စစ်ကိုင်းမြို့ မင်းဝံတောင်ရိုး တောင်ညို ရွာထိပ်ရှိ ကျောက်တောင်မှ တရားဝင်ခွင့်ပြု ခြင်းမရှိဘဲ လမ်းခင်းခြင်းနှင့် ကြက်စာတွင် ရောနှောသည့် ကျောက်မှုန့်များရရှိရန် တူးဖော် ကြရာမှ ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီက ကျောက်ကျင်းပြိုကျခဲ့ရာလူလေးဦးနှင့် ထော်လာဂျီနှစ်စီးပိတ်မိခဲ့ပြီး သုံးဦးသေဆုံး ခဲ့၍ အမျိုးသားတစ်ဦးမှာ ဒဏ်ရာပြင်းထန်၍မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း စစ်ကိုင်းမြို့ဒေသခံတစ်ဦးထံမှ သိရသည်။ကျောက်ကျင်းပြိုကျရာသို့ ဒေသအာဏာပိုင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)နှင့် လူမှုကူညီရေးအဖွဲ့စုံမှ အင်အား ၇၀ ခန့်ဖြင့် ကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ စက်ယန္တရားနှစ်စီးနှင့်ဖယ်ရှားခဲ့ရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကယ်ဆယ်ရေးလုပ်ငန်းပြီးစီးသွားရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
"တရားဝင်တူးဖော်ခွင့်မရှိဘူး။ တောင်ကြီးကိုဖြိုပြီး တန်ဖိုးရှိတဲ့ ကျောက်စိမ်းလိုဟာမျိုး မဟုတ်ဘူး။ လမ်းခင်းတာနဲ့ CP ကြက်တွေအတွက် ကြက်စာထုတ်တာ။ ကန့်ကွက်နေတာ ကြာခဲ့ပြီ။ ထော်လာဂျီနှစ်စီးနဲ့လူလေးဦးက လုပ်ငန်းလုပ်နေရင်း ပြိုကျတာပေါ့။ တစ်ဦးက ဖော်လို့ရပြီး ဒဏ်ရာတွေနဲ့ မန္တလေးဆေးရုံပို့လိုက်ရတယ်။ ကျန်တဲ့သုံးဦးက ခဲရာခဲဆစ် ရှာဖွေကယ်ထုတ်ရတယ်။ သူတို့လေးဦးက စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ကပါ"ဟု ၎င်းက ပြောဆိုသည်။
အဆိုပါပြိုကျခဲ့သည့်ကျောက်ကျင်းသည် တရားမဝင်တူးဖော်နေသည့် ကျောက်ကျင်း ဖြစ်သည့်အတွက် သစ်တောဥပဒေအရ အမှုဖွင့်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်အုပ်ချုပ် ရေးမှူး ဦးကျော်ဝင်းလှိုင်က မြန်မာတိုင်းမ်နေ့စဉ်သို့ ဇန်နဝါရီ ၂၈ရက်က ပြောဆိုခဲ့သည်။
"အခုလက်ရှိ ရွှေမင်းဝံသဘာဝဘေးမဲ့တောရိုင်းတိရစ္ဆာန်တောအဖြစ် သတ်မှတ်ထား တဲ့နေရာမှာ သူတို့က လမ်းခင်းဖို့ကျောက်တွင်းတူးတယ်။ နောက်ပြီးတော့ ဒေသခံတွေက ကြက်စာကျောက်တွေ တူးတယ်။ ဒီတူးတာတွေက တရားမဝင်တူးတာဖြစ်တဲ့အတွက် ကျွန်တော်တို့တားနေတာကလည်းကြာပြီ။ ဒါပေမဲ့ သူတို့တွေက ညဘက်တွေရော၊ မနက် ဘက်တွေမှာပါ ခိုးတူးကြတယ်။ သစ်တောကလစ်တဲ့အချိန် တိုင်းတူးကြတယ်။ အဲဒီလို တူးရင်းနဲ့မှ ဒီလိုမျိုးပြိုကျတဲ့ဖြစ်စဉ်တွေဖြစ်နေတာပါ"ဟု ၎င်းက ပြောဆိုသည်။ ယင်းတားမြစ်ထားသည့်နေရာတွင် တောင်များတူးဖော်မှုတွေ့ရှိပါက ဥပဒေအရ တား ဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အနီးပတ်ဝန်းကျင်ရှိရွာ များကို တရားဝင်တူးဖော်ခွင့်ဆောင်ရွက်နိုင်ရန် စီစဉ်လုပ်ဆောင်လျက်ရှိပြီး အနီးပတ်ဝန်း ကျင်ရှိရွာများအနေဖြင့် အချိန်အနည်းငယ်စောင့်ဆိုင်းကြရန် ခရိုင်အုပ်ချုပ်ရေးမှူးက ဆက် လက်ပြောဆိုသည်။
ဆယ်စုနှစ်ကြာ
သမိုင်းဝင်ဖြစ်သည့် မင်းဝံတောင်ရိုးတွင် ကျောက်များတူးဖော်ထုတ်လုပ်နေသည်မှာ ဆယ်စုနှစ်ကြာပြီဖြစ်သည့်အတွက် သဘာဝအရင်းအမြစ်များ ဆုံးရှုံးနေခြင်းကြောင့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း တူးဖော်မှုမပြုရေး ကန့်ကွက်မှုများပြုလုပ်ခဲ့ရာ သစ်တောနှင့်ဒေသအာ ဏာပိုင်များက စစ်ဆေးမှုများလုပ်ဆောင်သော်လည်း ယခုကဲ့သို့ ဆက်လက်တူးဖော်နေ ကြပြီး ကျောက်ကြိတ်စက်များစွာရှိနေကြောင်း သိရသည်။
















