တစ်ပွဲနှစ်ဂိုးခွင့်ပြုနေရသည့် ခံစစ်ကိုစိုးရိမ်ဟု ရှမ်းနည်းပြချုပ် ဆို

တစ်ပွဲနှစ်ဂိုးခွင့်ပြုနေရသည့် ခံစစ်ကိုစိုးရိမ်ဟု ရှမ်းနည်းပြချုပ် ဆို

ဒဂုံအက်ဖ်စီအသင်းကို ဂိုးပြတ်အနိုင်ရခဲ့၍ ကျေနပ်မိသော်လည်း တစ်ပွဲလျှင် နှစ်ဂိုးနှုန်းပေးနေရသည့် အသင်းခံစစ်ကို စိုးရိမ်မိကြောင်း ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးမင်းသူက ထုတ်ဖော်ပြောဆိုခဲ့သည်။

ခွင့်ပြုခဲ့ရ

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၃) ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၂၆ရက်က သုဝဏ္ဏကွင်း၌ ဒဂုံအက်ဖ်စီနှင့် ရှမ်းယူနိုက်တက်တို့ ယှဉ်ပြိုင်ခဲ့ရာ ငါးဂိုး နှစ်ဂိုးဖြင့် ရှမ်းယူနိုက်တက်က အနိုင်ရရှိခဲ့သည်။ ရှမ်းယူနိုက်တက်သည် ပြီးခဲ့သည့် နေရှင်နယ်လိဂ်ပွဲစဉ်နှစ်ပွဲတွင် သရေကျခဲ့ပြီး နှစ်ပွဲစလုံး နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့သည်။ထို့ကြောင့် ပွဲစဉ်သုံးပွဲကစားပြီးရာတွင် ရှမ်းယူနိုက်တက်မှာ ပေးဂိုးခြောက်ဂိုးထိ ခွင့်ပြုခဲ့ရသည်။

စိုးရိမ်

"ဘောလုံးပွဲတစ်ပွဲမှာ နိုင်ပွဲရတော့ အားလုံးပျော်ကြရပါတယ်။ ဒီနိုင်ပွဲက ကစားသမားတွေအားလုံး ကြိုးစားအားထုတ်မှုကောင်းလို့ပါ။ ဒါပေမဲ့ ကျွန်တော် စိုးရိမ်စိတ်ရှိနေတုန်းပဲ။ ဘာလို့လဲဆိုတော့ အသင်းက တစ်ပွဲကို နှစ်ဂိုးနှုန်းပေးနေရတယ်။ ပေးရတဲ့ဂိုးတွေကလည်း အရမ်းလွယ်နေတယ်။ အဲ့ဒါကို ပြုပြင်ဖို့ ကျွန်တော်ကြိုးစားသွားမယ်" ဟု ဦးမင်းသူက ပြောဆိုခဲ့သည်။

ဒဂုံအက်ဖ်စီနှင့်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့် နောက်ခံလူ ရဲမင်းသူကို နည်းပြချုပ် ဦးမင်းသူက ချီးကျူးခဲ့ပြီး တိုက်စစ်ပိုင်းနှင့် ခံစစ်ပိုင်းကို ယခုထက်ပိုကောင်းအောင် ပြုပြင်မှုများ ပြုလုပ်ရဦးမည်ဟု ပြောဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး