၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေး

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေး

မြန်မာ့ပြည်ပဆက်ဆံရေးတွင် အိမ်နီးချင်းလည်းဖြစ်၊ နီးကပ်သည့်ဆက်ဆံရေးလည်းရှိပြီး တစ်ဖက်တွင် ကမ္ဘာ့စူပါပါဝါဖြစ်ရန်လည်း လက်တစ်ကမ်းသာလိုတော့သည့် တရုတ်နှင့်ဆက်ဆံရေးက လွန်စွာအရေးပါသည်။ ကျင့်သုံးသည့်နိုင်ငံရေးစနစ်ချင်း ခြားနားသော်လည်း အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးကို ပုံဖော်မည့် ငြိမ်းချမ်းရေးကိစ္စများတွင် တရုတ်က အရေးပါလျက်ရှိသည်။ စီးပွားရေးနှင့်ပတ်သက်လျှင်လည်း မြန်မာ၏အဓိက ကုန်သွယ်ဘက်နှင့် မြန်မာတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသူလည်းဖြစ်ကာ ယင်းစိီမံကိန်းများက အငြင်းပွား ဖွယ်ရာ အများအပြားလည်းဖြစ်နေပြန်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံခြား ဆက်ဆံရေးတွင် တရုတ်-မြန်မာ ဆက်ဆံရေးကို  ရှေ့ဆုံးမှအကျယ်တဝင့်သုံးသပ်ဖော်ပြလိုက်ရပါသည် -

၂၀၁၈ နှစ်ကုန် မြစ်ဆုံဂယက်နှင့် တရုတ်-မြန်မာဆက်ဆံရေး

ကုန်လွန်ခဲ့ပြီဖြစ်သည့် ၂၀၁၈ ခုနှစ်၏ နှစ်ဆန်းသမယ နိဒါန်းကပင် တရုတ်-မြန်မာ ဆက်ဆံရေးနှင့်ပတ်သက်၍ ဦးသိန်းစိန်အစိုးရ လက်ထက် ပြန်ကြားရေးဝန်ကြီး(ငြိမ်း) ဦးရဲထွဋ် က မှတ်ချက်စကားတစ်ခွန်း ပြောခဲ့ဖူးသည်။ ယင်းမှာ ၂၀၁၈ ခုနှစ်သည်ကား နဂါး၏ခံတွင်း သို့ မြန်မာဝင်မည့်နှစ်ဟု ဆိုခဲ့ခြင်းပင်။

စင်ကာပူ  ISEAS-Yusof ishak Institute တွင် ဧည့်ပါမောက္ခလုပ်နေသည့် ဦးရဲထွဋ်က ယင်းတက္ကသိုလ်၏ ဝက်ဘ်ဆိုက်၌  ၎င်း၏သဘောထားအမြင်ကို ၂၀၁၈ ဇန်နဝါရီ ၅ ရက်က ဖော်ပြခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများက ရခိုင် ပြည်နယ်အရေးနှင့်ပတ်သက်၍ မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ရန် ဆွေးနွေး နေစဉ် အသံတိတ်လျက် မြန်မာနှင့် နက်ရှိုင်းစွာ ပိုမိုပူးပေါင်းဆောင်ရွက်နေသည့် တရုတ်နဂါး ကြီး၏ အာခံတွင်းသို့ မြန်မာရောက်ရှိတော့ မည့်နှစ်ဟု ဖော်ပြခဲ့သည်။ သို့ဖြင့် ၂၀၁၈ ခုနှစ်ကုန်ဆုံးပြီး ၂၀၁၉ ခုနှစ် နှစ်ဆန်းချိန်တွင် အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်းအရေးနှင့် ပတ်သက်ပြီး တရုတ် သံအမတ်၏ ပြောဆိုချက်နှင့်ပတ်သက်၍ ဆူဆူ ညံညံ ဖြစ်လာသည့်အခါ ဦးရဲထွဋ်၏မှတ်ချက်ကို ပြန်၍အမှတ်ရစရာ ဖြစ်ခဲ့သည်။

တရုတ်သံအမတ်

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်ထုတ် လုပ်ရန် ဆည်တည်ဆောက်ခြင်းကို ဒေသခံ တိုင်းရင်းသားများက မဆန့်ကျင်ကြကြောင်း၊ ကန့်ကွက်သူများမှာ ပြင်ပမှပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများသာဖြစ်ကြောင်း ကချင်နိုင်ငံရေး ပါတီနှင့် လူထုလူတန်းစားအဖွဲ့အစည်းများက ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်က ၂၀၁၉ ဇန်နဝါရီလတွင် ထုတ် ပြန်လိုက်သည်မှစ၍ ဝေဖန်ကန့်ကွက်သံများ ညံခဲ့ရသည်။

ဖြစ်စဉ်က ၂၀၁၈ ခုနှစ်၏နောက်ဆုံးရက် များတွင် အစပြုခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက် ခဲ့ပြီး ကချင်သုံးပါတီဖြစ်သည့် KDP, KSDP, UDPKS တို့မှ ဥက္ကဋ္ဌများနှင့် သီးသန့်စီ တွေ့ဆုံ ခဲ့သည်။ ကချင်ပြည်နယ်တွင် လူကြိုက်များ သည့် ယင်းပါတီသုံးခုတို့သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပူးပေါင်းကြပြီး ကချင်ပြည် နယ်ပြည်သူ့ပါတီ (KSPP)အမည်ဖြင့် ရွေး ကောက်ပွဲဝင်ကြမည်ဖြစ်သည်။

ယင်းကချင်ပြည်နယ်ခရီးစဉ်နှင့် ပတ်သက် ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၃ ရက်၌ တရုတ်သံ ရုံးက မြန်မာဘာသာဖြင့် ထုတ်ပြန်ခဲ့ရာတွင်  အထက်ပါအတိုင်း စီမံကိန်းကို ဒေသခံများက မကန့်ကွက်ဟု ကချင်ပါတီများကဆိုကြောင်း ပါဝင်ခဲ့ခင်းဖြစ်သည်။ ထိုထုတ်ပြန်ချက်က မြန်မာ ပြည်သူများနှင့် မီဒီယာများအကြား များစွာဂယက် ရိုက်ခတ်ခဲ့ပြီး သံရုံးထုတ်ပြန်ချက်သည် မှားယွင်း နေကြောင်း၊ မြစ်ဆုံရေကာတာစီမံကိန်းကို ပါတီအနေဖြင့်ဖြစ်စေ၊ လူပုဂ္ဂိုလ်အရဖြစ်စေ ကန့်ကွက်မြဲကန့်ကွက်ကြောင်း သက်ဆိုင်ရာ ပါတီခေါင်းဆောင်များက ပြန်လည်တုံ့ပြန်ရှင်း လင်းရသည့်အခြေဆိုက်ခဲ့သည်။

မြစ်ဆုံစီမံကိန်း

တပ်မတော်အစိုးရလက်ထက်က တရုတ်နှင့်စာချုပ်ချုပ်ဆိုခဲ့သည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ကို ထိုစဉ်က ဒေသခံပြည်သူများအား အသိပေး ခဲ့ခြင်းမရှိပေ။ မြန်မာနိုင်ငံ၏အရှည်လျားဆုံး မြစ်ဖြစ်သည့် ဧရာဝတီမြစ်ကြီး စတင်စီးဆင်းရာ ကချင်ပြည်နယ်မြောက်ပိုင်း မေခနှင့်မလိခမြစ် နှစ်သွယ်ဆုံရာတွင် သစ်တောဧရိယာ စတုရန်း ကီလိုမီတာ ၆၀ဝ ရေဖုံးလွှမ်းစေမည့် မြစ်ဆုံ ရေကာတာကြီး တည်ဆောက်ကာ ရေအား လျှပ်စစ်ထုတ်လုပ်လျက် ထုတ်လုပ်သမျှ လျှပ်စစ် ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်သို့တင်ပို့မည့်စီမံကိန်းကြီးဖြစ်သည်။

ယင်းစီမံကိန်းသည် ၂၀၁၇ ခုနှစ်က ကမ္ဘာ ပေါ်တွင် ၁၅ ခုမြောက် အကြီးမားဆုံးရေအား လျှပ်စစ်လုပ်ငန်း ဖြစ်ခဲ့သည်။ ရေကာတာသည် မီတာ ၁၃၁၀(ပေ ၄၃၀ဝ) ရှည်လျားပြီး အမြင့် ၁၃၉ ဒသမ ၆ (၄၅၈ ပေ)ရှိကာ တရုတ်အစိုးရ ပိုင် CPI ၊ မြန်မာအစိုးရပိုင် လျှပ်စစ်ဓာတ်အား လုပ်ငန်းနှင့် အာရှဝေါကုမ္ပဏီတို့ ပူးပေါင်းဖွဲ့ စည်းထားသည့် ဖက်စပ်ကုမ္ပဏီက မဂ္ဂါဝပ် ၆၀ဝ၀ ထွက် ရေအားလျှပ်စစ်စက်ရုံ တည် ဆောက်ရန် ရည်ရွယ်ခဲ့သည်။

၂၀ဝ၀ ပြည့်လွန်နှစ်များကတည်းက စတင် စဉ်းစားခဲ့ပြီး ၂၀ဝ၉ ခုနှစ်၌ တရုတ်-မြန်မာ ပူးတွဲ၍ စတင်တည်ဆောက်ခဲ့သည့် မြစ်ဆုံရေ အားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ် ဓာတ်အား ၁၀ ရာခိုင်နှုန်းနှင့် မြေငှားခအတွက် စီမံကိန်း၏ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို မြန်မာ အစိုးရက ရရှိမည်ဖြစ်သည်။ စီမံကိန်းအပေါ် အခွန်စည်းကြပ်ခွင့်နှင့် လျှပ်စစ်ဓာတ်အား တင် ပို့မှုအတွက်လည်း အခွန်ရရှိကာ နှစ်ပေါင်း ၅၀ ပြည့်မြောက်လျှင်လည်း စီမံကိန်းတစ်ခုလုံး ကို မြန်မာက ပိုင်ဆိုင်ခွင့်ရမည်ဆိုသည်။

ယင်းကြောင့် မြန်မာအစိုးရသည် မြစ်ဆုံ စီမံကိန်းမှ အခွန်အခ၊ လျှပ်စစ်ဓာတ်အားနှင့် ရှယ်ယာများ စုစုပေါင်းလျှင် နှစ်ပေါင်း ၅၀ အတွင်း စီမံကိန်းဝင်ငွေအားလုံးပေါင်း၏ ရာခိုင် နှုန်း ၆၀ ဖြစ်သည့် အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံခန့် ရရှိနိုင်မည်ဖြစ်ရာ CPIက ရင်းနှီး မြှပ်နှံမှုကြောင့် ပြန်လည်ရရှိသည်ထက်ပင် ပိုမို များပြားမည်ဖြစ်ကြောင်း  စီပီအိုင်ဥက္ကဋ္ဌက မစားရဝခမန်း  တွက်ချက်ထားသည်ကို ဝီကီ ပီဒီယားတွင် တွေ့ရှိနိုင်သည်။

သို့သော်လည်း ပြည်သူများအကြား ပွင့် လင်းမြင်သာစွာချပြမှု မရှိခဲ့ဘဲ မြန်မာတို့၏ တန်ဖိုးအထားရဆုံး မြစ်မင်းဧရာဝတီ၏ သဘာဝ ဝန်းကျင်ပျက်စီးမှုအလားအလာနှင့် လူမှုရေး အကျိုးသက်ရောက်နိုင်ခြေတို့ကို ထည့်သွင်း စဉ်းစားမှုအားနည်းခဲ့ကြောင်း ဝေဖန်ပြစ်တင်မှု များနှင့်အတူ မြစ်ဆုံစီမံကိန်းကို ကန့်ကွက် ဆန့်ကျင်မှုများ ပြင်းထန်လာခဲ့သည်။

