လုယက်မှုမသင်္ကာဖြင့် စစ်ဆေးရာမှ ဆိုင်ကယ်နှင့်ဖုန်းလုယက်မှု ၁၃ မှုပေါ်ပေါက်

လုယက်မှုမသင်္ကာဖြင့် စစ်ဆေးရာမှ ဆိုင်ကယ်နှင့်ဖုန်းလုယက်မှု ၁၃ မှုပေါ်ပေါက်

ရွှေပြည်သာမြို့နယ်တွင် လုယက်မှုများကျူးလွန်ထားကြောင်း သတင်းအရ မသင်္ကာသူများကို  စစ်ဆေးခဲ့ရာမှ ဆိုင်ကယ်နှင့်လက်ကိုင်ဖုန်းလုယက်မှု ၁၃ မှုပေါ်ပေါက်ခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ရွှေပြည်သာမြို့မရဲစခန်း က(ပ)၅၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ /ကျင့် ၅၄ အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ပိုင်ကို၊ ထွန်းထွန်းစိုး(ခ) ကိုပု၊ ကျော်ဇင်ဖြိုး(ခ)ဘူးသီးတို့၏ ထွက်ဆိုချက်အရ ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန် ရာတွင်ပါဝင်သည့် ရွှေပြည်သာမြို့နယ်နေ ဇေယျာစိုး၊ ထက်အာကာတို့ကို ဆက်လက်ဖမ်းဆီးရမိခဲ့သည်။ 

၄င်းတို့ကိုစစ်ဆေးချက်များအရ ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလအတွင်းက ရွှေပြည်သာမြို့နယ်၊ (၁၉) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းတွင် GOODBO CZI-125 အမျိုးအစားအနက်ရောင်ဆိုင်ကယ်တစ်စီး၊ ပုလဲလမ်းဆုံအနီးတွင် Kenbo-125 အမျိုးအစား အနက်ရောင် ဆိုင်ကယ်တစ်စီး၊ ကျူချောင်းသုဿန်အနီးတွင် JLM-125 အမျိုးအစား အပြာရောင်ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း မျိုးစုံ(၁၀)လုံးတို့ကို လုယက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ 

၄င်းတို့လုယူရရှိခဲ့သည့် ပစ္စည်းများကိုရောင်းချထားသည့်နေရာများမှ သိမ်းဆည်းကာ ဆက်လက် အရေးယူထားသည်။