စဉ်များအရ သိရသည်။
" မနက်စောစော လက်ဖက်ရည်ဆိုင် အီကြာကွေးကြော်တဲ့ဂက်စ်မီးဖိုကစပြီး လောင်တယ်လို့ ကြားတယ်။ လောင်လောင်ချင်းတော့ ကြိတ်သတ်နေကြသေးတယ်လို့ ကြားတယ်။ လက်ဖက်ရည်ဆိုင်နဲ့ ဘေးက ငါးထပ်တိုက် တစ်ခြမ်းမီးလောင်တဲ့ အထဲပါသွားတယ်" ဟု ကျိုက်လတ်လမ်းနေ မအိန္ဒြာက ပြောသည်။
မီးလောင်မှုဖြစ်စဉ်ကို မီးသတ်ဦးစီးဌာနမှ မီးလောင်မှု အဆင့်နှစ်အဖြစ်သတ်မှတ်ငြှိမ်းသတ်ခဲ့ပြီး နံနက် ၆ နာရီခန့်တွင် မီးငြိမ်းခဲ့သည်။
" သုံးယောက်သေသွားတယ်။ လောလောဆယ် တွက်ချက်နေလို့ ဆုံးရှုံးမှုတန်ဖိုးနဲ့ အမှုတွေကိုထုတ်ပြန်ပေးသွားမှာပါ" ဟု စမ်းချောင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

