ကန့်ကွက်သံများ ဆူညံလာချိန်တွင် CPIက စီမံကိန်းမှထွက်သည့် လျှပ်စစ်ဓာတ်အား များကို မြန်မာနိုင်ငံက အလိုရှိလျှင် ဦးစွာသုံးစွဲခွင့်ပြုမည်ဖြစ်ပြီး ပိုလျှံသမျှကိုသာ ပြည်ပ တင်ပို့ရန်ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် ပင်မဓာတ်အားကွန်ရက်နှင့် ချိတ်ဆက်ခြင်းမပြုနိုင်သည့် ဧရိယာများစွာ ကျန်ရှိဆဲဖြစ်ရကား ကန့်ကွက်သည့် ဒေသခံ များအနေဖြင့် ရေကာတာက ၎င်းတို့နေထိုင် စားသောက်မှုကို မည်သို့တိုးတက်စေပါမည်နည်း ဟု သံသယရှိကြသည်။ ရေလွှမ်းမိုးမည့် ဧရိယာကြီးမားခြင်းနှင့် အတူ ငလျင်လှုပ်ခတ်လေ့ရှိသည့် စစ်ကိုင်း ပြတ်ရွေ့ကြောနှင့် မိုင် ၆၀ သာ ကွာဝေးသည့် အတွက်လည်း ပိုမိုစိုးရိမ်စရာဖြစ်ခဲ့သည်။ သို့ဖြင့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲဖြင့် တက်ရောက် လာသည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တွင် ပွင့်လင်းစွာ ဆန္ဒထုတ်ဖော်ခွင့်ရလာသည် နှင့်အညီ မြစ်ဆုံစီမံကိန်းကို ဒေသခံများနှင့် အတူ အနယ်နယ်အရပ်ရပ်မှပြည်သူများ၊ အဖွဲ့ အစည်းများက ဝိုင်းဝန်းကန့်ကွက်လာကြပြီး နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ၌ ယင်းစီမံ ကိန်းကို ၄င်း၏အစိုးရလက်ထက်တွင် ရပ်ဆိုင်း ကြောင်း ဦးသိန်းစိန်အစိုးရက ကြေညာခဲ့သည်။

ယင်းနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီ အစိုးရ တက်ရောက်လာသည်။ နိုင်ငံတော်၏အတိုင်ပင်ခံဖြစ်လာသည့် ဒေါ်အောင်ဆန်း စုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က မြစ်ဆုံစီမံကိန်းစာချုပ်ကို ပြည်သူအား ချပြမည် ဟု ပြောဆိုခဲ့သော်လည်း ယနေ့တိုင်အောင် ယင်းသို့ ဆောင်ရွက်နိုင်ခြင်းမရှိဟု ဝေဖန်ခံနေ ရသည်။

နိုင်ငံကြီးများ၏ မဟာဗျူဟာ

ဤသည်က ပြည်တွင်းအခြေအနေဖြစ်ပြီး တရုတ်နှင့် အမေရိကန်ကဲ့သို့ နိုင်ငံကြီးများ၏ မဟာဗျူဟာအမြင်၌မူ ပိုမိုကျယ်ပြန့်သည်။ တရုတ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့် အတွင်း အရှေ့တောင်အာရှတွင် မူဝါဒရေးရာ အကြီးအကျယ် အောင်မြင်ခဲ့ပြီး အာဆီယံ တစ်နိုင်ငံချင်းစီနှင့်လည်း ဆက်ဆံရေးတိုးတက်ခဲ့ သည်။ ယဉ်ကျေးမှုတော်လှန်ရေးနောက်ပိုင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုအပြင် နိုင်ငံခြားရေး မူဝါဒကို ပြောင်းလဲဖော်ဆောင်လျက် ဒေသတွင်း နိုင်ငံများကို ၎င်းအပေါ် သစ္စာခံစေတော့မည် မဟုတ်ကြောင်း ပြသခဲ့သည်။ အာဆီယံချစ် ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်၌ ဝင်ရောက်လက်မှတ်ထိုးခြင်းဖြင့် အပြုသဘောအမြင်ရှိစေခဲ့သည်။

သို့သော်လည်း ၂၀၁၀ ပြည့်နှစ်မှစ၍ တောင်တရုတ်ပင်လယ် နယ်နိမိတ်အငြင်းပွားမှု မြင့်တက်လာပြီးနောက် ဒေသတွင်းအချို့နိုင်ငံ များတွင် စိုးရိမ်စိတ်များ ပြန်လည်ပေါ်ပေါက် လာသည်။ အမေရိကန်ကလည်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် တောင်းဆိုလျက် တောင်တရုတ်ပင်လယ်အရေး၌ ပတ်သက် လာရာ တရုတ်ဘက်က ၎င်းကို ကန့်သတ်ဝန်း ပတ်မည်လောဟု စိုးရိမ်လာသည်။ တရုတ်တို့တည်ဆောက်နေသည့် ကျွန်းတုများ အနီး အမေရိကန်စစ်သင်္ဘော ဖြတ်သန်းမောင်း နှင်၍ တရုတ်က ဒေါသတကြီးကန့်ကွက်ကြောင်း သတင်းမျိုးမှာ ၂၀၁၈ ခုနှစ်အတွင်း မကြာခဏ တွေ့ရနိုင်သည်။ မည်သည့်နိုင်ငံတစ်ခုတည်း ကမျှ ပင်လယ်ကို ထိန်းချုပ်နိုင်မည်မဟုတ်ဟု အမေရိကန်က နားချသော်လည်း တရုတ်က မယုံကြည်။

ဤသို့သောအခြေအနေတွင် မြန်မာနိုင်ငံ၌ တရုတ်နှင့်ဆက်ဆံရေး အလွန်ကောင်းခဲ့သည့် တပ်မတော်အစိုးရကိုဆက်ခံသူ သမ္မတဦးသိန်း စိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ လ၌ မြစ်ဆုံစီမံကိန်း ရုတ်တရက်ဆိုင်းငံ့ခံလိုက် ရပြီး ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ အလည်ရောက်လာသည့်အခါ တရုတ်အတွက် သံသယဝင်စရာအချက်များ ပိုတိုးပွားလာခဲ့ဖွယ် ရှိသည်။ ထိုစဉ်က တရုတ်သည် အလစ်အငိုက် အရှိုက်ထိသလို ခံစားခဲ့ရကြောင်း နိုင်ငံတကာ စာနယ်ဇင်းများက သုံးသပ်ခဲ့ကြသည်။ မည်သို့ဖြစ်စေ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခဲ့ သည့် ၂၀၁၁ ခုနှစ်၌ မြန်မာနိုင်ငံသည် အမေ ရိကန်နှင့် အနောက်ဥရောပအတွက် ကမ္ဘာတွင် ထောက်ခံအားပေးချင်စရာ အကောင်းဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်၌မူ အခြေအနေက အလွန်ကွာခြားလာခဲ့လေသည်။

