တည်းခိုခန်းတစ်ခု၌ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသူ ၄ ဦးကို အမှုဖွင့်

တည်းခိုခန်းတစ်ခု၌ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသူ ၄ ဦးကို အမှုဖွင့်

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခုတွင် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသူ ၄ ဦးကို သက်ဆိုင်ရာက ဇန်နဝါရီ ၂၃ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။

အဆိုပါနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းရှိ  ဟိုတယ်တစ်ခုရှိ အိပ်ခန်းအတွင်း တည်းခိုနေထိုင်သူ လှိုင်သာယာမြို့နယ် (၁၉ ) ရပ်ကွက်နေ လှမျိုးခိုင်(၃၉ နှစ်) ကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။

၄င်းအိပ်ခန်းအတွင်း လှမျိုးခိုင်နှင့်အတူ လှိုင်မြို့နယ်နေ ဟိန်းကိုလွင် ၃၄ နှစ်၊ ရှမ်းပြည်နယ်၊ ရွှေညောင် မြို့နယ်နေ သူရိန်စိုး ၃၆ နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နေ ဉာဏ်လင်းအောင်(ခ)ဖိုးချမ်း ၂၉ နှစ်တို့ကို တွေ့ရှိခဲ့သည်။

၎င်းတို့ထိုင်နေသည့် အနီးမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁၄ ပြား (ကျပ် ၂၅၃၅၀ဝ၀ ဖိုးခန့်)၊ ICE အလေးချိန် ၁၅ ဂရမ်(ကျပ် ၁၂ သိန်းဖိုးခန့်)၊ ငွေကျပ် ၁ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မူးယစ်ဆေးဝါးသုံး စွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း မယ(ပ)၇/၁၉  မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ၁၉(က)/၂၀(က)/၂၁ တို့အရ အမှုဖွင့်အရေးယူထားသည်။