၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူတို့သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်လ်ဒီပါတီကို အားကိုးယုံကြည်မှုအပြည့်ဖြင့် မျှော်လင့်တကြီး ထောက်ခံမဲပေးခဲ့ကြသည်။ လာမည့်ဧပြီလဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ၏သက်တမ်း သုံးနှစ်ပြည့်တော့မည်ဖြစ်သည်။
ယင်း သုံးနှစ်တာကာလသည် အစိုးရအပေါ် ပြည်သူတို့၏ အားရကျေနပ်မှုများ မည်ကဲ့သို့ ရှိသနည်းဟု အဖြေရှာကြည့်ရန် လုံလောက်သောကာလတစ်ရပ် ဖြစ်သည်။ အဖြေတစ်ခုရှာရာ၌ သူ့ဘက်ကိုယ့်ဘက် ရှုထောင့်နှစ်ဖက်မှ ချဉ်းကပ်ကြည့်ရန် လိုအပ်ပါသည်။ တချို့ကိစ္စများဆိုလျှင် တတိယရှုထောင့်အမြင်ပါ ပါမှသာ ပြီးပြည့်စုံနိုင်ပါသည်။
ယခုဆောင်းပါး သည် ပြည်သူအမြင်အတွက် အစိုးရဘက်ကို ချဉ်းကပ်ကြည့်သော ဆောင်းပါးဖြစ်သည်။ ဒီမိုကရေစီစနစ်အရ အစိုးရသည် ပြည်သူ့အကျိုးစီးပွားကို အမြဲတမ်းရှေးရှုတာဝန်ခံရသည်။ သို့ရာတွင် ပြည်သူ့အကျိုးစီးပွားခရီးသို့ လျှောက်လှမ်းရာ၌ ဖြောင့်ဖြူးသည့်လမ်းချည်းလည်း မဖြစ်နိုင်။ မည်သို့သော အခက်အခဲများက အစိုးရ၏အလုပ်ကို နှောင့်နှေးစေသနည်း၊ မည်သို့သော အားနည်းချက်များက အစိုးရ၏တာဝန်များကို အားလျော့စေပါသနည်း။ ယင်းသို့အကဲဖြတ်သုံးသပ်ရာ၌ ပထမဆုံး အရေးကြီးအချက်အဖြစ် မြင်တွေ့ရသည့် ]အမျိုးသားရင်ကြားစေ့ရေး" ကိစ္စကို မြန်မာတိုင်းမ်နေ့စဉ်အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက ယခုဆောင်းပါးဖြင့် ချဉ်းကပ်သုံးသပ်ထားခြင်း ဖြစ်ပါသည်။
(၃)
ဤနေရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာပြီး ပူပူနွေးနွေးအချိန် ဧပြီလ ၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာက ရေးသားဖော်ပြခဲ့သော အယ်ဒီတာ့အာဘော် (ခေါင်းကြီး)ကို ဖော်ပြသင့်သည်ဟု ထင်ပါသည်။ ယင်းခေါင်းကြီး၏ခေါင်းစီးက ]အစိုးရသစ်အရည် အချင်းရှိသလား" ဟူ၍ဖြစ်သည်။ ယင်းခေါင်း ကြီးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ စွမ်းရည်နှစ်ခုကိုဖော်ပြထားပြီး အစိုးရ၏ အရည်အသွေးကိုတိုင်းတာရန် စံပေတံနှစ်ခုကို ချပြထားသည့်အတွက် စိတ်ဝင်စားဖွယ်ဖြစ်သည်။ ယင်းကို ဖော်ပြရသော် အောက်ပါအတိုင်းဖြစ်သည်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရွေး ကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရသည့်အခါ ဆန္ဒမဲပေးသူပြည်သူလူထုတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ အင်န်အယ်လ်ဒီအောင်ပွဲသည် မိမိတို့၏အောင်ပွဲဟု ထပ်တူမှတ်ယူကြသကဲ့သို့ အင်န်အယ်လ်ဒီအစိုးရသစ် ပေါ်ထွက်လာမည့်နေ့ရက် ကိုလည်းစိတ်ရှည်လက်ရှည်စောင့်မျှော်ကြသည်။
သို့သော် တစ်ဖက်တွင်လည်း မေးခွန်းထုတ်သံ တစ်ခုကြားလာရသည်။ အဲဒါက အစိုးရလုပ်မည့်သူ တွေ အရည်အချင်းရှိသလားဟူ၍ ဖြစ်သည်။ မေးခွန်းထုတ်သူများက အင်န်အယ်လ်ဒီကို မယုံ ကြည်သူ၊ အင်န်အယ်လ်ဒီအစိုးရတက်လာမည်ကို မနှစ် သက်သူတွေဖြစ်သည်။ သူတို့မေးခွန်းကြောင့် အင်န်အယ်လ်ဒီလိုလားသော ပြည်သူအချို့ထဲမှာပါ စိုးရိမ်ပူပန်မှုများရှိခဲ့သည်။
အကြောင်းက တစ်ခါမှ အုပ်စိုးသူမဖြစ်ဖူးဘဲ နှစ်ပေါင်းများစွာ အတိုက်အခံဘဝမှာ နေလာသူတွေ သည် အစိုးရအလုပ်ကိုလုပ်နိုင်ပါမည်လား၊ လုပ် ကော လုပ်တတ်မည်လားဟူသော ဆင်ခြေကန် စဉ်းစားနည်းကြောင့်ဖြစ်သည်။ စင်စစ်နိုင်ငံရေး သမားဆိုသည်မှာ အာဏာမရသည့်အခါ အတိုက် အခံဖြစ်သော်လည်း အာဏာရအောင်လုပ်နိုင်လျှင် ကား အစိုးရအလုပ်ကို လုပ်နိုင်စမြဲဖြစ်သည်။
နှစ်တစ်ရာကျော် ကိုလိုနီနယ်ချဲ့လက်အောက်မှာ ကျွန်ဘဝကျရောက်ခဲ့သည် မြန်မာတွေ လွတ်လပ် ရေးရသည့်အခါ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်တိုင်း ပြည်နှင့် ကိုယ့်အစိုးရဖြစ်လာခဲ့သည်မဟုတ်လား။ တို့ဗမာတွေ အစိုးရမလုပ်ဖူးလို့ လုပ်တတ်သော နယ်ချဲ့များကိုပဲ ဆက်လက်အပ်နှံထားရမည်ဟု ဘယ်သူစဉ်းစားဖူးသလဲ။
ယခုလည်း ထိုနည်းအတိုင်းပါပဲ။ ယခင်မအုပ် စိုးဖူးသော်လည်း ယခုတော့ပြည်သူက တင်မြှောက် သဖြင့် အစိုးရလုပ်ကြတော့မည်။ အရေးကြီးတာ တိုင်းပြည်အတွက်ထားရှိသည့် စေတနာပါပဲ။ သို့သော်ထားပါတော့။ မေးမြန်းသူတို့ ပြောသော စကားကို ပြန်ကောက်ပါမည်။ အင်န်အယ်လ်ဒီတွေမှာ ဘာအရည်အချင်းရှိသလဲ။ အင်န်အယ်လ်ဒီမှာ ကြီးမားသော အရည်အချင်းနှစ်ရပ်ရှိပါသည်။
တစ် ။ နှစ်ပေါင်းများစွာ ချေမှုန်းတိုက်ဖျက် သည့်ကြားက၊ စိတ်ဓာတ်မပျက်၊ လမ်းစဉ်မပျက်၊ အဖွဲ့အစည်းမပျက်အောင် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ သည့် ဇွဲသတ္တိရှိသည်။
နှစ် ။ အခြေအနေ အခွင့်အခါပေးသည်နှင့် တစ်ပြိုင်နက် စုစည်းညီညွတ်စွာ စည်းရုံးလှုပ်ရှားကာ အောင်ပွဲရယူနိုင်သော အစွမ်းသတ္တိရှိသည်။ ဇွဲနှင့် စွမ်းရည်။
အဲဒါသည်အားလုံးသိပြီးဖြစ်သည့် အင်န် အယ်လ်ဒီ၏အရည်အချင်းများဖြစ်သည်။ အဲသည် အရည်အချင်းနှစ်ရပ်နှင့် တိုင်းပြည်အတွက်ထား ရှိသည့် စိတ်စေတနာတို့ပေါင်းစပ်ကာ အင်န်အယ်လ်ဒီ အစိုးရ တာဝန်ယူဆောင်ရွက်ကြတော့မည်။
သို့သော် လက်တွေ့လောကကတော့ စိတ် စေတနာတို့၊ အရည်အချင်းတို့ထက် အကျိုးရလဒ်ကို ကြည့်ကာသာ အစိုးရသစ်၏ စွမ်းရည်ကို အကဲ ဖြတ်ကြမည်ဖြစ်သည်။
သည်တွင် မျှတစွာ အကဲဖြတ်မည့်သူတို့အတွက် တိုင်းတာရန် စံပေတံနှစ်ခုရှိသည်ဟု မြင်ပါသည်။ တစ်ခုက ယခင်နှစ် ၅၀ ကာလတစ်လျှောက် တိုင်းပြည်ကို စီမံအုပ်ချုပ်ခဲ့သည့် အစိုးရအဆက် ဆက်တို့၏ စွမ်းရည်ဖြစ်သည်။
ထိုအစိုးရအဆက်ဆက်တို့ တိုင်းပြည်တိုးတက် အောင် မည်မျှလုပ်ဆောင်နိုင်ခဲ့ပါသလဲ။ အဲဒါသည် နှိုင်းယှဉ်တိုင်းတာစရာစံတစ်ခုဖြစ်သည်။ နောက်စံ ပေတံတစ်ခုကတော့ ပြည်သူအသိအမှတ်ပြုမှုဖြစ် သည်။
အစိုးရသစ်၏ ဆောင်ရွက်မှုတွေအပေါ် ၎င်းအားတစ်ခဲနက် ရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူတွေ ကျေနပ်အားရမှုရှိသလား မရှိဘူးလား ဟူသော အချက်ဖြစ်သည်။
အဆိုပါ ဒုတိယပေတံသည်ပင် အစိုးရသစ် အရည်အချင်း ရှိမရှိ အကဲဖြတ်နိုင်မည့် ပို၍အရေး ကြီးသော စံပေတံ ဖြစ်သည်ဟု ဆိုချင်သည်"ဟူ၍ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ရွေးကောက်ပွဲသက်တမ်းအရ ၂၀၂၀ ပြည့်နှစ် အထိ အစိုးရတာဝန်များနှင့် ဥပဒေပြုရေး တာဝန်များကို ထမ်းဆောင်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့အလင်းအစိုးရသတင်းစာ ခေါင်းကြီးပါ ပေတံနှစ်ချောင်းမှာလည်း ၂၀၂၀ ပြည့်နှစ်အထိ စံတိုင်းစရာများအဖြစ် အသက် ဝင်ရှိနေဦးမည်သာဖြစ်သည်။ ယင်းခေါင်းကြီး၌ ဖော်ပြထားသည့်အတိုင်း ]ဒုတိယပေတံ" က ပိုပြီးတော့အရေးပါသည်။ အစိုးရအပေါ် ပြည်သူ တို့၏ အားရကျေနပ်မှု ရှိခြင်းသည် စံမီသော ပေတံဖြစ်ပြီး အားရကျေနပ်မှုမရှိလျှင် စံမမီပေတံ ဖြစ်ပေလိမ့်မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ သည် ၂၀၁၆ ခုနှစ် ဧပြီလက အစိုးရတာဝန်များကို