အလုပ်သမားနှစ်ရာကျော်ထံမှ ငွေကြေးလိမ်လည်နေသော ဂိုဏ်းကို ဖမ်းမိ

အလုပ်သမားနှစ်ရာကျော်ထံမှ ငွေကြေးလိမ်လည်နေသော ဂိုဏ်းကို ဖမ်းမိ

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလိုင်စင်မရှိဘဲ လိုင်စင်ရှိသကဲ့သို့ ဟန်ဆောင်၍ အလုပ်သမားနှစ်ရာကျော်ထံမှ တစ်ဦးလျှင် ၁၀သိန်းဝန်းကျင် လိမ်လည်ခဲ့သော ချင်းမိုင်ကုမ္ပဏီအမည်ရှိ လူလိမ်ဂိုဏ်းအား ဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းကုမ္ပဏီသည် မြောက်ဥက္ကလာပမြို့နယ်တွင် ရုံးခန်းဖွင့်လှစ်ထားသည်။ ချင်းမိုင်ကုမ္ပဏီပြည်ပအလုပ်အကိုင် အေဂျင်စီ ဆိုင်းဘုတ်တပ်ပြီး အနယ်နယ်အရပ်ရပ်ရှိပွဲစားများနှင့် ပေါင်း၍ တောရွာနေ လူငယ်လူရွယ်များအား ထိုင်းနိုင်ငံသို့ပို့ပေးမည်ပြောကာ လိမ်လည်နေခြင်းဖြစ်သည်။

"ကျွန်တော်တို့ကိုထိုင်းနိုင်ငံ အုန်းနို့ဗူးစက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုပြီး ၇.၁၁.၂၀၁၈နေ့မှာ မြောက်ဥက္ကလာပက ချင်းမိုင်ကုမ္ပဏီမှာ စာချုပ်ချုပ်ပါတယ်။တစ်ဦးလျှင်ကျပ်ငွေ ၉သိန်း၈သောင်းစီကို ဒါရိုက်တာ ဦးသန်းဝင်းရဲ့သား ကိုထိန်လင်းအောင်ကို ပေးခဲ့ရပါတယ်။ပင်လုံခန်းမမှာ စာချုပ်သွားချုပ်စရာမလိုဘူး။ ဒီမှာချုပ်ရင်ရပြီ၊အတူတူပဲလို့ပြောပါတယ်။''ဟု အလိမ်ခံခဲ့ရသူ မောင်ဖြိုးဝေအောင်က ပြောကြားခဲ့ကြောင်း MOEAF က ထုတ်ပြန်သည်။

ထို့ပြင်'' ၂၃.၁၂.၂၀၁၈နေ့မှာ မြဝတီကို ရန်ကုန်ကတစ်ဆင့်ခေါ်ဆောင်သွားခဲ့ပြီး မြဝတီမှာရက်အနည်းငယ်နေထိုင်ရဦးမယ်ဆိုပြီး နေထိုင်စေခဲ့ပါတယ်။ မြဝတီမြို့မှာ ၂၈ရက်ကြာတဲ့အထိစောင့်ခဲ့ရပြီး ထူးခြားမှုမရှိခဲ့တဲ့အပြင် ပွဲစားတွေရဲ့ပုံစံ မူမမှန်လို့ ရန်ကုန်ကိုပြန်ဆင်းခဲ့ပြီး MOEAF ရုံးချုပ်ကို လာရောက်တိုင်ကြား အကူအညီတောင်းခံခဲ့ပါတယ်။ MOEAFတာဝန်ရှိသူတွေစစ်ဆေးပေးမှပဲ အဲဒီချင်းမိုင်ကုမ္ပဏီဟာ လိုင်စင်မရှိဘဲ လုပ်စားကုမ္ပဏီဖြစ်ကြောင်းသိရပါတယ်။ MOEAF က လူကြီးတွေကပဲ ကျွန်တော်တို့ကို စောင့်ရှောက်ပေးခဲ့ပြီး ရဲစခန်းမှာ အမှုဖွင့်အရေးယူနိုင်အောင်စီစဉ်ပေးခဲ့ပါတယ်''ဟု အလိမ်ခံခဲ့ရသူ မောင်ဖြိုးဝေအောင်က ပြောကြားခဲ့ကြောင်း MOEAF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းချင်းမိုင် ကုမ္ပဏီသည် service (ဝန်ဆောင်မှု)လိုင်စင်သာရယူထားပြီး ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲ လုပ်သားစုဆောင်းခြင်း၊ငွေကြေးလိမ်လည်ကောက်ခံခြင်းများကို ဂိုဏ်းဖွဲ့၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ယင်း အလုပ်သမား ၂၀ဝကျော်သည် မြဝတီမြို့တွင် ၂၈ရက်မှ ၃လကျော်အထိ နေခဲ့ကြရသည်။ အချို့ကို ထားဝယ်၊ထီးခီးလမ်းမှ Border pass ဖြင့် ထိုင်းနိုင်ငံ ကချနပူရီခရိုင်သို့ ဝင်ရောက်စေပြီး ဘန်ကောက်သို့တရားမဝင်နယ်ကျော်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များသည် မြန်မာနိုင်ငံသားမှတ်ပုံတင်ရှိပါက Border Pass ဖြင့်တရားဝင်တစ်ပတ်နေထိုင်လည်ပတ်ခွင့်ရသော်လည်း မဲဆောက်၊ ကချနပူရီစသော ခရိုင်များထက်ကျော်လွန်၍ သွားလာခွင့်မရပေ။ ၎င်းတို့အနေဖြင့် နယ်စပ်ကိုတရားဝင်ဖြတ်ကျော်၍ ဘန်ကောက်အထိတရားမဝင်ဖြတ်ကျော်စေခဲ့ခြင်းဖြစ်သည်။ 
ဤသို့ တရားမဝင်ပို့ဆောင်ပေးခဲ့သောလူပေါင်း ၁၀ဝ၀ကျော်ရှိပြီဖြစ်ကြောင်း MOEAF က ဆိုသည်။

မြန်မာလူငယ်လူရွယ်များပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်ရန် ကြိုးစားမှုမြင့်တက်လျှက်ရှိကြရာတွင် ယင်းကဲ့သို့အလိမ်ခံနေရမှုများ၊ ပွဲစားများ၏ ခေါင်းပုံဖြတ်ခံနေရမှုများ၊ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်စားနေသူများ၊ဘာသာစကားသင်တန်းကျောင်းဖွင့်ပြီး ခိုးပို့နေသူများ စသော အခွင့်အရေးသမားများ မြို့တိုင်းရွာတိုင်းတွင်ပျံ့နှံ့နေသဖြင့် သက်ဆိုင်ရာများက စီမံချက်ချ၍ အမြန်ဆုံးအရေးယူဆောင်ရွက်ရန် လိုအပ်နေကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)က အကြိမ်ကြိမ်အကြံပြုတင်ပြခဲ့သည်ဟု (MOEAF)၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး