မူဆယ်တွင်အလုပ်ကောင်းသည်ဟုပြောဆိုစည်းရုံးကာ တရုတ်မယားအဖြစ်ရောင်းချခဲ့သူ နှစ်ဦးကို အမှုဖွင့်

မူဆယ်တွင်အလုပ်ကောင်းသည်ဟုပြောဆိုစည်းရုံးကာ တရုတ်မယားအဖြစ်ရောင်းချခဲ့သူ နှစ်ဦးကို အမှုဖွင့်

မူဆယ်တွင် အလုပ်အကိုင်ပေါပြီး ဝင်ငွေကောင်းကြောင်းပြောဆိုစည်းရုံးကာ တရုတ်မယားအဖြစ် ရောင်းချခဲ့သည်ဆိုသူ နှစ်ဦးကို သက်ဆိုင်ရာက လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဇန်နဝါရီ ၂၄ ရက်က သိရသည်။

ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၌ တရုတ်နိုင်ငံသို့ရောင်းစားခံခဲ့ရသည်ဆိုသည့် အမျိုးသမီးတစ်ဦး ပြန်လည်ရောက်ရှိနေကြောင်းသတင်းအရ  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးဝေလွင်က သွားရောက်မေးမြန်းခဲ့သည်။
စစ်ဆေးမေးမြန်းချက်အရ တရုတ်နိုင်ငံသို့ရောင်းစားခံရသူမှာ မှော်ဘီမြို့နယ်နေ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ၂၀၁၈ ခုနှစ် မေ ၂၉ ရက်တွင် ရွှေပြည်သာမြို့နယ်ရှိ သာဓုကန်ဘုရားသို့ရောက်ရှိစဉ် မှော်ဘီမြို့နယ်နေ နိုင်လင်း(ခ)ချစ်ထွေး (၃၀ နှစ်)နှင့် တွေ့ဆုံခဲ့ရာ ၄င်းက မူဆယ်မြို့၌ အလုပ်အကိုင်ပေါပြီး ဝင်ငွေကောင်းကြောင်းပြောဆိုစည်းရုံးခဲ့သဖြင့် သဘောတူခဲ့ကြောင်း၊ မေ ၃၀ ရက်တွင် ထောက်ကြန့်မြို့၌ နိုင်လင်း နှင့်တွေ့ဆုံခဲ့ပြီး အောင်မင်္ဂလာအဝေးပြေးမှတစ်ဆင့် မူဆယ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။  
နောက်တစ်နေ့ ညတွင် မူဆယ်မြို့သို့ရောက်ရှိခဲ့ပြီး  နာရီစဉ်အနီးရှိတည်းခိုခန်းတစ်ခုတွင် တည်းခို နေထိုင်ခဲ့သည်။ ထိုသို့တည်းခိုနေထိုင်စဉ် နိုင်လင်းက သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ဇွန် ၂ ရက်တွင် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သွားရောက်ရန် ဆောင်းနှင်းဝေဆိုသူ၏ နိုင်ငံသားကတ်ဖြင့် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ပေးခဲ့ပြီး ရွှေလီမြို့သို့ရောက်ရှိခဲ့ကြောင်း လူကုန်ကူးခံခဲ့ရသည်ဆိုသူ အသက် ၂၇ နှစ်အရွယ်အမျိုးသမီးက ပြောပြခဲ့သည်။
ထို့နောက် ရွှေလီသို့ရောက်ရှိစဉ် အသက် ၃၀ အရွယ်ခန့်ရှိ မစန်းစန်းဝေနှင့်တွေ့ဆုံပြီး ၄င်းတို့ ၂ ဦးကို  ကားငှား၍ တည်းခိုခန်းတစ်ခုသို့ခေါ်ဆောင်ကာ  ကြယ်ခေါင်ဟော့ပေါ့ဆိုင်၌အလုပ်ရ မည်ဖြစ်ကြီးလစာ တရုတ်ယွမ် ၂၅၀ဝ ရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် လုပ်ကိုင်မည်ဖြစ် ကြောင်း၊ အိမ်သို့ငွေပို့ပေးရန်ပြောဆိုသဖြင့် အမေဖြစ်သူထံ ငွေကျပ် ၁သိန်းခွဲကို လွှဲပေးလိုက်သည်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။
ထို့နောက် မစန်းစန်းဝေနှင့်အတူ တရုတ်နိုင်ငံကန်ဟုထွေမြို့ရှိ နေအိမ်တစ်အိမ်ခေါ်ဆောင်သွားခဲ့ပြီး အဓမ္မခြိမ်းခြောက်ကာသားမယားအဖြစ်လက်ထပ်စေခိုင်းခဲ့သဖြင့် တစ်လခန့်ပေါင်းသင်း နေထိုင်ခဲ့ကာ နေအိမ်ပေါ်မှခုန်ချမည်ပြုလုပ်စဉ် တရုတ်အမျိုးသား၏ မိခင်ဖြစ်သူမြင်တွေ့သွားသဖြင့် မစန်းစန်းဝေထံ ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။
မစန်းစန်းဝေက တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၆၀ဝ၀ဝ ဖြင့် ထပ်မံရောင်းချခဲ့ပြီး အဆိုပါ အမျိုး သားနှင့် ၂ လခန့်ပေါင်းသင်းနေထိုင်ခဲ့ရကြောင်း၊ တရုတ်ရဲများ လာရောက်ဖမ်းဆီးခဲ့ကာ ရဲစခန်း၌ ၁၉ ရက်ခန့် ထိန်းသိမ်းခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း အဆိုပါလူကုန်ကူးခံရသူ အမျိုးသမီးက ပြောပြခဲ့သည်။
လှော်ကားနယ်မြေရဲစခန်းက(ပ)၃၃/၁၉ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်ခဲ့ပြီး အမှုတွင်ပါဝင်သူ နိုင်လင်း(ခ)ချစ်ဆွေ ကို ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး မစန်းစန်းဝေကို စစ်ဆေးနိုင်ရန် စုံစမ်းလျက်ရှိသည်။