စစ်ကိုင်းတိုက်စစ်မှူးနှစ်ဦးကို မထိန်းနိုင်၍ ဂိုးပြတ်ရှုံးခဲ့ရဟု ဆောက်သမ်းဖွင့်ဟ

စစ်ကိုင်းတိုက်စစ်မှူးနှစ်ဦးကို မထိန်းနိုင်၍ ဂိုးပြတ်ရှုံးခဲ့ရဟု ဆောက်သမ်းဖွင့်ဟ

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၃)ပွဲစဉ်တစ်ပွဲအဖြစ် မုံရွာကွင်း၌ စစ်ကိုင်းယူနိုက်တက်နှင့် ဆောက်သမ်းမြန်မာအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ခြောက်ဂိုး ဂိုးမရှိဖြင့် စစ်ကိုင်းယူနိုက်တက်အသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ဟက်ထရစ်သွင်းယူ

အဆိုပါပွဲစဉ်တွင် နေရှင်နယ်လိဂ်ဝါရင့်အသင်းတစ်သင်းဖြစ်သည့် ဆောက်သမ်းမြန်မာအသင်းသည် စစ်ကိုင်းယူနိုက်တက် နိုင်ငံခြားသား တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် ဒေါ်နယ်ဘီဆာနှင့် ဖရိုင်းဒေး တိုက်စစ်အတွဲကို မထိန်းနိုင်ခဲ့၍ မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ပထမပိုင်းတွင် စစ်ကိုင်းယူနိုက်တက်မှ တိုးဆက်နိုင်နှင့် ဖရိုင်းဒေးတို့၏ ဂိုးများဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းတွင် ဆောက်သမ်းနောက်ခံလူများ၏ အမှားကိုအခွင့်ကောင်းယူကာ ဒေါ်နက်ဘီဆာက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ကျော်စွာဝင်းက တစ်ဂိုးသွင်းယူခဲ့သည်။

နိုင်လိုစိတ်နည်းပါး

" အဲဒီနေ့ကပွဲမှာ ကျွန်တော့်ကစားသမားတွေ တစ်ဦးချင်းကျေပွန်ရမယ့် တာဝန်တွေ မကျေပွန်ခဲ့ကြဘူး။ နိုင်လိုစိတ်လည်း နည်းပါးခဲ့ကြတယ်။ အဓိက က တစ်ဖက် နိုင်ငံခြားသား တိုက်စစ်မှူးနှစ်ယောက်ရဲ့ တိုးအားကို မထိန်းနိုင်ခဲ့တာပဲ။ ပထမပိုင်းမှာ နှစ်ဂိုးပြတ်ရှုံးနေတော့ ချေပဂိုးရချင်ဇောနဲ့ တက်တိုက်ရမှာ ကောင်တာနဲ့ဂိုးတွေ ဆက်တိုက်ပေးလိုက်ရတာပါပဲ" ဟု ဆောက်သမ်းမြန်မာနည်းပြချုပ် ဦးကျော်မင်းက ဖွင့်ဟပြောဆိုခဲ့သည်။

ကြုံတွေ့နိုင်

ဆောက်သမ်းမြန်မာအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် နိုင်ငံခြားသားကစားသမားခေါ်ယူခြင်းမရှိဘဲ ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြည်တွင်းကစားသမားများဖြင့် အသင်းကိုတည်ဆောက်လျှင် ရေရှည်တွင် အခက်အခဲများနှင့် ကြုံတွေ့ရနိုင်ကြောင်းကို နည်းပြချုပ်ဦးကျော်မင်းက ပြောဆိုခဲ့ဖူးသည်။

ဆောက်သမ်းမြန်မာအသင်းသည် ပွဲစဉ်သုံးပွဲကစားပြီးရာတွင် တစ်ပွဲနိုင်၊နှစ်ပွဲရှုံးရလဒ်ရရှိထားပြီး စစ်ကိုင်းယူနိုက်တက်အသင်းမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊တစ်ပွဲရှုံးရလဒ် ရရှိထားသည်။



ဖတ်ရှုမှုအများဆုံး