(ယခင်တစ်ပတ်မှအဆက်)
မြို့ပိုင်လုပ်ငန်းများကို ပုံမှန်အားဖြင့် လာရောက်စစ်ဆေးသော ဝါရင့်နယ်ပိုင်ဝန်ထောက်ကြီးတစ်ဦးက''မြို့ပိုင်တစ်ယောက်အနေဖြင့် အနည်းဆုံး ပထမတန်းရာဇဝတ်အာဏာလောက်ရရှိထားမှသာ မြို့နယ်အတွင်းရှိ ရဲအရာရှိများနှင့် ကျေးရွာသူကြီးများက လေးစားကြောင်း၊ မိမိအနေဖြင့် ဒုတိယတန်းအာဏာကို ကျင့်သုံးဆောင်ရွက်နေသည်မှာ သုံးနှစ်ပင်ကျော်နေပြီဖြစ်၍ ပထမတန်းအာဏာကို ရယူသင့်ပြီဖြစ်ကြောင်း'' နှုတ်ဖြင့်ပြောကြားသည့်အပြင် ရုံးစစ်ဆေးချက်မှတ်တမ်းတွင်လည်း ရာဇဝတ်အာဏာတိုးမြှင့်ပေးရေးအတွက် စစ်ဆေးပြီး အမှုတွဲခြောက်မှုကို တင်ပြရန် ထည့်သွင်းညွှန်ကြားခဲ့သည်။
ထိုနည်းအတူပင် ခရိုင်ဝန်ရုံးစစ်ဆေးသည့် အစီရင်ခံစာတွင်လည်း ညွှန်ကြားခဲ့သည်။ တရားရုံးများတွင် ကာလကြာရှည်စွာ မပြီးပြတ်သေးဘဲကျန်ရှိနေသည့် အမှုများ အမြန်ပြီးပြတ်ရေးအတွက် ခလကက ဦးစီးကျင်းပသော အစည်းအဝေးတွင်လည်း အထူးရာဇဝတ်အာဏာရရှိပြီးသော တရားမဝန်ထောက်အဆင့် ရာဘက်ရာတော်တရားသူကြီးတစ်ဦးက ''ကျိုက်မရောမြို့ပိုင်ကြီးသည် ဌာနဆိုင်ရာစာမေးပွဲတွင် ရာဇဝတ်ဥပဒေဘာသာကိုအထက်တန်းအဆင့်ဖြင့် အောင်မြင်ထားပြီးဖြစ်သည့်အပြင်B.L.ဘွဲ့ကိုလည်း ရရှိထားသူဖြစ်ကြောင်း၊ ဒုတိယတန်း အာဏာဖြင့် အမှုများစစ်ဆေးနေသည်မှာလည်း ကြာပြီဖြစ်ကြောင်း၊ မော်လမြိုင်မြို့ပေါ်ရှိ ရာဘက်ရာဇဝတ် တရားသူကြီးရုံးများတွင် ပထမတန်းရာဇဝတ်အာဏာဖြင့်စစ်ဆေးနိုင်သော ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်အမှုများ လက်ကျန်ရှိနေခြင်းမှာ အများအားဖြင့် ရွာသူရွာသားများမှာ မော်လမြိုင်မြို့သို့ လာရောက်ရန် အခက်အခဲရှိ၍ဖြစ်ကြောင်း၊ ကျိုက်မရောမြို့ပိုင်ကြီးအား ပထမတန်း ရာဇဝတ်အာဏာများ ပေးအပ်လျှင် ယင်းကဲ့သို့သောအမှုများကို ကျိုက်မရောတွင်ပင် စစ်ဆေးပါက အမြန်ပြီးပြတ်သွားမည်ဖြစ်ကြောင်း'' ဆွေးနွေးပါသည်။
၎င်းအရာရှိက ဤသို့ဆွေးနွေးခြင်းမှာ မိမိအပေါ် အပြစ်ပုံချလို၍မဟုတ်ဘဲ မိမိအားဂုဏ်ပြုသည့် သဘောဖြင့် ဆွေးနွေးခြင်းသာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိသည် အထက်တစ်နေရာ၌ ဖော်ပြခဲ့ပြီးဖြစ်သော မိမိအားလာဘ်ငွေပေးသူ၏အမှုကို ၎င်း၏ရုံးတွင်စစ်ဆေးခဲ့ရာ မိမိက တရားလိုသက်သေအဖြစ် အစစ်ခံရာမှ မိမိနှင့်သိကျွမ်းခဲ့သူဖြစ်ပါသည်။ ရာဇဝတ်ဥပဒေအထက်တန်းနှင့် B.L. ဘွဲ့ရရှိသူ ရာဇဝတ်တရားသူကြီးများအနေဖြင့် ရှေးဦးစွာ အထက်တန်းရှေ့နေလိုင်စင်လျှောက်ထားခွင့်ရှိပြီး နှစ်စေ့သောအခါ တရားလွှတ်တော်ရှေ့နေလိုင်စင် လျှောက်ထားခွင့်ရှိကြောင်းနှင့် မိမိအနေဖြင့်လည်း ရှေ့နေလိုင်စင်များရယူထားသင့်ကြောင်း၎င်းကပင်အကြံပေးပြီး ၎င်းလျှောက်ထားခဲ့သည့် နမူနာလျှောက်လွှာများကိုလည်း မိမိအားပေးအပ်ခဲ့သူဖြစ်ပါသည်။ ထိုရာဇဝတ်တရားသူကြီး၏ ဆွေးနွေးချက်နှင့်စပ်လျဉ်း၍ ခရိုင်ရာဇဝတ်တရားသူကြီး(ခရိုင်ဝန်)က''ကိုကျော်အေး၊ အမှုခြောက်မှုတင်ပေးဖို့ ရုံးစစ်တုန်းက ပြောထားခဲ့တယ်လေ၊ မတင်သေးဘူးလား'' ဟုမေးရာ မိမိက ''ဟုတ်ကဲ့ ဆုံးဖြတ်ပြီး အမှုတွဲတွေကို အမှုတွဲခန်းက ပြန်တောင်းထားပါတယ်ခင်ဗျာ'' ဟု ဖြေခဲ့ပါသည်။ အမှန်မှာမတောင်းရသေးပါ။ နောက်မကြာမီ ရက်ပိုင်းအတွင်းမှာပင် ''ရုံးစစ်ဆေးချက်မှတ်တမ်းတွင် ရာဇဝတ် အာဏာတိုးပေးရေးအတွက် အမှုတွဲခြောက်တွဲတင်ပြရန် ညွှန်ကြားထားပါလျက် လိုက်နာဆောင်ရွက်ခြင်းမရှိမှုအတွက် မည်သည့်အကြောင်းကြောင့် အရေးမယူထိုက်ကြောင်း၊ ထုချေရှင်းလင်းပါ'' ဟူသော 'ရွှေပေလွှာ' တစ်စောင်ရောက်ရှိလာပါသည်။
မြို့ပိုင်များ၏သမိုင်းတွင်ရာဇဝတ်အာဏာတိုးမြှင့်တောင်းခံခြင်းမပြုသဖြင့် ထုချေလွှာတောင်းခြင်းခံရသူမှာ မိမိတစ်ဦးတည်းသာရှိမည်ထင်ပါသည်။ (နောက်တစ်ကြိမ်လည်း ထုချေလွှာတောင်းခံခြင်းခံရပါသေးသည်။ ဆိုင်ရာအခန်းတွင် ဖော်ပြပါဦးမည်)။သို့ဖြင့် ထုချေလွှာတင်ရင်း ခရိုင်ဝန်ကြီးအားသွားရောက်တွေ့ဆုံ၍ မိမိစစ်ဆေးခဲ့ပြီး ကောင်းမည်ထင်သော အမှုတွဲများကို ခရိုင်အမှုတွဲခန်းမှ ပြန်လည်ထုတ်ယူရန် ကိုယ်တိုင်လာရောက်ခြင်းဖြစ်ပါကြောင်း၊ထုတ်ယူရရှိပြီးဖြစ်ပါကြောင်း၊ ရက်ပိုင်းအတွင်း ပြန်လည်တင်ပြမည်ဖြစ်ပါကြောင်း ကျေနပ်အောင် တင်ပြရပါသည်။ အမှုတွဲခန်းမှ ပြန်လည်ထုတ်ယူခဲ့သော အမှုခြောက်မှုမှာ ဆုံးဖြတ်ချက်မှားယွင်းကြောင်း တွေ့ရှိရပါက ပြင်ဆင်မှုဖွင့်၍ မြို့နယ်ရာဇဝတ်တရားသူကြီး၏အမိန့်ကို ပြင်ဆင်ရေးအတွက် ခရိုင်ရာဇဝတ်တရားသူကြီးက တောင်းခေါ်စိစစ်ထားသည့် အမှုတွဲများဖြစ်သည်။ သို့သော် မှားယွင်းမှု မတွေ့ရ၍ ပြင်ဆင်မှု ဖွင့်လှစ်ခြင်းမရှိ၊ မှတ်ချက်တစ်စုံတစ်ရာမရေးဘဲ ပြန်ပို့ထားသော အမှုများဖြစ်သည်။ အမှန်အားဖြင့် ခရိုင်ရာဇဝတ် တရားသူကြီးလည်းဖြစ်သော ခရိုင်ဝန်များမှာ ခရိုင်တစ်ခုတွင် ရာဇဝတ်တရားစီရင်ရေးကို ကြီးကြပ်အုပ်ချုပ်ရသော အဆင့်အမြင့်ဆုံးတရားသူကြီးများလည်းဖြစ်ပြီး ခရိုင်အတွင်းရှိ ရာဇဝတ်တရားသူကြီးများအားလုံး (တရားရေးဝန်ထမ်းဖြစ်သည့် ရာဇဝတ်အာဏာရ တရားသူကြီးများအပါအဝင်)ကို ကြီးကြပ်အုပ်ချုပ်ခွင့်ရှိသူဖြစ်သော်လည်း တရားစီရင်ရေး(ရာဇဝတ်မှုများ စစ်ဆေးခြင်းလုပ်ငန်း)တွင် စိတ်ပါဝင်စားသူ နည်းပါးပါသည်။ ဥပဒေဘွဲ့ရရှိသူမှာလည်း တစ်ဦးတလေသာရှိပါသည်။
ရာဇဝတ်မှုများစစ်ဆေးခြင်း လုပ်ငန်းတွင် နှစ်ပေါင်းများစွာ တစ်ပြေးညီ လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးဆောင်ရွက်လာခဲ့ကြသဖြင့် အသားကျနေသောလုပ်ငန်းဖြစ်ခြင်းကြောင့် အထူးဂရုပြုရန် မလိုခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဤတွင် ခရိုင်ဝန်ရုံးမှ တရားရေးဌာနအထက်တန်းစာရေး (Head Judicial Clerk - HJC)မှာ အတော်အတန်အရေးပါသော အခန်းမှပါဝင်လာရပါသည်။ခရိုင်မြို့ကြီးများတွင် ရုံးစိုက်သည့် ရာဘက်ရာဇဝတ်တရားသူကြီးများ (Additional Magistrates) စစ်ဆေးရမည့် ရာဇဝတ်မှုများကို ရဲတပ်ဖွဲ့က ခရိုင်ရာဇဝတ်တရားသူကြီးရုံးသို့ စွဲဆိုတင်ပို့ရပြီး ခရိုင်ရာဇဝတ်တရားသူကြီးက ရာဘက်ရာဇဝတ်တရားသူကြီးများရုံးသို့စစ်ဆေးဆုံးဖြတ်ရန် ခွဲဝေပေးရပါသည်။ ဤတွင်လည်း ခရိုင်ရာဇဝတ် တရားသူကြီးက HJC အဆိုပြုတင်ပြသည့်အတိုင်းသာ လက်မှတ်ထိုးပေးလိုက်သည်ကများပါသည်။ ရာဇဝတ်မှုများတွင်လည်း တရားသူကြီးများက စစ်ဆေးခြင်းမပြုလိုသော အမှုများလည်း ပါဝင်တတ်ရာ အချို့ရာဘက်ရာဇဝတ် တရားသူကြီးများက HJC နှင့်သင့်မြတ်အောင် ပေါင်းထားရခြင်းများလည်း ရှိတတ်ပါသည်။ ထိုခေတ်ကHJC များမှာ အများအားဖြင့် အင်္ဂလိပ်ခေတ်က ကျောင်းထွက်လက်မှတ်ရစာမေးပွဲ အောင်မြင်ထားကြသူများဖြစ်ပြီး ရှေ့ဖတ်စာရေးလုပ်သက်များသူများဖြစ်ရာ အမှုစစ်ဆေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းကို သိရှိနားလည်ထားသည့်အပြင် ဥပဒေများ၊ ဥပဒေစာအုပ်များကို ဖတ်ရှုနားလည်နိုင်သူများဖြစ်ကြပါသည်။
ကျိုက်မရောမြို့ပိုင်ရုံးမှ ပြီးပြတ်ပြီးဖြစ်သော အမှုတွဲများကို ခရိုင်ရုံးရှိ အမှုတွဲခန်းသို့ပေးပို့ရာတွင် အမှုတွဲထိန်းစာရေးအား မိမိ၏ရုံးစာရေးက ပိုက်ဆံမပေးသဖြင့် အမှုတွဲများကို လက်မခံဘဲ . . .
ခရိုင်တိုင်းတွင် HJC များ၏ အခန်းကဏ္ဍမှာ တစ်ပုံစံတည်းသာဖြစ်ပါသည်။ ခရိုင်ရာဇဝတ်တရားသူကြီး၏ လက်အောက်ခံတရားရုံးများမှ အမှုတွဲများကို တောင်းခေါ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ခရိုင်ရာဇဝတ်တရားသူကြီး၏ အာဏာအတွင်း ပြင်ဆင်ရန် လိုအပ်သည့်အမှုများကို ပြင်ဆင်မှုဖွင့်လှစ်ခြင်း၊ စီရင်ချက်ရေးသားခြင်း၊ ၎င်း၏အာဏာအတွင်း မကျရောက်သော အမှုများကို တရားလွှတ်တော်နှင့် စက်ရှင်တရားရုံးသို့ အယူခံနှင့် ပြင်ဆင်မှုတင်သွင်းရန်ရှိက ခရိုင်အစိုးရရှေ့နေနှင့် တိုင်ပင်ခြင်းလုပ်ငန်းများတွင်လည်းHJC များမှာ အရေးပါသူများဖြစ်လာကြပါသည်။မော်လမြိုင်ခရိုင်ဝန်ရုံးမှHJC မှာလည်း ရှေ့ဖတ်စာရေး၏ လုပ်သက်များသူဖြစ်ပုံရသည်။ စစ်မဖြစ်မီကကျောင်းထွက်လက်မှတ်ရစာမေးပွဲအောင်မြင်သူ ဖြစ်ဟန်တူပါသည်။ အိန္ဒိယဥပဒေပညာရှင်ကြီးများရေးသားသည့်The Law of Crime, The Code of Criminal Procedure စသည့် ဥပဒေအဖွင့်ကျမ်းများကို ဖတ်နိုင်၊ နားလည်နိုင်သူ ဖြစ်ပုံရသည်။ ခရိုင်ရာဇဝတ်တရားသူကြီးရုံး၏ အယူခံနှင့် ပြင်ဆင်မှုများတွင် ၎င်းကစီရင်ချက်မူကြမ်း တင်ပြသည်ကို ခရိုင်ရာဇဝတ်တရားသူကြီးက အတည်ပြုသည်ကများသည်။ မိမိနှင့်လည်း ဆက်ဆံရေးလည်း ကောင်းသည်။ မိမိမှာB.L.ဘွဲ့ရပြီးသူဖြစ်၍ စမ်းသပ်လို၍လား အကွက်တွေ့လျှင် ပညာပြလို၍လားမသိ မိမိစစ်ဆေးဆုံးဖြတ်သော အမှုများကို တောင်းခေါ်စိစစ်လေ့ရှိသည်။
သို့သော် တစ်မှုတလေမျှ ပြင်ဆင်မှုဖွင့်လှစ်၍ပြန်လည်ပြင်ဆင်အမိန့်ချမှတ်ခဲ့ခြင်းမရှိချေ။ အထက်တွင်ဖော်ပြခဲ့သော ရာဇဝတ်အာဏာတိုးရေးအတွက် အမှုတွဲခန်းမှ ပြန်လည်ထုတ်ယူခဲ့သောအမှုများမှာလည်း ခရိုင်ရုံးက အမှုတွဲတောင်းခေါ်ပြီးမှတ်ချက်မရှိဘဲ ပြန်ပို့ထားသော အမှုများဖြစ်သည်။ တစ်ခါသော် မလွှဲမရှောင်သာဘဲ သူနှင့် ထိပ်တိုက်တွေ့ရသည့်ကိစ္စတစ်ခုနှင့် ကြုံခဲ့ရသည်။ပြက္ခဒိန်နှစ်ကုန်တိုင်း အဆင့်ဆင့်သော