မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် ၄၁ အနီးရှိ ရဲကင်းစခန်းအား ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရခဲ့သူ အလုပ်သမားသေဆုံး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် ၄၁ အနီးရှိ ရဲကင်းစခန်းအား ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရခဲ့သူ အလုပ်သမားသေဆုံး

မြန်မာ–ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်ခြားမှတ်တိုင် ၄၁ အနီးရှိရဲကင်းစခန်းအား ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူ နယ်စပ်ခြံစည်းရိုး ပြုပြင်နေသည့် အလုပ်သမား ကျော်မျိုးလွင် သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကျော်မျိုးလွင်သည် ဇန်နဝါရီ ၂၄ ရက် ညနေ၆နာရီ ၁၅ မိနစ်အချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

မှတ်တိုင်(၄၁)ရဲကင်းစခန်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နယ်စပ်ခြံစည်းရိုးနှင့် မီတာ ၂၀ဝ ခန့်အကွာ နေရာသုံးနေရာတို့မှ အကြမ်းဖက်သောင်းကျန်းသူ အင်အား(စိစစ်ဆဲ)မှ လက်နက်ကြီးများဖြစ်သည့် RPG၊ M-79 တို့အပါအဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စခန်းအတွင်းရှိ ကင်းမျှော်စင်နှင့် အိမ်သာတို့အား ထိမှန်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ထိမှန်ခဲ့သဖြင့် ရဲတပ်သား သန်းမြင့်(၃၀)နှစ်ပါနှစ်ဦးတွင် ဝဲရင်အုံ အရေပြား လက်နက်ကြီးစထိမှန်၊ ယာခြေမျက်စေ့ လက်နက်ငယ် ရှပ်မှန်ဒဏ်ရာများ(မစိုးရိမ်ရ)နှင့် နယ်စပ်ခြံစည်းရိုးပြုပြင်နေသည့် အလုပ်သမား ကျော်မျိုးလွင်(၄၁)နှစ်တွင် ယာတင်ပါး လက်နက်ကြီးစ ရှပ်မှန်ဒဏ်ရာတို့ အသီးသီးရရှိခဲ့ကြောင်း၊ မိမိတို့ဘက်မှ လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

''ဝေလာတောင်ရွာရဲ့တောထဲမှာ နယ်ခြားက ရဲစခန်းကို ဟိုဘက်က ဝိုင်းပစ်တာ၊ သုံးဖက်သုံးတန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာလို့ လည်းပြောတယ်။ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ GEက ဝန်ထမ်းလေးတစ်ဦး ဒဏ်ရာရသွားတာလောက်တော့သိရတယ်။ မနက် ၇ နာရီခွဲ ၈ နာရီလောက် လို့သိရတယ်'' ဟု မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကလုပ် ဆောင်သည်နှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်း မေးမြန်းမှုများကို သက်ဆိုင်ရာမှ ပြုလုပ်နေဆဲဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံကာ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အား အသိပေးပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရင်းနှီးချစ်ကြည်ပြီး ကောင်းမွန်သောဆက်ဆံရေးရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ လုံးဝလက်မခံသည့်မူဝါဒချမှတ်ထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေကိုအသုံးပြု၍ မြန်မာနိုင်ငံအားထိပါးနှောင့်ယှက်ရန်ပြုလာသည်ကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် ပြောကြားကာ သံတမန်စာပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး