ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် ပရဟိတဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်သည် ကျောင်းတိုက်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေမှုကို သက်ဆိုင်ရာက ဇန်နဝါရီ ၂၈ ရက်တွင် အမှုဖွင့်စုံစမ်းလျက်ရှိသည်။
အဆိုပါနေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် နွားခြံကုန်းအုပ်စုကုန်းသာကျေးရွာ နှင့်ဇီးပင်လှကျေးရွာအုပ်စုအကြား ရိုးမပတ်လမ်းဘေးရှိ ပရဟိတဘုန်းတော်ကြီးကျောင်း၏ ကျေ ာင်းထိုင်ဆရာတော်သည် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သက်ဆိုင်ရာ၏စုံစမ်းချက်အရ ကျောင်းထိုင်ဆရာတော်သည် ဦးစိတ္တရ(၆၅ နှစ်)ဖြစ်ပြီး ကျောင်းတိုက်အတွင်း ဦးခေါင်း ပြတ်ရှ၊ ဝဲမျက်ခုံးအောက်ပြတ်ရှ၊ မေးစေ့အောက်ပြတ်ရှ၊ဝဲဘက် နားထင်ပြတ်ရှ ဓားဒဏ်ရာများရရှိသေဆုံးနေသည်ကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့သည်။
ဆရာတော်မှာ ကျောင်းတိုက်အတွင်း တစ်ပါးတည်းသီတင်းသုံးနေထိုင်လျက်ရှိပြီး အခင်းဖြစ်နေ့ညပိုင်းတွင် ကျောင်းတိုက်အတွင်းရှိ ဝါးကုလားထိုင်ပေါ်၌ ထိုင်လျက်အနေအထားဖြင့် ဒဏ်ရာများရရှိ သေဆုံးနေသည်ကို ရွာသားတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ မှတ်တိုင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသည်။

















