လွိုင်လင်ခရိုင် ကာလိမြို့တွင် လက်နက်ခဲယမ်းများသယ်ဆောင်လာသူကို ဖမ်းမိ
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကာလိမြို့ တာကော်ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ လက်နက်ခဲယမ်းများသယ်ဆောင်လာသူကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးအရေးယူခဲ့မှု ဇန်နဝါရီ ၂၉ ရက်က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၇ နာရီခန့်တွင် ကျိုင်းတုံမှ ကာလိမြို့ဘက်သို့ မောင်းနှင်လာသည့် မိုင်းဆက်မြို့ မင်းကောင်းရပ်ကွက်နေ စိုင်းခမ်းခေါင် (ခ) စိုင်းခေါ် (၃၀ နှစ်)၏ ယာဉ်ကို တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ သက်ဆိုင်ရာက တားဆီးစစ်ဆေးခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် ၉ မမ ပစ္စတို သုံးလက်၊ အမ် ၁၆ အမျိုးအစား သေနတ် တစ်လက်၊ ၉ မမကျည် ၅၀ တောင့်ပါ ၁၁ ဘူး၊ ၅ ဒသမ ၅၆ ကျည် ၂၈ တောင့်၊ ပွိုင့် ၃၈ဗို့ ကျည် ၅၀ တောင့်ပါ သုံးဘူး ၊ အမ် ၁၆ ကျည်အိမ် တစ်ခုတို့ကို ရှာဖွေတွေ့ရှိသဖြင့် ကာလိနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားသည်။

