တရားရုံးအားလုံးအနေဖြင့် တစ်နှစ်တာအတွင်း စစ်ဆေးဆောင်ရွက်ခဲ့သော အမှုများနှင့်စပ်လျဉ်း၍ နှစ်ချုပ်အစီရင်ခံစာပို့ရလေ့ရှိသည်။ အစီရင်ခံစာပုံစံမှာ စာတိုင်(ကော်လံ) များစွာပါဝင်သော ပုံနှိပ်ပြီးပုံစံဖြစ်သည်။ ထိုအစီရင်ခံစာပါ စာတိုင်များတွင် ဖော်ပြရန်အချက်များကို မိမိ၏ရှေ့ဖတ်စာရေးက ရာဇဝတ်မှတ်ပုံတင်စာအုပ်များမှ အချက်အလက်များကို ကူးယူဖြည့်သွင်း၍ မိမိထံတင်ပြရာ မိမိလည်း လုပ်ရိုးလုပ်စဉ်ပုံစံဖြစ်၍ အနည်းငယ်ကြည့်ရှုစစ်ဆေးပြီး လက်မှတ်ထိုးပေးလိုက်သည်။ နောက်နှစ်ပတ်လောက်ကြာသောအခါ HJC က မိမိ၏ရှေ့ဖတ်စာရေးကို ခေါ်ယူပြီး 'နှစ်ချုပ်အစီရင်ခံစာတွင် ရေးသွင်းချက်များမမှန်' ဟုဆိုကာ အသစ်ပြန်လုပ်၍ ပြန်တင်ပေးရန် ပြောကြားလိုက်သည်။ သို့ဖြင့် ရှေ့ဖတ်စာရေးစားပွဲတွင် မိမိကိုယ်တိုင်ထိုင်၍ နှစ်ချုပ်အစီရင်ခံစာအကြမ်းကို ရှေ့ဖတ်စာရေးနှင့်အတူ စာတိုင်များတွင် ခဲတံဖြင့်ဦးစွာ ဖြည့်စွက်သည်။ စာတိုင်အချို့၏ ထိပ်စီးခေါင်းစဉ်တွင် မည်သည့်စာတိုင်များရှိ ကိန်းဂဏန်းများကို မည်သို့ကိုက်ညီအောင် ညိ§ရမည်ကိုလည်း ဖော်ပြထားသည်။ ဤသို့ဖြင့် စုစုပေါင်းကိန်းဂဏန်းများကိုက်ညီသောအခါ အမှန်ရပြီဖြစ်၍ ပုံစံအချောကို ပြုစုရသည်။ မိမိကိုယ်တိုင်ဦးစီး၍ ပြုလုပ်ထားသောပုံစံမှာ မည်သို့မျှမှားရန် အကြောင်းမရှိကြောင်း မိမိသိရှိသည်။
ထိုပုံစံကိုပေးပို့ပြီးနောက် နှစ်ပတ်လောက်ကြာသောအခါ ရှေ့ဖတ်စာရေးကို ခေါ်ယူပြီး 'နှစ်ချုပ်အစီရင်ခံစာ မမှန်သေး၊ ပြန်လုပ်' ဆိုကာ ပြောလွှတ်လိုက်ပြန်သည်။ ရှေ့ဖတ်စာရေးက ''ဆရာ၊ တခြားမြို့ပိုင်ရုံးက ရှေ့ဖတ်စာရေးတွေက HJC ကို ငွေ ၄ဝ ပေးကြရတယ်။ ကျွန်တော်ကမပေးလို့ သူရစ်နေတာဆရာ၊ ကျွန်တော့်မှာလည်း လခကလွဲပြီး အပိုဝင်ငွေမရှိတာကြောင့် မပေးနိုင်လို့ပါ'' ဟု ပြောသည်။မိမိ၏ရှေ့ဖတ်စာရေးအား လက်ဖက်ရည်တစ်ခွက်ကိုပင် တိုက်သူမရှိကြောင်း မိမိကိုယ်တိုင်သိသည်။ မိမိ၏ ရုံးစာရေးများအနေဖြင့် ဤသို့လက်ဖက်ရည်ဖိုးယူခြင်း မပြုလုပ်ကြရန် မိမိက တင်းကျပ်စွာ ကြီးကြပ်ထားခြင်းကြောင့်ဖြစ်သည်။ ဤကိစ္စများကို မိမိလည်းမလုပ်၊ မိမိ၏ဝန်ထမ်းများလည်း မလုပ်စေရ၊ အခြားဝန်ထမ်းများ ဤသို့လုပ်သည်ကိုလည်း အားပေးခြင်းမရှိ၊ အပြတ်တိုက်လေ့ရှိသည့် မိမိအနေဖြင့် မနေသာတော့ဘဲ ခရိုင်ဝန်အား သွားရောက်တွေ့ဆုံ၍ တိုင်ကြားရတော့သည်။ ထိုအခါခရိုင်ဝန်က မိမိရှေ့မှာပင် ဲံဃ ကိုခေါ်ပြီး မြို့ပိုင်ရုံး ရှေ့ဖတ်စာရေးအား အစီရင်ခံစာအမှားများကို ထောက်ပြ၍ သင်ကြားပေးလိုက်ရန်ပြောပါသည်။ မိမိသည်ဤသို့ ခရိုင်ဝန်ရုံးရှိ စာရေးများက မြို့ပိုင်များအပေါ် ခေါင်းပုံဖြတ်၍ အနိုင်ကျင့်မှုများကို ပြတ်ပြတ်သားသားတိုက်ဖျက်တတ်သည့်အပြင် အစီရင်ခံစာတစ်မျိုးမျိုးနောက်ကျနေ၍ ခရိုင်ဝန်က မေးမြန်းသောအခါ၌လည်း ဘယ်နေ့ဘယ်ရက်က ပေးပို့ခဲ့ကြောင်း အထောက်အထားဖြင့် ပြန်ရှင်းပြလေ့ရှိသဖြင့် သက်ဆိုင်ရာစာရေးမှာ ခရိုင်ဝန်၏ အပြစ်တင်ခြင်းကိုခံရသောကြောင့် ခရိုင်ဝန်ရုံးစာရေးများက မိမိအား နာမည်ကောင်းတစ်ခုပေး၍ ဂုဏ်ပြုချီးမြ§င့်ထားကြောင်း ၎င်းတို့အချင်းချင်း ပြောကြသည်ကို မိမိ၏ရုံးအကူကကြားသိပြီး မိမိကိုပြန်ပြောသောကြောင့် မိမိသိရခြင်းဖြစ်သည်။ မိမိမော်လမြိုင်ခရိုင်ဝန်ရုံးသို့သွားသောအခါ ၎င်းတို့အချင်းချင်း တီးတိုးပြောကြသော စကားဝှက်မှာ ''မီးခဲလေးလာပြီ၊ ဘယ်သူ့အလှည့်လဲဟေ့'' ဟူသတတ်။
ကျိုက်မရောမြို့ပိုင်ရုံးမှ ပြီးပြတ်ပြီးဖြစ်သော အမှုတွဲများကို ခရိုင်ရုံးရှိ အမှုတွဲခန်းသို့ပေးပို့ရာတွင် အမှုတွဲထိန်းစာရေးအား မိမိ၏ရုံးစာရေးက ပိုက်ဆံမပေးသဖြင့် အမှုတွဲများကို လက်မခံဘဲ ရစ်နေသောကြောင့် ခရိုင်ဝန်အား တိုင်တန်းခဲ့ဖူးကြောင်း အထက်တစ်နေရာ၌ ဖော်ပြခဲ့ပါသည်။ ရုံးသုံးစာရေးကိရိယာနှင့် စာရွက်များ တောင်းလျှင်လည်း ဤသို့ပင်ရစ်တတ်ခြင်း၊ မိမိ၏ရုံးမှ လက်နှိပ်စက်အဟောင်းကို