မင်္ဂလာဒုံမြို့နယ်တွင် သူငယ်ချင်းနှစ်ဦး ဘီယာသောက်ရင်းစကားများရာမှ စကေဘာဖြင့်ထိုးသဖြင့် တစ်ဦးသေဆုံးခဲ့မှု ယနေ့ဇန်နဝါရီ ၃၀ ရက်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၁ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝရပ်ကွက် ပိတောက်လမ်းနေ ဦးဝင်းနိုင်သည် ၎င်း၏နေအိမ်၌ အိပ်နေခဲ့သည်။
ထိုစဉ် ဦးဝင်းနိုင်၏ သမက်ဖြစ်သူ ဆိုင်ကယ်ကယ်ရီမောင်း မြတ်သူစိုး(၃၀ နှစ်)မှာ အလယ်ရွာလမ်းနေ စိုးမင်းထွန်း၏ နေအိမ်တွင် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက အကြောင်းကြားသဖြင့် ဦးဝင်းနိုင်က သွားရောက်ကြည့်ရှုခဲ့သည်။
သမက်ဖြစ်သူသည် စိုးမင်းထွန်း၏ နေအိမ်ရှေ့ခန်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် စုံစမ်း မေးမြန်းရာ ဇန်နဝါရီ ၂၉ ရက်နေ့ ည ၁၀ နာရီခန့်က စိုးမင်းထွန်းနှင့် မြတ်သူစိုးတို့ နှစ်ဦး ဘီယာအတူသောက်ရင်း စကားများရန်ဖြစ်စဉ် စိုးမင်းထွန်းက စကေဘာဖြင့်ထိုးခဲ့ကြောင်း ပတ်ဝ န်းကျင်၏ ပြောပြချက်များအရ သိခဲ့ရသည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်များအရ သေဆုံးသူတွင် ရင်ဘက်ထိုးသွင်း၊ ဝမ်းဗိုက်ထိုးသွင်း၊ ဝဲလက်မောင်းထိုးသွင်း၊ယာပေါင်ထိုးသွင်း၊ဝဲလက်ဖဝါးပြတ်ရှ၊အောက်မေးရိုးပြုတ်ဒဏ်ရာ စုစုပေါင်း ထိုးသွင်း ဒဏ်ရာ ၁၀ ချက်၊ ပြတ်ရှဒဏ်ရာတစ်ချက်တို့ရရှိသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အရေးယူပေးရန် ဦးဝင်းနိုင်က တိုင်ကြားခဲ့သည်။
မင်္ဂလာဒုံမြို့နယ် ပုလဲအရံမီးသတ်တပ်ဖွဲ့က အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး မင်္ဂလာဒုံမြို့မရဲစခန်းက(ပ)၁၂၃/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်အရေးယူထားသည်။

















