လှိုင်မြို့နယ်တွင် အလုပ်မှပြန်လာသူ အမျိုးသမီးကို အချွန်ဖြင့်ထိုးကာ လက်ကိုင်ဖုန်းနှစ်လုံးပါ လွယ်အိတ် လုယူထွက်ပြေးသူအား သက်ဆိုင်ရာက ဇန်နဝါရီ ၂၇ ရက်နေ့တွင် ဖော်ထုတ်ဖမ်း ဆီးခဲ့သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၆ ရက်နေ့ ည ၇ နာရီခန့်က အလုပ်မှပြန်လာသည့် အမျိုးသမီးတစ်ဦးသည် ဓမ္မပါရဂူဘုန်းကြီးကျောင်းရှေ့ လမ်းထောင့် အရောက်တွင် မျက်နှာချင်းဆိုင်မှ လာသည့် အသက်(၂၀)အရွယ်ခန့် လူငယ်တစ်ဦးက ချွန်ထက်သောအရာတစ်ခုဖြင့် ထိုးသဖြင့် ဝဲဘက်ပေါင်တွင်ပြတ်ရှ ဒဏ်ရာတစ်ချက်ရရှိခဲ့သည်။
ထို့နောက် အဆိုပါအမျိုးသမီးက ကြောက်လန့်၍ လာလမ်းအတိုင်း ပြန်ပြေးလာစဉ် ပခုံးတွင် လွယ်ထားသည့် ဂျင်းလွယ်အိတ်မှာ ပြုတ်ကျကျန်ခဲ့သည်။
ထို့ကြောင့် ပတ်ဝန်းကျင်သို့အော်ဟစ်အကူအညီတောင်းရာ အနီးပတ်ဝန်းကျင်မှ လူများထွက်လာပြီးပြုတ်ကျကျန်ခဲ့သောအိတ်ကို သွားရောက်ကြည့်ရှုရာ မတွေ့ရှိဘဲ အိတ်အတွင်းပါရှိ သည့် Oppo အမျိုးအစားဖုန်းနှစ်လုံး၊ ဘဏ်ငွေထုတ်ကတ်တစ်ခု၊ မှတ်ပုံ တင်တစ်ခုတို့ ပျောက်ဆုံးခဲ့သည်။
လုယက်ခံရသူ၏ အဒေါ်ဖြစ်သူက ပိတောက်ချောင်းနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။ အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက်စုံစမ်းခဲ့ရာ အချွန်ဖြင့်ထိုးခဲ့သူ လူငယ်က ကျကျန်ခဲ့သော အိတ်ကို ကောက်ယူကာ ပါရဂူဘုန်းကြီးကျောင်း ဝင်ပေါက်မှတစ်ဆင့် ဘုရင့်နောင်လမ်းပေါ်သို့ ထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့နောက် ကျူးလွန်သူက အငှားယာဉ်တစ်စီးကို ငှားရမ်းထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းရာ သင်္ဃန်းကျွန်းမြို့နယ် နေသူ မောင်းနှင်သည့် တိုယိုတာ ကိုရိုလာ အမျိုးအစားဖြစ်ကြောင်း သိရပြီး အခင်းဖြစ်နေ့က အဆိုပါလူငယ်မှာ ဘုရင့်နောင်လမ်းမှ ကြည့်မြင်တိုင်မြို့နယ်၊ ဗဟိုစံပြငါးဈေးသို့ ငွေကျပ် ၂၅၀ဝ ဖြင့် ငှားရမ်း၍ လိုက်ပို့ပေးခဲ့ကြောင်း ဆိုသည်။
ဗဟိုစံပြငါးဈေးရှေ့ ရှိ ကျောက်တံတားသမ္ဗန်ဆိပ်သို့ဆင်းသည့် လမ်းထိပ်တွင် ချပေးခဲ့ရပြီး သမ္ဗန်ဆိပ်သို့ဆင်းသွားခဲ့သည်ဟု ဆိုသည်။
အဆိုပါလူငယ်ကို ဆက်လက်စုံစမ်းခဲ့ရာ ကြည့်မြင်တိုင် တစ်ဘက်ကမ်းရှိ စက်ဆန်းရပ်ကွက်နေ မင်းခန့်ကျော်(ခ) ဘိုဘိုဖြစ်ကြောင်း သိရှိရသဖြင့် ဇန်နဝါရီ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ရဲတပ်ဖွဲ့က အမှုဖြင့် မသင်္ကာသူ မင်းခန့်ကျော် (ခ) ဘိုဘို (၁၇)နှစ်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။
အဆိုပါအမှုကိုကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။ သက်ဆိုင်ရာက ၄င်းကျူးလွန်ခဲ့မှုမှရရှိသည့် ပစ္စည်းများကို သိမ်းဆည်းကာ ဆက်လက် အရေးယူထားသည်။

















