ဆီဆိုင်မြို့တွင် လိုင်စင်မဲ့ယာဉ်အတွင်း မူးယစ်ဆေးဝါးများ ထည့်သွင်းသယ်ဆောင်လာသူထံမှ သေနတ်နှင့်လက်ပစ်ဗုံးသိမ်းဆည်းရမိခဲ့မှုကို သက်ဆိုင်ရာက ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် အရေးယူခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဆီဆိုင်မြို့နယ် အောင်သပြေရပ်ကွက်နေ မောင်မောင်ဦး ၃၉ နှစ် မောင်းနှင်လာသည့် မော်တော်ယာဉ်သည် လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိသဖြင့် ဆီဆိုင်မြို့မရဲစခန်းက ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အဆိုပါယာဉ်ကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် မူးယစ်ဆေးဝါးများသိုဝှက်သယ်ဆောင်လာကြောင်း သတင်းအရ မော်တော်ယာဉ်ကျွမ်းကျင်သူတို့နှင့်အတူ ယာဉ်ကို အသေးစိတ် စစ်ဆေးခဲ့သည်။
မော်တော်ယာဉ်၏ တံခါးအံများအတွင်း သိုဝှက်ထည့်သွင်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၈၀ဝ ပြား၊ ကျပ် ၁၄၇ သိန်း ၊ ဒေသန္တရလုပ် ပစ္စတိုတစ်လက်၊ ကျဉ်အိမ်ပါ ၎င်းကျည်လေးတောင့် နှင့် ကြိုးဆွဲလက်ပစ်ဗုံးတစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ဆီဆိုင်မြို့မရဲစခန်းက မူးယစ်ဆေးဝါးဥပဒေအရ ဆက်လက် အမှုဖွင့်အရေးယူထားသည်။

















