ထားဝယ်ခရိုင်တွင် တစ်နှစ်အတွင်း ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများအား တိုင်ကြား သည့် စာ ၂၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် လေးဦးကို တာဝန်မှရပ်စဲခဲ့ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
တာဝန်မှရပ်စဲ
၂၀၁၈ ခုနှစ်အတွင်း လောင်းလုံးမြို့နယ် ရှိ အင်းဇောက်ကျေးရွာ အောက်ကျောက်ဝပ် ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် သရက် ချောင်းမြို့နယ်ရှိ စော်ဖျားကျေးရွာ၊ ပဲဒက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှစ်ဦးကို တာဝန်မှ ရပ်စဲခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ပြောဆိုသည်။
"ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ လိုက်နာ ရမယ့် မူ(စည်းကမ်းချက်)တစ်ခုနဲ့ ငြိစွန်းလို့ အရေးယူတာပါ"ဟု အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။ တာဝန်မှရပ်စဲခံရသည့် အုပ်ချုပ်ရေးမှူး လေးဦးမှာ ငွေကြေးပြဿနာများနှင့်ပတ်သက် မှုရှိသည့် အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် အုပ်ချုပ်ရေး မှူးတာဝန် ပျက်ကွက်သူနှစ်ဦးဖြစ်ကြောင်း သိရသည်။
ခန့်အပ်ထား
လက်ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရွေးချယ်ပွဲဖြင့် ပြန်လည်ရွေးချယ်ခန့်အပ်ထားခြင်းဖြစ်သည်။ ယင်းအပြင် ၂၀၁၈ ခုနှစ်အတွင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကိုတိုင်ကြားသည့်စာ ၂၂ စောင်ခန့်ကို လက်ခံရရှိပြီး အထက်ပါ လေးဦး မှာ ယင်းတိုင်ကြားမှုများထဲတွင် ပါဝင်နေသူ များဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ပြောဆိုသည်။
ရပ်ကွက်နေပြည်သူများက အုပ်ချုပ်ရေး မှူးများကို ယခင်ထက် ပိုမိုစောင့်ကြည့်လာ သကဲ့သို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့က လည်း ဥပဒေပါလုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ် ဆောင်မှုများရှိနေသည့်အတွက် တိုင်ကြားမှု ပိုများလာသည်ဟုထင်ကြောင်း ထားဝယ်မြို့ ပေါ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောဆိုသည်။
"အခုခေတ်မှာ ပြည်သူလူထုက ရပ်/ကျေး ဥပဒေကို တော်တော်လေးနားလည်လာကြ တယ်"ဟု အထက်ပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး က ပြောဆိုသည်။
နုတ်ထွက်ငါးဦးရှိ
၂၀၁၈ ခုနှစ်တစ်နှစ်တာအတွင်း တာဝန်မှ ရပ်စဲခံရသည့် အုပ်ချုပ်ရေးမှူးလေးဦးအပြင် နုတ်ထွက်သူငါးဦးနှင့် သေဆုံးသူတစ်ဦးရှိ ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးစာရင်းအရ သိရသည်။ ထားဝယ်ခရိုင်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ၁၇၃ ခုရှိကြောင်း ခရိုင်အုပ်ချုပ် ရေးမှူးရုံးမှ သိရသည်။
