ဒုက္ခသည်အကျပ်အတည်း

၂၀၁၈ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကျပ်အတည်း ကြောင့် မကြုံစဖူး နိုင်ငံတကာဖိအား သက် ရောက်ခြင်းခံရပြီး ယင်းဖိအားဒဏ်ကို သက် သာရာသက်သာကြောင်း ကူညီသူ အနည်းငယ် တွင် အိမ်နီးချင်း တရုတ်နိုင်ငံက ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည် နယ်တွင် နယ်ခြားစောင့်ရဲစခန်းများ၊ ရခိုင်တိုင်း ရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များအား ဘင်္ဂါလီများကိုအခြေခံသည့် ARSA အကြမ်း ဖက် သောင်းကျန်းသူများက တိုက်ခိုက်ခဲ့၍ တပ်မတော်က ပြန်လည်ရှင်းလင်းရာတွင် ရခိုင် ပြည်နယ်မှ ဘင်္ဂါလီများသိန်းချီ၍ ဘင်္ဂလားဒေ့ရှ် ဘက်ထွက်ပြေးသွားခဲ့ရာမှ အကျပ်ဆိုက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ထုတ်ပြန်ချက်အရ ၎င်းတို့ ကိုယ်၎င်း ရိုဟင်ဂျာဟုဆိုသူ ဘင်္ဂါလီခုနစ်သိန်း ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ထပ်မံရောက် ရှိလာပြီး လူသားချင်းစာနာမှုအရ လက်ခံထား သည်ဟုဆိုခဲ့သည်။ ထိုအခါ အရေအတွက် များပြားသည့် ဒုက္ခသည်အကျပ်အတည်းတစ်ခု ဖြစ်လာခဲ့ပြီး ယင်းသြို့ဖစ်ရခြင်းသည် မြန်မာ လုံခြုံရေးတပ်ဖွဲ့များ၏  အချိုးမညီတုံ့ပြန်မှု ကြောင့်ဖြစ်ကြောင်း စွပ်စွဲချက်များလည်း ပေါ် ပေါက်လာကာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သည့် အရပ်သားအစိုးရသစ်အတွက် အကြီးမား ဆုံးစိန်ခေါ်မှု ဖြစ်လာခဲ့သည်။ ယင်းစိန်ခေါ်မှုကို ကုလသမဂ္ဂစင်မြင့်တွင် မြန်မာဘက်မှ ရပ်တည်ပေးမည့် ဗီတိုအာဏာ ပိုင်ရှင်နှစ်ဦးရှိနေပြီး ၎င်းတို့မှာ ရုရှားနှင့် တရုတ် ဖြစ်သည်။

တရုတ်အကျိုးစီးပွား

တကယ်တော့ အငြင်းပွားဖွယ်ရာမြစ်ဆုံ စီမံကိန်းအရေးကို တရုတ်ကခြိမ်းခြောက်သကဲ့ သို့ ပြောဆိုသည်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ သည် ပထမဆုံးအကြိမ်မဟုတ်ချေ။ ၂၀၁၆ ခုနှစ် အတွင်းကဆိုလျှင် ရန်ကုန်တွင် တရုတ်သံအမတ် က အမေရိကန်သံအမတ်အား တရုတ်အကျိုး စီးပွားကိုလေးစားသောအားဖြင့် ကချင်ပြည်နယ် မြောက်ပိုင်း သို့မဟုတ် ရှမ်းပြည်နယ် အရှေ့ပိုင်း ကို မသွားစေလိုကြောင်း ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် တရုတ်၏အကျိုးစီးပွား ဆိုသည်ကလည်း ကုန်းတွင်းပိတ်အနောက် တောင်ပြည်နယ်ကို အိန္ဒိယသမုဒ္ဒရာအတွင်း ထွက်ပေါက်ရရေးအပါအဝင် မဟာဗျူဟာရည် မှန်းချက် ကျယ်ပြောလှသည်။ မြစ်ဆုံဆည် သည်ပင် ယူနန်ပြည်နယ်နှင့် အခြားတရုတ် တောင်ပိုင်းဧရိယာများအတွက် လျှပ်စစ်ဓာတ် အားအထောက်အပံ့ပြုမည်ဖြစ်ကာ ယင်းဧရိသာ သည် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ Myanmar-China Economic Corridor (MCEC)နိဒါန်းချီရာ ဖြစ်နိုင်သည်။ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ (MCEC)  သည် တရုတ်၏ ခါးပတ်နှင့်လမ်းကြောင်း သဘောထားအမြင် (BRI) ၏ အကိုင်းအခက် တစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် MCEC ကို ပဲ့ကိုင်မည့် လုပ်ငန်းကော်မတီဥက္ကဋ္ဌနေရာတွင် ခန့်အပ်ခံခဲ့ရသည်။ ယင်းနောက် ဒီဇင်ဘာလ ကုန်ပိုင်း တရုတ်သံအမတ်၏ မြစ်ကြီးနားခရီး စဉ်၌ ပြောဆိုမှုတွင် ဒေါ်အောင်ဆန်းစုကြည် သည် မြစ်ဆုံဆည်အရေးနှင့် ပတ်သက်လျှင်  စိတ်ပြောင်းသွားပြီဖြစ်ကြောင်း ပါဝင်ခဲ့၍ ပိုမို၍ ဂယက်ရိုက်စရာ ဖြစ်ခဲ့သည်။