ပြင်ဆင်ရေးအတွက် ခရိုင်ဝန်ရုံးသို့ ပေးပို့ထားခဲ့ရာ ပြင်ဆင်ပြီးသော်လည်း ပြန်မပေးဘဲ အခြားမြို့ပိုင်ရုံးသို့ ပေးပို့ထားခြင်းတို့ကြောင့် ခရိုင်ဝန်အား မိမိက တိုင်ကြားခဲ့ရာမှ သက်ဆိုင်ရာတာဝန်ရှိသူများကို ခရိုင်ဝန်က ဆူပူကြိမ်းမောင်းခြင်းတို့ကြောင့် ခရိုင်ဝန်ရုံးရှိ စာရေးဝန်ထမ်းများက မိမိအား ''မီးခဲလေး'' ဟု အမည်ပေးထားခြင်းဖြစ်ရာ မိမိမှာ၎င်းတို့အကြားတွင် နာမည်ဆိုးနှင့် ကျော်ကြားသူတစ်ဦးဖြစ်နေသည်ကိုလည်း မိမိသိရှိခဲ့ပါသည်။ ထိုကာလအတွင်း ပို၍နာမည်ဆိုးစေမည့် အကြောင်းတစ်ရပ်မှာလည်း မိမိဘက်က အမှားမရှိဘဲလျက် ဖြစ်ပေါ်ခဲ့ရပြန်သည်။ ခရိုင်ဝန်ရုံး၏ စာရေးများနှင့် မဟုတ်ဘဲ စက်ရှင်တရားရုံးမှ စာရေးကြီးဆိုသူနှင့် ပြဿနာဖြစ်ရခြင်းဖြစ်သည်။
စက်ရှင်ရုံး၏ Head Clerk ကို ရုံးအုပ်စာရေးကြီးဟူ၍ တံဆိပ်တုံးနှိပ်၍ လက်မှတ်ရေးထိုးလေ့ရှိကြသော်လည်းအမှန်မှာခရိုင်ဝန်ရုံး၏ Head Clerk ဟူသော ရုံးအုပ်စာရေးကြီးအောက်တစ်ဆင့်နိမ့်သော အထက်တန်းစာရေးသာ ဖြစ်သည်။ မော်လမြိုင်စက်ရှင်တရားရုံး၏ ရုံးအုပ်စာရေးမှာ ဘင်္ဂလီမျိုးနွယ်၊ ဘာသာခြားဖြစ်သည်။ အမည်ကိုသိနေသော်လည်း တစ်ခါမျှမဆုံဖူးသဖြင့် လူချင်းသိရှိခြင်းမရှိပေ။ တစ်ခါသော် မှတ်မှတ်ရရ စနေနေ့ တစ်နေ့တွင်စက်ရှင်ရုံးစာရေးကြီးက အမှုတွဲတောင်းခေါ်သည့်စာတစ်စောင်ကို ၎င်း၏ရုံးမှ ဆင့်စာလုလင်တစ်ဦးကျိုက်မရောသို့ ကားဖြင့်လိုက်လာပြီး မိမိထံလာပေး၏။(ထိုအချိန်က စနေနေ့တွင် နေ့တစ်ဝက်ရုံးတက်ရသည်။) စာမှာ ၄ လက်မလောက်ရှိ ရိုးရိုးစာရွက်ပိုင်းပေါ်တွင်''မြို့နယ်ရာဇဝတ်တရားသူကြီး၊ ကျိုက်မရော'' ဟူ၍ လိပ်မူပြီး ''ကျိုက်မရောမြို့နယ် ရာဇဝတ်တရားသူကြီးရုံး၏ ခုနှစ်၊ရာဇဝတ်ကြီးမှုအမှတ် (...----) တရားခံမောင်----- ...၏ အမှုကိုပေးလိုက်ပါ'' ဟု ရေးသားပြီး ရုံးအုပ်စာရေးကြီးဆိုသူကလက်မှတ်ရေးထိုးထားသည်။
(ဆက်လက်ဖော်ပြပါမည်။)
