စတင်တာဝန်ယူထမ်းဆောင်လာခဲ့ရာ ယခုဆိုလျှင် သက်တမ်းအားဖြင့် နှစ်နှစ်ခွဲကျော် သုံးနှစ် အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ပြီလည်း ဖြစ်သည်။ တိတိကျကျပြောရလျှင် လာမည့် ဧပြီလဆိုလျှင် အစိုးရသက်တမ်း သုံးနှစ်ပြည့် တော့မည်ဖြစ်ရာ သုံးနှစ်ပြည့်ရန် လပိုင်းမျှသာ လိုတော့သည်။ ယင်းသက်တမ်းအတွင်းမှ အစိုးရ၏ဆောင်ရွက်ချက်များနှင့် စွမ်းဆောင် ချက်များကို လေ့လာသုံးသပ်ပြီး အစောကပြော ခဲ့သည့် ပေတံနှစ်ချောင်းနှင့် တိုင်းတာလျှင် မည်သို့သော အဖြေထွက်လာမည်နည်း။ စံမီ ပေတံဖြစ်မည်လော သို့မဟုတ် စံမမီပေတံဖြစ် မည်လော။
(၄)
ဒီမိုကရေစီဟူသည် ဆန္ဒအသီးသီးကို တရားမျှတမှုနှင့် တန်းတူညီမျှ ဘောင်အတွင်းမှ လွတ်လပ်ခွင့်ပြုရသည့်စနစ် ဖြစ်သည်။ ယင်းသို့ လွတ်လပ်စွာတည်ရှိနေသော ဆန္ဒ အသီးသီးကို ညီမျှမှု အင်အားအဖြစ် စုပေါင်းအားထုတ်နိုင် စွမ်းသည် ဒီမိုကရေစီအစိုးရတစ်ရပ်၏ ကြီးမား သော၊ ကြီးလေးသော တာဝန်လည်း ဖြစ်သည်။ ယင်းတာဝန်ကို ကျေပွန်နိုင်မှသာ အရည်အသွေးရှိ အစိုးရအဖြစ် သတ်မှတ်နိုင်သည်။
မြန်မာ့နိုင်ငံရေးသည် သမိုင်းကြောင်း နောက်ခံအရသော်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း အသွင် တစ်မူရှိနေခဲ့သည်မှာလည်း ငြင်းမရသောအခိုင် အမာ အချက်ဖြစ်သည်။
ညံ့ဖျင်းသောအုပ်ချုပ်မှု၊ လွဲမှားသောစီမံ ခန့်ခွဲများဖြင့် အုပ်ချုပ်ခဲ့ကြသော အစိုးရအဆက် ဆက်တို့၏ဒဏ်ကို နှစ်ပရိစ္ဆေဒမြောက်မြားစွာ ခံစားခဲ့ရမှုများနှင့်အတူ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့် လူမှုဘဝကဏ္ဍအစုံ၌ နိမ့်ပါး ဘဝ ရောက်ခဲ့ရသည့် လက်တွေ့ဖြစ်စဉ်များက ဒီမိုကရေစီ အစိုးရများအပေါ် ယုံကြည်အားကိုး မှုများ ခေါင်ခိုက်စေခဲ့သည်။ ဆိုလိုသည်မှာ ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ရာ၌ တာဝန် ယူရသော အစိုးရတစ်ရပ်သည် ယင်းသမိုင်း ဖြစ်စဉ်ကြောင့် ပြည်သူများ၏ မျှော်လင့်ချက်များကို ဝန်တစ်ခုသဖွယ် ထမ်းရလေ့ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုအချက်ကပင် မြန်မာ့ဒီမိုကရေစီ အစိုးရများကို ဒီမိုကရေစီအခြေကျဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးစ အခြားနိုင်ငံများထက် ပိုမိုကြီးမားသော တာဝန် ဖြစ်စေသည်။ သို့ရာတွင် နှစ်ပေါင်းများစွာ နိမ့်ပါးခဲ့သည့် အခြေအနေဆိုးများကို သိကြား မင်းပင်နေ့ချင်းညချင်း ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ပေ။
၂၀၁၁ ခုနှစ်က စတင်ခဲ့သော မြန်မာ့ဒီမို ကရေစီခရီးလမ်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ လက်ရှိ သက်တမ်းကာလအပါအဝင် ယခင်ပြည်ခိုင်ဖြိုးအစိုးရတို့သည် သမိုင်းကာလ တစ်ခုရှည်ကြာစွာ နက်ခဲ့သော လူမှုဘဝနိမ့်ပါးမှု အဝ၀ကို ပြည်သူကျေနပ်ဖွယ် အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းမြှင့်တင်ပေးနိုင်မှု မရှိခြင်း မှာလည်း အတိအလင်း ဝန်ခံရမည့်အချက်ဖြစ် သည်။ နိမ့်ပါးမှုသမိုင်းဆိုးသည် တိကျပြတ်သား သောမူဝါဒနှင့် စီမံချက်များချမှတ် လုပ်ကိုင်ရန် အစိုးရကို ခက်ခဲရှုပ်ထွေးစေသည်။ အစိုးရသည် ကောင်းမည်၊ သင့်တော်မည်ထင်သည်များကို အကောင်းဆုံး မူဝါဒနှင့်စီမံချက်အဖြစ် ချမှတ် လုပ်ကိုင်နေရသည်။ အားမနာတမ်းပြောရလျှင် စမ်းတဝါးဝါး မူဝါဒများဖြင့်သာလုံးလည်ချာလည် လိုက်နေရသည်။
ယင်းအတွက် အစိုးရများကို ဝေဖန်ပြစ် တင်လျှင် မတရားရာ ရောက်မည်။ ဒီမိုကရေစီ စနစ်က ပေးအပ်လာသော အခွင့်အရေးများနှင့် ပြည်သူများက မိမိဆန္ဒ၊ မိမိဘဝအတွက် မျှော်လင့်ချက်များ မိုးထိုးလာချိန်တွင် တာဝန်ရှိ အစိုးရများက သမိုင်းချီအမြစ်တွယ်နေခဲ့သော နိမ့်ပါးမှု အခြေအနေဆိုးများကို ဖြစ်ပေါ်စေခဲ့သည့် အကြောင်းရင်းများနှင့် ရင်ဆိုင်နပန်းလုံးနေရဆဲ ဖြစ်သည်။ ယင်းတွင် ပြည်တွင်းမငြိမ်းချမ်းမှုများက အစိုးရ၏ဒီမိုကရေစီခြေလှမ်းများကို တုံ့နှေး စေခဲ့ပြန်သည်။ နိမ့်ပါးမှုမှ ကယ်တယ်မြှင့်တင်ရေး အိပ်မက်များကို ဝိုးတဝါးနှင့် နိုးတစ်ဝက်ဖြစ်စေ ပြန်သည်။ ယခုဆိုခဲ့သည့် စိန်ခေါ်မှုများကို ယခင်ငါးနှစ် သက်တမ်းက ပြည်ခိုင်ဖြိုးအစိုးရ ရင်ဆိုင်ဖြတ် သန်းခဲ့ရသကဲ့သို့ လက်ရှိအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလည်း ရင်ဆိုင်ဖြတ်သန်းနေရဆဲ ဖြစ်သည်။ သို့သော် အမျိုးသားဒီမိုကရေစီအစိုးရ အတွက် စိန်ခေါ်မှုများက ပြည်ခိုင်ဖြိုးအစိုးရ ထက် ပိုမိုခက်ခဲကြမ်းတမ်းနေသည်ကိုလည်း တွေ့မြင်နေရသည်။
(ဆက်လက်ဖော်ပြပါမည်)






















