ရတနာပုံကစားသမားအချို့ ကွင်းအတွင်း၌ အလိုအပ်ဘဲ အချိန်ဆွဲကစားခြင်းသည် ကလပ်နှင့် နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးမျိုးမင်းထွန်းက ရတနာပုံအသင်းအား အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့သော ပွဲအပြီး၌ ဝေဖန်ခဲ့သည်။
ဒဏ်ရာရ
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ရက်က ဗထူးကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ နေရှင်နယ်လိဂ်ပွဲစဉ်တွင် သုံးဂိုး နှစ်ဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ရှုံးနိမ့်ခဲ့သည်။ အဆိုပါပွဲ ကစားနေချိန်အတွင်း ရတနာပုံအသင်းကစားသမားအချို့ ဒဏ်ရာအနာတရရှိခဲ့ပြီး ဆေးကုသမှုများခံယူခဲ့ရသည်။
ထိခိုက်စေ
"ဒီပွဲက ရသအပြည့်ပေးခဲ့တဲ့ ပွဲကောင်းတစ်ပွဲပါ။ အနိုင်ရခဲ့တဲ့ ရတနာပုံအသင်းကို ချီးကျူးပါတယ်။ အသင်းတိုင်းက ဘယ်ပြိုင်ပွဲမဆို နိုင်ချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ ဘောလုံးလောကတိုးတက်ဖို့ဆိုရင် မလိုအပ်ပဲအချိန်ဆွဲတာတွေက ကလပ်အသင်း သိက္ခာ၊ နိုင်ငံရဲ့သိက္ခာကို ထိခိုက်စေပါတယ်။ ဒီပွဲမှာ မလိုအပ်ပဲတစ်ချို့ အချိန်ဆွဲတာကတော့ အဖြစ်သင့်တဲ့ကိစ္စပါပဲ။ ရန်ကုန်ယူနိုက်တက်ကို ကျွန်တော် စတာဝန်ယူကတည်းက မလိုအပ်ပဲအချိန်ဆွဲတာကို လက်မခံသလို အခုထိလည်း မလုပ်ပါဘူး။ ဘောလုံးကို ဘောလုံးနဲ့တူအောင် ရသမြောက်မြောက်ကန်တာ ကောင်းပါတယ်"ဟု ပွဲအပြီး၌ ပြောဆိုခဲ့သည်။
ဝေဖန်
အဆိုပါပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်မှာ ဂိုးသွင်းခွင့် အခွင့်အရေးများ ရရှိခဲ့ပြီး တိုက်စစ်မှူး ဆီလာ၊ မောင်မောင်လွင်နှင့် ကောင်းထက်စိုးတို့ အသုံးမချနိုင်ခဲ့ကြောင်း၊ ယင်းဂိုးများအနက်တစ်ဂိုးသာ ဝင်ခဲ့ပါက ပွဲအပြီးရလဒ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်ကြောင်း ဦးမျိုးမင်းထွန်းက ဆက်လက်ပြောဆိုခဲ့သည်။
ထို့အပြင် ဗထူးကွင်း အဝတ်လဲခန်း၌ အမှိုက်များရှုပ်ပွနေခြင်း၊ အကြောလျှော့ရန်နှင့် ဆေးလူးရန် ခုံမရှိခြင်းနှင့် လျှပ်စစ်မီးမလာခြင်းတို့နှင့်ပတ်သက်၍လည်း ဦးမျိုးမင်းထွန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ဝေဖန်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ်(၃)တွင် ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း အမှတ်ပေးဇယားထိပ်တွင် ဆက်လက်ဦးဆောင်လျက်ရှိပြီး ရတနာပုံအသင်းမှာ သုံးပွဲကစား တစ်ပွဲနိုင်၊နှစ်ပွဲသရေဖြင့် အဆင့်ခြောက်နေရာ၌ ရပ်တည်လျက်ရှိသည်။