သို့ဖြင့် ရန်ကုန်တွင် တရုတ်သံအမတ်က အမေရိကန်သံအမတ်ကို တရုတ်နယ်စပ်ဘက် မသွားရန် သတိပေးခဲ့ပြီး နှစ်နှစ်အကြာ ၂၀၁၈ ခုနှစ်၌ တရုတ်သည် မြန်မာနိုင်ငံအခြေပြု မူဝါဒနှင့် စီမံကိန်းများတွင် ပိုမိုအားကောင်း သည့် အနေအထားကို ရောက်ရှိနေခဲ့ပြီဖြစ် သည်။ အမေရိကန်သည်ကား အစိုးရကတစ်မျိုး၊ လွှတ်တော်ကတစ်ဖုံ မြန်မာကို ဘင်္ဂါလီအရေး နှင့်ပတ်သက်၍ အမျိုးမျိုးဖိအားပေးနေချိန်ဖြစ် သည်။ မြန်မာစစ်ဘက်ဆိုလျှင် ဘင်္ဂါလီအရေး ကြောင့် အမေရိကန်က အကန့်အသတ်ဖြင့်ပိတ် ဆို့အရေးယူထားသည့် အခြေဆိုက်နေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် နိုင်ငံတော်၏အတိုင်ပင်ခံ တာဝန်မယူမီက လူမှုအခွင့်အရေးနှင့် ဒီမိုကရေစီလိုလားသူ တို့၏သင်္ကေတအဖြစ် အနောက်တိုင်း၏ အကြီး အကျယ်ချီးမြှောက်ခံခဲ့ရသည်။ သို့သော် ဘင်္ဂါလီ များအပေါ် ရက်စက်မှုများကို ပြစ်တင်ရှုတ်ချရန် ငြင်းဆိုခဲ့ပြီးနောက် အနောက်တိုင်းသည် ၎င်းတို့ ချီးမြှောက်ခဲ့သည့် ဘွဲ့ထူး၊ ဂုဏ်ထူး ဆုတံဆိပ် များစွာကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ယင်း အဖြစ်သည် ယခင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့သည့် အနောက်တိုင်းနှင့် ဝေးကွာ သွားစေကာ ကြိုမြဲကြိုလင့်နေသည့် တရုတ်တို့ နှင့် နီးစပ်ရန် လက်ခံယုံကြည်သွားစေခဲ့ကြောင်း လည်း သုံးသပ်မှုများ ပေါ်ထွက်လာခဲ့သည်။

BRI သည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် လွှမ်းမိုး နိုင်ရေးအတွက် မျက်နှာဖုံးပါးပါးလေး လွှမ်းခြုံ ထားသော ကိုလိုနီလက်သစ်ဝါဒတစ်မျိုး ဖြစ် သည်ဟူသော ပြင်းထန်သောအယူအဆရှိသူ များလည်း ရှိသည်။ အိမ်ရှင်နိုင်ငံကို ကြွေးမြီ ဝန်ပိစေပြီး တရုတ်သာအကျိုးရှိစေမည်ဟု ဝေဖန်ကြသူတွေ မနည်း။ အနည်းဆုံးအားဖြင့် စီမံကိန်းများသည် သယံဇာတခွဲဝေရေး၊ လူမှု ရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုအတွက် ချင့်တွက် မှုများတွင် ရှင်းလင်းပြတ်သားသည့် လုပ်ထုံး လုပ်နည်းများ လိုအပ်ကြောင်း ပြောဆိုကြသည်။ မြစ်ဆုံစီမံကိန်းကို ပြည်သူများအကြား ချပြ မည်ဟု အင်န်အယ်လ်ဒီပြောဆိုခဲ့သည်ကို မျှော်လင့်နေကြသည်မှာ ဤကဲ့သို့သော စိုးရိမ် ပူပန်မှုများကြောင့်ဖြစ်သည်။

မြန်မာပြည်သူအများစုက တရုတ်လွှမ်း မိုးမှုကို မလိုလားကြသည့်တိုင် အနောက်တိုင်း၏တစ်ဖန် လျစ်လျူရှုများ ခံစားနေရသည့် မြန်မာ အတွက် တရုတ်ဖိအားကို ကြံ့ကြံ့ခံနိုင်ပါမည်လား မေးစရာလည်း ရှိနေသည်။ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးတွင် ရာခိုင်နှုန်း ၄၀ နီးပါးသည် တရုတ်နှင့်ဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်က ထုတ်ပြန်ထားသည်။ မြန်မာရရှိထား သည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ၏ ရာခိုင်နှုန်း ၄၀ မှ ရာခိုင်နှုန်း ၅၀ အတွင်းမှာ ဟောင် ကောင်နှင့်မကာအိုအပါအဝင် တရုတ်မှဖြစ် ကြောင်း တရုတ်တရားဝင်သတင်းက ဆိုသည်။ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုမှာပင် အနောက်တိုင်းထက် တရုတ်ခရီးသွား ပိုအဝင် များလာသည့် မြန်မာသည် စီးပွားရေးအရ တရုတ်ကို ပိုမိုမှီခိုလာရဖွယ်ရှိသည်။ ထို့ထက် ပို၍ ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး အနောက် နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှုကို ကုလသမဂ္ဂတွင် ရင်ဆိုင်ရာ၌ တရုတ်၏ နိုင်ငံရေးနှင့်သံတမန် ရေးအထောက်အပံ့ကို ၂၀၁၈ ခုနှစ်အတွင်း များစွာရရှိခဲ့ပြီး ဆက်လက်၍ အလွန်လိုအပ် နေဆဲဖြစ်သည်။

ထို့အပြင် လက်ရှိမြန်မာအစိုးရ ထိပ်ဆုံးမှ အလေးထားသော်လည်း ဒယိမ်းဒယိုင်ဖြစ်နေ သည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက် ၍လည်း တရုတ်သည် ပြင်ပမှနေ၍ အဓိက ကြားဝင်အကျိုးဆောင်သူနေရာကိုလည်း ရယူ ထားသည်။ ယင်းကြောင့်ပင် တရုတ်နယ်စပ် ဘက် မြန်မာနိုင်ငံ၏တိုက်ပွဲများဖြစ်ရာဒေသသို့ အနောက်တိုင်းသံတမန်များ မသွားစေလိုကြောင်း တရုတ်သံအမတ် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု မြန်မာ့အရေးလေ့လာသူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက မကြာမီက ရေးသားခဲ့ သည်။ ၂၀၁၈ နှစ်ကုန်တွင် တရုတ်သံအမတ်၏ပြောဆိုချက်ကြောင့်သာ  မြန်မာပြည်မြောက် ပိုင်းမှ မြစ်ဆုံအရေးက တစ်ဖန်ဆူညံခဲ့သော် လည်း တရုတ်၏အာရှဆိုင်ရာ မဟာဗျူဟာတွင် သမုဒ္ဒရာနှစ်စင်းအသုံးပြုနိုင်ရေးအတွက် မြန်မာ နိုင်ငံ  အနောက်ပိုင်းက ပိုမိုအရေးပါလှသည်။ တရုတ်အတွက် အရှေ့တောင်အာရှမှ မြန်မာ နိုင်ငံနှင့် တောင်အာရှမှ ပါကစ္စတန်တို့ကိုဆက် နွှယ်၍ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်များ ရလိုခြင်းဖြစ်သည်။ 

တရုတ်အတွက် မဟာ ဗျူဟာမြောက် ထောက်ပံ့ရေးလမ်းကြောင်းတစ်ခု ဖြစ်သည့် မလက္ကာရေလက်ကြားကို ရှောင်ကွင်း လျက် နောက်ထပ်ဗျူဟာမြောက် အရန်ထောက် ပံ့ရေးလမ်းကြောင်းတစ်ခုအဖြစ် စဉ်းစားသည့် အခါ မြန်မာဆိပ်ကမ်းများနှင့် ကုန်းတွင်းလမ်း ကြောင်းများက အရေးပါလာခြင်းဖြစ်သည်။

ရေ နံဓာတ်ငွေ့ပိုက်လိုင်းနှင့် ကျောက်ဖြူဆိပ်ကမ်း

တရုတ်အတွက် စွမ်းအင်ဆိုင်ရာ အရေး ပါသောစီမံကိန်းတစ်ခုဖြစ်သည့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ကို ၂၀ဝ၉ ခုနှစ်၌ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။ တရုတ်ကုမ္ပဏီ CNPC က ၅၁ ရာခိုင်နှုန်း၊ မြန်မာအစိုးရပိုင် MOGE က ၄၉ ရာခိုင်နှုန်းအသီးသီးပိုင်ဆိုင် သည့် ယင်းစီမံကိန်းဖြင့် ကျောက်ဖြူဆိပ်ကမ်း မဒေးကျွန်း၌ တရုတ်မှာယူသည့် ရေနံတင် သင်္ဘောများဆိုက်ကပ်ပြီး တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကူမင်းရှိ ရေနံချက်စက်ရုံကို ပိုက်လိုင်း များဖြင့် ပေးပို့သည်။ ပိုက်လိုင်းအရှည် ၇၇၁ ကီလိုမီတာရှိသည့် ယင်းစီမံကိန်းအရ ရေနံစိမ်းပို့လွှတ်မှုကို ၂၀၁၇ ခုနှစ်ကစတင်ခဲ့ပြီး လက်ရှိတစ်ရက်လျှင် ရေနံ စည်ပေါင်း ၄၄၂၀ဝ၀ ပို့လွှတ်နိုင်သည်။ ရေနံ ပိုက်လိုင်းတည်ဆောက်မှု ကုန်ကျစရိတ်မှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ဖြစ်ခဲ့သည်။ အလားတူ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုလည်း ၂၀၁၃ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့၍ ဓာတ်ငွေ့များ တရုတ်နိုင်ငံသို့ ပို့လွှတ်နိုင်ခဲ့ပြီဖြစ်သည်။ ယင်းပိုက်လိုင်းစီမံကိန်းသည်လည်း တပ်မတော်အစိုးရလက်ထက် ၂၀ဝ၉ ခုနှစ်တွင် တရုတ်-မြန်မာ စတင်သဘောတူညီခဲ့ကြခြင်း ဖြစ်ပြီး နှောင့်နှေးကြန့်ကြာမှုများစွာနှင့် ကန့် ကွက်မှုအချို့ရှိခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင်မှ ရေနံတင်ပို့မှု စတင်နိုင်ခဲ့ကာ မြန်မာသည် ပိုက်လိုင်းဖြတ်သန်းခ ဈေးနှုန်း အနိမ့်သာရရှိကြောင်း sourcewatch.org က ဖော်ပြခဲ့သည်။

တရုတ်အတွက်မူ ဤပိုက်လိုင်းက အရှေ့ အလယ်ပိုင်းနှင့်အာဖရိကမှ ရေနံများကို သယ် ယူရာတွင် မလက္ကာရေလက်ကြားကိုဖြတ်သန်း ၍ တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက် ခြင်းကိုရှောင်ရှားပြီး လျင်မြန်စွာ တင်သွင်းနိုင်ခဲ့ သည်။ပိုက်လိုင်းအဆုံးသတ်သည့် ပက်ထရိုချိုင်း နား ရေနံချက်စက်ရုံသည် တစ်နှစ်လျှင် ရေနံ တန်ချိန် ၁၃ သန်း ချက်လုပ်နိုင်စွမ်းရှိရာ ၎င်း အတွက် မဟာဗျူဟာအကျိုးရှိမှုကို ချင့်ချိန် နိုင်သည်။ စီမံကိန်းစတင်ချိန်သည် တပ်မတော်အစိုးရ ခေတ်ဖြစ်၍ စီမံကိန်းအတွက် မဒေးကျွန်းမှ ဒေသခံများ၏မြေကို သိမ်းပိုက်ခြင်း သို့မဟုတ် ပေးသည့်ဈေးနှင့် ရောင်းချခြင်း ပြုလုပ်ခဲ့ကြ ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။စီမံကိန်း စတင်လည်ပတ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် မတ်လတွင်ကား ရခိုင်ပြည်နယ် တွင် သဘာဝပိုက်လိုင်းစီမံကိန်းအတွက် မြေ သိမ်းခံခဲ့ရသူများ လျော်ကြေးရရှိရေး ဆန္ဒပြ ချီတက်မှုတစ်ရပ် လူ ၆၀ဝ ခန့်နှင့် ဖြစ်ပေါ်ခဲ့ ခြင်းက ဒေသခံများ၏ မကျေနပ်မှုပုံရိပ်တစ်ခု ဖြစ်ခဲ့သည်။

