တာချီလိတ် အာခါဈေးမီးပွိုင့်တွင် ယာဉ်မောင်းနေသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

တာချီလိတ် အာခါဈေးမီးပွိုင့်တွင် ယာဉ်မောင်းနေသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

တာချီလိတ်မြို့ အာခါဈေးမီးပွိုင့်တွင် ယာဉ်မောင်းနေသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုကို သက်ဆိုင်ရာက ယနေ့ ဇန်နဝါရီ ၂၉ရက်တွင် စုံစမ်းလျက်ရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။ 

ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးမီးပွိုင့်၌ မီးပွိုင့်မီးနီသဖြင့် ရပ်တန့်စောင့်ဆိုင်းနေသည့် တာချီလိတ်မြို့ နေ ဦးအားဖာ (တပင်ရွှေထီး) မောင်းသည့် မော်တော်ယာဉ်ကို ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သည်။ 

" သူက တာချီတ်လိတ်မြို့မှာ စီးပွားရေးလုပ်ငန်းတွေ အများကြီးလုပ်ကိုင်တဲ့ သူဌေးတစ်ဦးပါ။ လူမှုရေးလုပ်ငန်းတွေလည်းလုပ်ဆောင်တာကြောင့် လူသိများပါတယ်" ဟု တာချီလိတ်မြို့ခံ ကိုခင်ဝမ်းက ပြောသည်။ 

ဦးအားဖာ မောင်းနှင်သည့် ယာဉ်မောင်းထိုင်ခုံနေရာ၏ မှန်တွင် ကျည်ပေါက်ထွက်ဒဏ်ရာ ငါးချက်ခန့် တွေ့ရှိခဲ့သည်။ 

" ပစ်တဲ့သူတွေက ဆိုင်ကယ်စီးလူငယ်နှစ်ယောက်ပါ။ သေနတ်နဲ့ ပစ်သွားတာ ခုနစ်ချက်လောက်ပစ်ပြီး ထွက်ပြေးသွားတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းနေတယ်"ဟု ၄င်းကဆက်လက် ပြောကြားသည်။

တာချီလိတ်မြို့မရဲစခန်းက (ပ)၅၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။