၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူတို့သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်လ်ဒီပါတီကို အားကိုးယုံကြည်မှုအပြည့်ဖြင့် မျှော်လင့်တကြီး ထောက်ခံမဲပေးခဲ့ကြသည်။ လာမည့်ဧပြီလဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ၏သက်တမ်း သုံးနှစ်ပြည့်တော့မည်ဖြစ်သည်။ ယင်း သုံးနှစ်တာကာလသည် အစိုးရအပေါ် ပြည်သူတို့၏ အားရကျေနပ်မှုများ မည်ကဲ့သို့ ရှိသနည်းဟု အဖြေရှာ ကြည့်ရန် လုံလောက်သောကာလတစ်ရပ် ဖြစ်သည်။ အဖြေတစ်ခုရှာရာ၌ သူ့ဘက်ကိုယ့်ဘက် ရှုထောင့်နှစ်ဖက်မှ ချဉ်းကပ်ကြည့်ရန် လိုအပ်ပါသည်။ တချို့ကိစ္စများဆိုလျှင် တတိယရှုထောင့်အမြင်ပါ ပါမှသာ ပြီးပြည့်စုံနိုင်ပါသည်။ ယခုဆောင်းပါး သည် ပြည်သူအမြင်အတွက် အစိုးရဘက်ကို ချဉ်းကပ်ကြည့်သော ဆောင်းပါးဖြစ်သည်။ ဒီမိုကရေစီစနစ်အရ အစိုးရသည် ပြည်သူ့အကျိုးစီးပွားကို အမြဲတမ်းရှေးရှုတာဝန်ခံရသည်။ သို့ရာတွင် ပြည်သူ့အကျိုးစီးပွားခရီးသို့ လျှောက်လှမ်းရာ၌ ဖြောင့်ဖြူးသည့်လမ်းချည်းလည်း မဖြစ်နိုင်။ မည်သို့သော အခက်အခဲများက အစိုးရ၏အလုပ်ကို နှောင့်နှေးစေသနည်း၊ မည်သို့သော အားနည်းချက်များက အစိုးရ၏တာဝန်များကို အားလျော့စေပါသနည်း။ ယင်းသို့အကဲဖြတ်သုံးသပ်ရာ၌ ပထမဆုံး အရေးကြီးအချက်အဖြစ် မြင်တွေ့ရသည့် 'အမျိုးသားရင်ကြားစေ့ရေး' ကိစ္စကို မြန်မာတိုင်းမ်နေ့စဉ်အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက ယခုဆောင်းပါးဖြင့် ချဉ်းကပ်သုံးသပ်ထားခြင်း ဖြစ်ပါသည်။
(၁)
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်၌ကျင်းပခဲ့သော အထွေထွေရွေးကောက် ပွဲကြီးတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကအနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ခဲ့သည်။ ယင်းသည် နှစ်ပေါင်း ၅၀ ကျော် ၆၀ နီးပါးခန့် ပျောက်ဆုံး မြုပ်ကွယ်နေခဲ့သော ဒီမိုကရေစီ ခရီးလမ်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်စတင် လျှောက်လှမ်းခဲ့ခြင်းလည်း ဖြစ်သည်။
သမ္မတကြီးဦးသိန်းစိန်၏ ပြည်ခိုင်ဖြိုးအစိုးရ သက်တမ်းပြည့်သော ၂၀၁၅ ခုနှစ်၌ ပြန်လည် ကျင်းပသော အထွေထွေရွေးကောက်ပွဲကြီးတွင်မူ ဒီမိုကရေစီအရေးကို ထောင်မကြောက် တန်း မကြောက်ဒူးမထောက်လက်မမြှောက်ဘဲ ၁၉၈၈ ခုနှစ်ကတည်းက တက်ကြွလှုပ်ရှားခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အနိုင်ရပြီး အစိုးရတာဝန်များကို ယူနိုင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင် ဆန်းစုကြည်က ဦးဆောင်နေခြင်းဖြစ်ရာ ပြည်သူ တို့သည် 'လူကို မကြည့်နှင့်၊ ပါတီကို ကြည့်ပါ' ဟူသော ဒေါ်အောင်ဆန်းစုကြည်၏စကားကို တစ်သဝေမတိမ်း နားထောင်ပြီး ကြယ်တစ်လုံးတပ်ဆင်ထားသော ခွပ်ဒေါင်းအလံ လွှင့်ထူထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တစ်ခဲနက်မဲပေးခဲ့ကြရာ နေရာအများစု အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲကြီး၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လှုံ့ဆော်စည်းရုံးရေး ဆောင်ပုဒ်မှာ 'ပြောင်းလဲချိန်တန်ပြီ'ဟူ၍ ဖြစ် သည်။ ယင်းဆောင်ပုဒ်သည် ပြည်သူတို့၏လက်ရှိ လာလုလုငေး စိတ်ခံစားမှုများနှင့် မျှော်လင့်ချက်များအားလုံးကို သိမ်းကျုံးဆွဲငင် ညှို့ယူနိုင်ခဲ့သော ဆောင်ပုဒ်လည်းဖြစ်သည်။ ထို့ကြောင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ပြောသည့်အတိုင်း ရွေးချယ်ခံကိုယ်စား လှယ် ဘယ်သူဘယ်ဝါ ဖြစ်သည်ကို မကြည့် မတွေးတော့ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို လက်သန်းအားမင်ဆွတ်၍ ပုံအောမဲပေး ခဲ့ကြခြင်း ဖြစ်သည်။
တစ်ဖက်ကလည်း သူ့လူတွေကို သူတာဝန်ယူ ပါသည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏စကားကို အြွကင်းမဲ့ ယုံကြည်ခဲ့ကြခြင်းလည်း ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စကားကိုအကြွင်းမဲ့ယုံကြည်ကြခြင်းမှာလည်း ဒေါ်အောင် ဆန်းစုကြည်အပေါ် နှစ်နှစ်ကာကာ ချစ်ခင် လေးစားကြခြင်းကြောင့်လည်း ဖြစ်သည်။ နိုင်ငံ တော်အား ယခုကဲ့သို့ ဒီမိုကရေစီခရီးလမ်းပေါ်သို့ ခြေချလျှောက်လှမ်းနိုင်ရန် စွန့်လွှတ်မှုပေါင်း မြောက်မြားစွာဖြင့် တစိုက်မတ်မတ် ဆောင်ရွက် ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆွတ်ဆွတ်ဖြူ စေတနာများမှာ ပြည်သူများသာမက တချို့သော စစ်တပ်ခေါင်းဆောင်များကပင် ရင်ထဲမှ အုံ့ပုန်း အသိအမှတ်ပြုခဲ့ကြသည်အထိ ဖြစ်သည်။ ထို့ကြောင့် ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ၌ အလုံအရင်းနှင့် အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီး၌ သောင်ပြိုကမ်းပြို အနိုင်ရ ခဲ့ခြင်းသည် အံ့သြဖွယ်တော့ မဟုတ်ခဲ့ပေ။
သို့ရာတွင် ချင့်ချိန်သူအများကမူ ဒေါ်အောင် ဆန်းစုကြည်နှင့် သူ၏ပါတီအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအပေါ် စောင့်ကြည့်အကဲခတ် နေခဲ့ကြသည်။ အတိုက်အခံပါတီအများစုကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ အတွေ့အကြုံများအပေါ် သံသယ မျက်လုံးများဖြင့် စောင့်ကြည့်အကဲခတ်ခဲ့ကြသည်။
စင်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ပါတီအပေါ် လက်သန်းမင်ဆွတ် ညွတ်ကိုင်းမဲပေး ခဲ့ကြသည့် ပြည်သူအများစုသည် ဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာအားကောင်းရေးအတွက် တစ်ခဲနက် ထောက်ခံခဲ့ကြသည်လားဆိုသည် မှာမူ အတိအကျပြောနိုင်ရန်ခက်ခဲသည်။ အသေအချာပြောနိုင်သည့်အချက်ကမူ 'ပြောင်း လဲလိုစိတ်' ဖြစ်သည်။ ပြည်သူအများစုသည် အပြောင်းအလဲတစ်ခု ဖြစ်စေရန်ဟူသော ရည်မှန်းမျှော်လင့်ချက်များဖြင့် ထောက်ခံမဲပေး ခဲ့ကြခြင်းဖြစ်သည်ကိုမူ သတိမူရန် လိုလိမ့်မည် ထင်သည်။ ပြောင်းလဲမှုဆိုရာ၌ အပိုင်းနှစ်ပိုင်းရှိသည်။ နှစ်ပေါင်းများစွာ ခါးစည်းခံစားခဲ့ရသော လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှု ဘဝနိမ့်ပါးမှုအသီးသီးမှ လွတ်မြောက်ပြောင်းလဲ လိုကြခြင်း ဖြစ်သည်။ သို့သော် ယင်းနိမ့်ပါးမှု များသည် အရှင်မွေးနေ့ချင်းကြီး ပြုလုပ်၍ ရနိုင်သော ပြောင်းလဲနိုင်မှုများ မဟုတ်သည်ကို လည်း မဲပေးခဲ့သူ ပြည်သူတချို့ အသိရှိခဲ့ကြသည်။ ယင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဘုရားပေးလက်ဆောင်ဟုပင် ဆိုနိုင်သည်။ သို့ရာတွင် စာနာနားလည်ပေးနိုင်သည့်ကြားမှပင် အားကိုးစိတ်များ ဖြစ်ပေါ်တတ်သည်မှာလည်း လူ့သဘာဝ ဖြစ်သည်။
ပြည်သူများ၏ ဒုတိယပြောင်းလဲလိုမှုမှာ စစ်ယူနီဖောင်းချွတ်တို့အား အစားထိုးပြောင်းလဲ လိုမှုဖြစ်သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းက တည်းက မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးတွင် စစ်ဘက်ကသာချုပ်ကိုင်ခဲ့ရာ အထွေထွေရွေး ကောက်ပွဲကြီးကျင်းပခဲ့သည့် ၂၀၁၀ ပြည့်နှစ်အထိ ဖြစ်သည်။ ယင်းရွေးကောက်ပွဲကြီး၌ အနိုင်ရ သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဆိုသည်မှာလည်း ၁၉၈၈ ခုနှစ်တွင် စတင် အုပ်ချုပ်ခဲ့သော စစ်အစိုးရက လူမှုရေးအသင်းကြီး အဖြစ် ဖွဲ့စည်းခဲ့သည်ကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့သည့် ပါတီဖြစ်သည်။ ထို့ကြောင့် ယင်းပါတီသည် စစ်အစိုးရကို ယူနီဖောင်းပြောင်း၍ ဖွဲ့စည်းခဲ့သည့်ပါတီအဖြစ် သတ်မှတ်ခဲ့ကြရာမှ ယင်းပါတီအစိုးရအပေါ်ကိုလည်း ထိုနည်းတူ ရှုမြင်ခံစားခဲ့ကြသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကြီးသည် ယင်းကို ပြောင်းလဲချင်သည့် ပြည်သူ များအတွက် ပြောင်းလဲနိုင်မှု အခွင့်အရေး ကောင်းတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တစ်ခဲနက် မဲပေးခဲ့ကြခြင်းဖြစ်သည်။ 'မြဲရာသံပတ်' ဆိုသကဲ့သို့ ပြည်သူတို့၏ ပြောင်းလဲလိုစိတ်နှစ်မျိုးကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ 'ပြောင်းလဲချိန် တန်ပြီ' ဆောင်ပုဒ်က 'အနာနှင့်ဆေး' အံဝင်ခွင်ကျ ကွက်တိ ဖြစ်သွားစေခဲ့ခြင်း ဖြစ်သည်။
(၂)
အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် အစိုးရအဖွဲ့၏ သမ္မတအဖြစ် ဦးထင်ကျော်ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပြီး သမ္မတဦးထင် ကျော်သည် မတ် ၃၀ ရက် နံနက် ၁၁ နာရီ ခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင်၌ သမ္မတဦးသိန်းစိန်ထံမှ နိုင်ငံတော် သမ္မတ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို လွှဲပြောင်း ယူခဲ့သည်။ သမ္မတ ဦးထင်ကျော်သည် ယင်းနေ့ မှာပင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ခန့်အပ် တာဝန်ပေးအပ်မှုများကို ကြေညာခဲ့သည်။ အခြားနိုင်ငံတော်အဆင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းမှုများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ ဝန်ကြီးချုပ်များ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများကိုလည်း ခန့်အပ်တာဝန် ပေးမှုများကို ကြေညာခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းမှု၌ ခန့်အပ်တာဝန်ပေးမှုများတွင် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတ ရုံးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနစသည့် ဝန်ကြီးဌာနလေးခု၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး ခံခဲ့ရသည်။ သို့ရာတွင် မတ် ၃၁ ရက်က ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့၌ 'နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ကြမ်း'ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄)မှ ဦးအောင်ကြည်ညွန့်က အဆို တင်သွင်းခဲ့ရာ ဧပြီ ၁ ရက်တွင် ကျင်းပသည့် ၁၅ ရက်မြောက် အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ်လေးဦးနှင့် တပ်မတော်သား ကိုယ်စားလှယ်သုံးဦးတို့က ဆွေးနွေးခဲ့ကြပြီး ထောက်ခံမဲ ၁၃၇ မဲ၊ ကန့်ကွက်မဲ ၇၀ နှင့် ကြားနေမဲ နှစ်မဲတို့ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ် တော်က အတည်ပြုခဲ့သည်။ ဧပြီ ၅ ရက်တွင် ပြည်သူ့လွှတ်တော်အတည်ပြုခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်အား ယူမည့်သူကို ယင်းဥပဒေကြမ်းအခန်း(၃)၌ '၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည် အားကိုးမှုဖြင့် တစ်ခဲနက်ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ် သည်'ဟူ၍ အတိအလင်းပြဋ္ဌာန်းခဲ့သည်ကို တွေ့ရသည်။
အမျိုးသားလွှတ်တော်က အတည်ပြုပြဋ္ဌာန်း လိုက်သော ယင်းဥပဒေအရ ဒေါ်အောင်ဆန်း စုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် မဆန့်ကျင်ဘဲ နိုင်ငံတော်နှင့် နိုင်ငံ သားများ၏အကျိုးစီးပွားများအတွက် အကြံ ပေးနိုင်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အဆိုပါဥပဒေကြမ်း၏ အခန်း(၂) ရည်ရွယ် ချက်များတွင် 'ပါတီစုံဒီမိုကရေစီစနစ် ထွန်းကား ရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက် ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး' စသည်ဖြင့် ဥပဒေကြမ်း၏ ရည်ရွယ်ချက်လေးချက်ကို ဖော်ပြထားပြီး အခန်း(၅) တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့် များ၏ အပိုဒ် (ဂ)တွင် 'အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေ ရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်'ဟု လုပ်ပိုင်ခွင့် များ အပ်နှင်းခဲ့သည်ကို တွေ့ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရ တာဝန်ကိုယူရာ၌ အင်အားခိုင်မာတောင့်တင်း စေရန် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)အရ နိုင်ငံတော်သမ္မတတာဝန်ကို ယူနိုင်ခြင်းမရှိသော ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးပေး၍ အစိုးရတာဝန်များ အားကောင်းမောင်းသန်ဖြစ်စေရန်နှင့် အောင်မြင် မှုများရရှိစေရန် နိုင်ငံ့ခေါင်းဆောင်အဖြစ် ကြိုးစား အားထုတ်ခဲ့ခြင်းဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)