ကျောက်ဖြူဆိပ်ကမ်း၊ စီးပွားရေးဇုန်နှင့် လမ်းများ

၁၂၁၅ ကီလိုမီတာ ရှည်လျားသည့် ကျောက် ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်ရန် တရုတ် က ကမ်းလှမ်းခဲ့ပြီးနောက် တရုတ်-မြန်မာ နားလည်မှုစာချွန်လွှာကို သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၌ လက်မှတ် ရေးထိုးခဲ့သည်။ နောက်ထပ် မြန်မာနိုင်ငံ အတွင်း တရုတ်၏ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကလည်း ကျောက်ဖြူကိုပင် အခြေပြု သည်။ ဟက်တာ ၁၆၀ဝ(ဧက ၄၀ဝ၀) အကျယ် ရှိမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက် ရေးစီမံကိန်းများဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် တွင် public-private partnerships စနစ် ဖြင့် တည်ဆောက်ပေးရန် တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၅ ဒီဇင်ဘာလ၌ တင်ဒါအောင်မြင်သူများ ကြေညာခဲ့ရာတွင် တရုတ်ကုမ္ပဏီအများစုပင် ရွေးချယ်ခံခဲ့ရသည်။

ယင်းနောက် အင်န်အယ်လ်ဒီအစိုးရလက် ထက်တွင် ကျောက်ဖြူဆိပ်ကမ်းစီမံကိန်း၏အရွယ်အစားကို မြန်မာဘက်က လျှော့ချခဲ့သည်။ မူလက အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ခဲ့ခြင်းကို တရုတ်နှင့်ညှိနှိုင်း၍ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံသာ အကုန်အကျခံရန် မြန်မာဘက်က ဆုံးဖြတ်ခဲ့သည်။ တရုတ်ကုမ္ပဏီများဘက်ကမူ ဆွေးနွေးဆဲအဆင့်ဟုသာ နားလည်ကြောင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဆိုသည်မှာ အဆင့်လေးဆင့်တွင် ကနဦးအဆင့်အတွက် သာလုံလောက်ကြောင်း ပြောဆိုခဲ့သည်။ စင်စစ် ကျောက်ဖြူဆိပ်ကမ်းသည် တရုတ် ၏ မဟာစီမံကိန်းရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်သွယ်အစီအစဉ်၏ အဓိကကျသည့်တစ်နေရာ တွင် ရှိနေသည်။ အင်န်အယ်လ်ဒီအစိုးရက ညှိနှိုင်းရာတွင် မူလက စီမံကိန်း၏ ၁၅ ရာခိုင် နှုန်းသာ မြန်မာနှင့်သက်ဆိုင်ရာက ၃၀ ရာခိုင် နှုန်းအထိ သက်ဆိုင်လာကြောင်းလည်း ပြည် တွင်းသတင်းများ၌ ဖော်ပြခဲ့သည်။ သမ္မတဦးသိန်းစိန်လက်ထက် တင်ဒါခေါ်ယူ စဉ်က အမေရိကန်နှင့်အနောက်နိုင်ငံများ လာရောက် ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ခဲ့သော် လည်း ၎င်းတို့မလာရောက်ခဲ့ကြသဖြင့် လာ ရောက်သည့် တရုတ်ကုမ္ပဏီများကိုသာ ရွေး ချယ်ခဲ့ရခြင်းဖြစ်ကြောင်း ထိုစဉ်က တင်ဒါရွေး ချယ်ရေးဥက္ကဋ္ဌ ဒေါက်တာကံဇော်က ဧရာဝတီ မီဒီယာသို့ ပြောထားခဲ့ဖူးသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်

၂၀၁၈ ခုနှစ်အတွင်း မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များတွင် တရုတ်သည် ပြင်ပမှ အကျိုးဆောင်ညှိနှိုင်းပေးသူအဖြစ် ပါဝင်ခဲ့ သည်များ ရှိခဲ့သည်။ ဤသည်မှာလည်း အဆန်း မဟုတ်။ မြန်မာတိုင်းရင်းသား လက်နက်ကိုင် များဖြစ်သည့် ကေအိုင်အေနှင့် 'ဝ'၊ ကိုးကန့်၊ ပလောင်၊ ရှမ်းလက်နက်ကိုင်များသည် တရုတ် လက်နက်များကို အနည်းနှင့်အများ ကိုင်စွဲ ထားသည်။ အတိတ်က အရှေ့မြောက်ဒေသ ဗကပကိုဖန်တီးပေးခဲ့သော တရုတ်သည် ဗကပ ကို ဒေသခံတိုင်းရင်းသားများက လက်မခံဘဲ တော်လှန် ပုန်ကန်ခဲ့သည့်နောက်ပိုင်း ယင်းတိုင်း ရင်းသား အဖွဲ့အစည်းများဖြစ်သည့် 'ဝ' နှင့် ကိုးကန့်အဖွဲ့တို့ကို ဆက်လက်၍ ထောက်ပံ့ခဲ့ သည်။'ဝ'နှင့်ကိုးကန့်တို့သည် မြန်မာ့တပ်မတော် နှင့်လည်း အပစ်ရပ်စဲခဲ့ပြီးနောက် တပ်မတော် အစိုးရလက်ထက်တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီးနောက် မျက်မှောက်အချိန် တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများ အသီး သီးရရှိထားသည်။

