ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တောင်ကြီးမြို့ရှိ ပြည်နယ်လွှတ်တော်အစည်း အဝေးခန်းမတွင် ဖေဖော်ဝါရီ ၈ ရက်၌ စတင် ကျင်းပမည်ဖြစ်ပြီး လွှတ်တော်အစည်းအဝေး တက်ရောက်နိုင်ရေးအတွက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြား ထားပြီးဖြစ်ကြောင်း သိရသည်။
ဖိတ်ကြားထား
"(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်မှာ စတင်ကျင်းပမှာဖြစ် ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို လည်း ဖိတ်ကြားထားပြီးပါပြီ။ အစည်းအဝေး ဘယ်နှရက်ကြာမယ်ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး" ဟု ရှမ်းပြည်နယ်လွှတ်တော် ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးထိုက် က ပြောဆိုသည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ရုံးပိတ်ရက်နှစ်ရက်နား၍ ငါးရက်ကြာကျင်းပ ခဲ့ကြောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၀ က ကြယ်ပွင့်ပြမေးခွန်း ၇၅ ခု မေးမြန်းခြင်း နှင့် အဆိုနှစ်ခုတင်သွင်းခြင်းတို့ကို ဆောင်ရွက် ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကွယ်လွန် ခြင်းအတွက် ဝမ်းနည်းကြောင်း အဆိုအား မှတ်တမ်းအဖြစ်ထားရှိခဲ့ပြီး မြေငှားဂရန်များကို စီမံချက်ဖြင့် ပြုလုပ်ပေးရေးအဆိုကို အတည် ပြုနိုင်ခဲ့သည်။
အဆိုတင်သွင်းရန်မရှိ
"အခုကျင်းပမယ့် ရှမ်းပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာတော့ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းသွားဖို့ရှိပါတယ်။ မေးမြန်းမယ့်မေးခွန်းကို လောလောဆယ် တော့ အတိအကျပြောလို့ မရသေးပါဘူး။ အဆိုအနေနဲ့ တင်သွင်းဖို့ကတော့ မရှိပါဘူး" ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ လွှတ်တော်ကိုယ်စားလှယ် နမ့်စန်မြို့နယ် မဲဆန္ဒနယ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးလင်းအောင်ဆွေက ပြောဆိုသည်။
















