ဝန်ကြီးဌာနအသစ်တစ်ခုဖွဲ့စည်းသွားရန် နိုင်ငံတော် သမ္မတက အကြောင်းကြားလာမှုကို ယနေ့ဇန်နဝါရီ ၂၉ ရက်ကကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲများခဲ့သည့်အတွက် သဘောတူညီမှုမရရှိခဲ့ကြောင်း သတင်းရရှိသည်။
လမ်းတံတားဝန်ကြီးဌာနကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနအဖြစ် နှစ်ခုခွဲကာ ဖွဲ့စည်းသွားရန် လွှတ်တော်ကိုယ်စားလှယ်များထံမှ ဆန္ဒမဲကောက်ခံရယူခဲ့ရာ ထောက်ခံမဲ ၁၈ မဲ၊ ကန့်ကွက်မဲ ၂၈ မဲ ဖြင့် အဆိုရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
“ပြည်သူ့ဘဏ္ဍာခွဲဝေသုံးစွဲမှုနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးဌာနပြင်ဆင်ဖွဲ့စည်းမယ်ဆိုရင် ကျွန်တော်တို့က ဝန်ကြီးတစ်ပါးနောက်ထပ်ခန့်အပ်ရပါမယ်။ဝန်ကြီးတစ်ပါးခန့်အပ်ခဲ့မယ်ဆိုရင် ဝန်ကြီးတစ်ပါးရဲ့အဆောင်အယောင် အသုံးစရိတ်စတဲ့ ဘတ်ဂျတ်တွေကိုထည့်သွင်းစဉ်းစားဖို့လိုလာမှာဖြစ်ပါတယ်။”ဟု တနိုင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။
ဦးဇော်ဝင်းက နိုင်ငံတော် ဘတ်ဂျက် ပြည်သူဘတ်ဂျက် ချွေတာနိုင်ရန် အဓိကထောက်ပြခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ခုနစ်ခုနှင့် တိုင်းရင်းသားဝန်ကြီးဌာန လေးခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခုအခါ ဝန်ကြီးဌာန ရှစ်ခုနှင့် တိုင်းရင်းသားဝန်ကြီးဌာန လေးခုဖြင့် ပြန်လည်ဖွဲ့စည်းသွားရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
“ဒီကျန်တဲ့သက်တမ်းအတွင်းမှာ ကျွန်တော်တို့ပြည်နယ်ရဲ့ စီးပွားရေးဘာတွေလုပ်ပေးနိုင်မလဲ။ ကျွန်တော်တို့ပြည်နယ်မှာစက်မှုဇုန်တွေရှိပြီလား၊စိုက်ပျိုးရေးဇုန်တွေရှိပြီလား၊မွေးမြူးရေးဇုန်ကိုလည်း နိုင်ငံတော်ရဲ့ ဝင်ငွေတိုးပွားစေနိုင်တဲ့ လုပ်ငန်းတွေဘာတွေလုပ်ခဲ့တာလဲ၊အဲဒါတွေကိုဒီနှစ်ပိုင်းတွေမှာ ကျွန်တော်တို့လုပ်ချင်တယ်။ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ကချင်ပြည်နယ်ကဘာပဲလုပ်တယ်ဆိုရင် ကျောက်စိမ်းအားကိုးတယ်။ သစ်အားကိုးတယ်။ တခြားရတနာတွေ သယံဇာတတွေ အားကိုးတဲ့အနေအထားပဲရှိတာ။ တခြားနည်းနဲ့ဝင်ငွေထုတ်နိုင်တဲ့လမ်းတိတိကျကျမရှိဘူး။” ဟု ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌက ဝန်ကြီးဌာနအသစ်တစ်ခုလိုအပ်မှုအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် မိုးညှင်းပြည်နယ်အမတ် ဦးကျော်ကျော်ဝင်း၊ လူမှုရေးဝန်ကြီးအဖြစ် လက်ရှိ စည်ပင်သာယာရေးဝန်ကြီးဖြစ်သူ ဦးနေဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဖားကန့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဝိုင်းမော်ပြည်နယ်အမတ် ဦးနော်လီတို့ကို အမည်စာရင်းတင်သွင်းခဲ့သည်။
ထိုအမည်စာရင်းတင်သွင်းခံရသူများနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများသည် ယနေ့ အမည်စာရင်းတင်သွင်းရမည်ဖြစ်ပြီးဇန်နဝါရီ ၃၀ရက်တွင် ပြန်လည်ကျင်းပမည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးရမည်ဖြစ်သည်။ ကချင်ပြည်နယ်လွှတ်တော်၌ ယနေ့ဇန်နဝါရီ၂၉ရက်တွင် မဲခွဲဆုံးဖြတ်နေစဉ်။
