လက်နက်များလည်း ဆက် လက်ကိုင်စွဲခွင့်ရရှိထားရာ UWSA 'ဝ' လက် နက်ကိုင်အဖွဲ့ဆိုလျှင် ခေတ်မီလက်နက်အပြည့် အစုံနှင့် တပ်ဖွဲ့ဝင်အင်အား ၂၀ဝ၀ဝ ခန့်ရှိ သည်ဟု ဆိုသည်။ ကေအိုင်အေခေါ် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သည်လည်း တရုတ်-မြန်မာ နယ်စပ်တစ်ကြောကို ထိန်းချုပ်ထားသည့် အင်အားကြီးလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ ကေအိုင်အေတို့သည် တရုတ်ပုံစံ အေကေ မောင်းပြန်ရိုင်ဖယ်များ ထုတ်လုပ်သုံးစွဲနိုင်သည် ဖြစ်ရာ တရုတ်လွှမ်းမိုးပတ်သက်မှုမှာ ထင်ရှား လှသည်။ ကေအိုင်အေနှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာရသူ ဒေသ ခံပေါင်း တစ်သိန်းကျော်ရှိပြီး ယင်းအနက် ကေအိုင်အေထိန်းချုပ်နယ်မြေမှ ဒုက္ခသည် များ၏ ရိက္ခာနှင့်ဆေးဝါးအတွက် တရုတ် ထောက်ပံ့မှုကို မှီခိုနေရသည်ဖြစ်ရာ တရုတ် ဖိအားကို ကေအိုင်အေမလွန်ဆန်နိုင်သည်မှာ မဆန်းဟု လေ့လာသူများက သုံးသပ်ကြသည်။ တစ်ဖန် ကေအိုင်အေနယ်မြေတွင် ဖွဲ့စည်း ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ယခုနောက်ဆုံး စစ်မီး မွှေးနေသည့် အေအေခေါ် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သည်လည်း တရုတ်လက် နက်များပင် အဓိကကိုင်စွဲထားသည်။

တရုတ် ကုန်းတွင်းပိတ်ဒေသများအတွက် ပင်လယ် ထွက်ပေါက်ရရန် အရေးပါသည့် ကျောက်ဖြူ ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်မှဖြစ်ခြင်းနှင့် တရုတ်-မြန်မာရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း မြန်မာနိုင်ငံကို ဖြတ်သန်းရာတွင် ရခိုင်ပြည် နယ်သည် အဓိကနေရာမှ ပါဝင်နေခြင်းကြောင့် အေအေနှင့်ပတ်သက်၍လည်း အနာဂတ်၌ တရုတ်မပါဝင်လာစရာ အကြောင်းမရှိနိုင်ဟု ယုံကြည်ရပြန်သည်။

၂၀၁၈ တရုတ်-မြန်မာဆက်ဆံရေး သုံးသပ်ချက်အနှစ်ချုပ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းတွင် ပြန် ကြားရေးဝန်ကြီး(ငြိမ်း) ဦးရဲထွဋ် မှန်းဆသကဲ့ သို့ ၂၀၁၈ ခုနှစ်သည် နဂါးကြီး၏ခံတွင်းသို့ မြန်မာနိုင်ငံဝင်ခဲ့ပါသလားဆိုလျှင် တရုတ်နဂါး ကြီးဘက်ကတော့ ဝင်နေပြီ၊ ငုံထားမိပြီဟု သဘောပိုက်သလား တွေးစရာဖြစ်လာသည်။ ထိုအတွေးအတွက် သက်သေက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ခါနီးတွင် မြစ်ကြီးနား၌ ပြော ခဲ့သည့် တရုတ်သံအမတ်၏ မြစ်ဆုံနှင့်ပတ်သက် သည့်စကားဖြစ်သည်။ ကွန်မြူနစ်စနစ်ကဲ့သို့ ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်သည့် နိုင်ငံတိုင်းလိုလိုက အာဏာပိုင် တို့၏ဆန္ဒကို ပြည်သူ့ဆန္ဒအဖြစ် ဖော်ပြလေ့ ရှိကြသည်။

သို့သော် အခြားနိုင်ငံတစ်နိုင်ငံမှ တိုင်းရင်းသားအုပ်စုတစ်စု၏ဆန္ဒအဖြစ် မိမိ လိုအင်ဆန္ဒကို သိသိသာသာ တစ်ဖက်သတ် ဖော်ပြပုံမျိုးကတော့ အတန်ငယ် ရှားပါးပါလိမ့် မည်။ ထို့အတွက် ဒေသခံတို့နှင့်ကျန်တိုင်းရင်း သား ပြည်သူများသည် ၂၀၁၉ နှစ်ဆန်းချိန် တွင် ယခင်ဖော်ပြခဲ့ပြီးဆန္ဒများကို ထပ်မံပဲ့တင် ထပ်နေသည်။ မြန်မာတို့ကတော့ နဂါးအလိုကျသက် သက် နဂါးခံတွင်းကိုမဝင်လို၊ အိမ်နီးချင်းဟူ သည် ရွေးချယ်ခွင့်မရသည်ဖြစ်ရာ စူပါပါဝါ ဖြစ်လာမည့် တရုတ်နဂါးကြီးနှင့် အပြန်အလှန် သူမနာ ကိုယ်မနာ ညှိနှိုင်းမှုဖြင့် ဆက်ဆံသွား ရမည်ကို ယေဘုယျအားဖြင့် မြန်မာတိုင လက်ခံနိုင်မည်ဖြစ်သည်။ တရုတ်အတွက်လည်း ပြည်တွင်းပြဿနာ များပြားလှသည့် အိမ်နီးချင်းမြန်မာသည် ထွေး မရအန်မရ စားမြိန်ထုပ်ဖြစ်သလို ၎င်း၏အနာ ဂတ်မဟာဗျူဟာအရလည်း အရေးပါနေဦးမည် ဖြစ်ရာ ယင်းအချက်ကို မိမိရရကိုင်စွဲ၍ မြန်မာ တို့အနေဖြင့် တရုတ်-မြန်မာဆက်ဆံရေးတွင် မိမိတို့အမျိုးသားအကျိုးစီးပွားအတွက် အမြင့် မားဆုံးအခြေအနေကို အလေးအနက် တွက်ချက်ဖော်ဆောင်နိုင်ပါစေကြောင်း သုံးသပ်ဖော်ပြ လိုက်ရပါသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021