ရေယာဉ်ပေါ့ဆစွာ မောင်းနှင်မှုကြောင့် စက်တပ်သမ္ဗန်ပျက်စီးကာ တစ်ဦးပျောက်ဆုံး

ရေယာဉ်ပေါ့ဆစွာ မောင်းနှင်မှုကြောင့် စက်တပ်သမ္ဗန်ပျက်စီးကာ တစ်ဦးပျောက်ဆုံး

တွံတေးမြို့နယ်တွင် ရေယာဉ်ပေါ့ဆစွာမောင်းနှင်မှုကြောင့် စက်တပ်သမ္ဗန်ပျက်စီးကာ တစ်ဦး ပျောက်ဆုံးခဲ့မှု ဇန်နဝါရီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ညနေ ၆ နာရီခန့်တွင် တွံတေးမြို့နယ် တွံတေးတူးမြောင်း ရေမိုင် ၂၁ ၌ စက်တပ်သမ္ဗန်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ တွံတေးမြို့မရဲစခန်းမှ ဒုရဲအုပ်အောင် ကိုကိုဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ 

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ရေစကြိုမြို့နယ်နေ ရေယာဉ်မောင်း ဝင်းခိုင်(၃၈ နှစ်)မောင်းနှင်သည့် တွန်းသင်္ဘောသည် ကုန်တင်သင်္ဘောအခွံကို ရှေ့တွင် ချိတ်တွဲခဲ့ပြီး စက်သမ္ဗန်ကို ဘေး၌ချိတ်တွဲလျက် တိုးမြစ်အတွင်း မောင်းနှင်ခဲ့သည်။ 

တိုးမြစ်နှင့်တွံတေးတူးမြောင်းမြစ်ဆုံအရောက် တူးမြောင်းအတွင်းသို့ ချိုးကွေ့စဉ် ချိတ်တွဲလာသည့် စက်တပ်သမ္ဗန်မှာ တွန်းသင်္ဘောဝမ်းဗိုက်အောက်သို့ရောက်ရှိသွားပြီး စက်တပ်သမ္ဗန်ပေါ်လိုက်ပါစီးနင်းလာ သည့် တွံတေးမြို့နယ်နေ အောင်ကျော်ဆန်း(၁၇ နှစ်) ၊စံရှား(၃၁ နှစ်)နှင့် ကျော်မင်းထွေး(၁၉ နှစ်)တို့ မြစ်ထဲသို့ပြုတ်ကျသွားခဲ့သည်။ 

စံရှားနှင့် ကျော်မင်းထွေးတို့ နှစ်ဦးကို ဒဏ်ရာမရဘဲ ဆယ်ယူနိုင်ခဲ့သော်လည်း အောင်ကျော်ဆန်း မှာ ပျောက်ဆုံးသွားခဲ့သည်။

စက်တပ်သမ္ဗန်၏ ပဲ့ပိုင်းမှာလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရာ ရေယာဉ်မောင်းနှင်သူ ဝင်းခိုင်ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ 

တွံတေးမြို့မရဲစခန်းက (ပ)၁၀၁/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၀ အရ အမှုဖွင့် အရေးယူထားသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး