မင်္ဂလာဒုံမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ သစ်သားချောင်းဖြင့် ရိုက်သဖြင့် သေဆုံးခဲ့မှု ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ ည ၁၀ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်ရွှေနံ့သာကျေးရွာအုပ်စု၊ ပေါင်းကူးညာဏရပ်ကွက် မနောသုခလမ်းရှိ နန္ဒိယာရာမဘုန်းကြီးကျောင်း၌ လွန်ခဲ့သောသုံးလခန့်မှစ၍ ရဟန်းဝတ်နေထိုင်သူ ရခိုင်ပြည်နယ် မောင်တောနေ ဝဏ္ဏသီရိ (ခ)ပန်းစိန် (၂၂ နှစ်)နှင့် ဇော်လေး(ခ)ဇော်ဇော်လွင် (၅၄ နှစ်)တို့ သိမ်ကျောင်းအနောက်ဘက်တွင် စကားများရန်ဖြစ်ခဲ့ကြသည်။
ထိုသို့ဖြစ်ပွားနေစဉ် ဝဏ္ဏသီရိ (ခ)ပန်းစိန်က ခင်ဗျားဘာဖြစ်တာလဲဟု ပြောသံကို အဆိုပါကျောင်း၌ရှိနေသည့် ဇော်လေး(ခ)ဇော်ဇော်လွင်၏ညီမဖြစ်သူ မအေးသီတာက ကြားခဲ့ရသည်ဟု ဆိုသည်။
ထိုသို့ကြားရပြီးနောက် ဝဏ္ဏသီရိ (ခ)ပန်းစိန်က ဇော်လေး(ခ)ဇော်ဇော်လွင်ကို သစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့သည်။
မအေးသီတာက ဝင်ရောက်တားဆီးစဉ် ဆက်လက်ရိုက်နှက်နေသဖြင့် ဇော်လေး(ခ)ဇော်ဇော်လွင် လဲကျသွားခဲ့သည်။
ထိုသိုလဲကျစဉ် ဆက်လက်ရိုက်နှက်နေပြီး သွေးထွက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်များအရ နဖူး၊ နှာခေါင်းရိုးပေါက်ပြဲ၊ ယာမျက်လုံးသစ်သားစစိုက်ဝင်ဒဏ်ရာများရရှိသေဆုံးနေသဖြင့် အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ဝင်ရောက်ဖျန်ဖြေသူ မအေးသီတာတွင်လည်း လက်တွင်ညိုမဲဒဏ်ရာများရရှိခဲ့သည်။
အစ်ကိုဖြစ်သူကိုသေဆုံးအောင်ပြုလုပ်သည့် ဝဏ္ဏသီရိ (ခ)ပန်းစိန်ကို အရေးယူပေးရန် မအေးသီတာက တိုင်ကြားခဲ့သည်။
ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၆၅/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၃ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















