ထောင်ဝင်စာပို့သည့် ခေါင်းလျှော်ရည်ဗူးအတွင်း စိတ်ကြွဆေးများထည့်သွင်းသယ်ဆောင်သူ နှစ်ဦးကို အရေးယူ

ထောင်ဝင်စာပို့သည့် ခေါင်းလျှော်ရည်ဗူးအတွင်း စိတ်ကြွဆေးများထည့်သွင်းသယ်ဆောင်သူ နှစ်ဦးကို အရေးယူ

မြောင်းမြအကျဉ်းထောင်သို့ ထောင်ဝင်စာပေးပို့သည့် ခေါင်းလျှော်ရည်ဗူးအတွင်း စိတ်ကြွဆေးပြား များထည့်သွင်းသယ်ဆောင်လာသူနှစ်ဦးကို သက်ဆိုင်ရာက ဇန်နဝါရီ ၂၉ ရက်တွင် အမှုဖွင့် အရေးယူခဲ့သည်။ 

အဆိုပါနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မြောင်းမြမြို့ အကျဉ်းထောင်၌ ထောင်ဒဏ်(၂၉)နှစ်ကျခံနေရသူ အကျဉ်းသား မင်္ဂလာဒုံမြို့နယ်နေ နိုင်လင်းထွန်း(ခ)ဖိုးခွေး(ခ)တင်ကိုဦး(၂၈)နှစ်ထံသို့ ထောင်ဝင်စာလာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထောင်ဝင်စာလာရောက်တွေ့ဆုံခဲ့သူနှစ်ဦးမှာ ပန်းဘဲတန်းမြို့နယ်နေ ဇော်မင်းကိုကို(ခ)ရာမန်(၂၁)နှစ်နှင့် မြဝတီမြို့ နေ မပိုးအိဖြူ (ခ)မပိုးအိ(၂၄)နှစ်တို့ဖြစ်ပြီး ထောင်ဝင်စာအဖြစ် ပို့ဆောင်ပစ္စည်းများထဲမှ မသင်္ကာဖွယ်ရာပစ္စည်းများပါရှိကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

၄င်းတို့ပို့ဆောင်သည့် CLEAR MEN တံဆိပ်ပါခေါင်းလျှော်ရည်ဘူးနှစ်ဘူးအတွင်း WYတံဆိပ်ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀ ပြား၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၂၈)ပြား၊ အစိမ်းရောင်ဆေးပြား(၂)ပြား စုစုပေါင်း(၃၅၀)ပြားကို စစ်ဆေးတွေ့ရှိခဲ့သည်။ 

၎င်းတို့နှစ်ဦးကို စစ်ဆေးရာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ လက်ကိုင်ဖုန်းနှစ်လုံးတို့နှင့်အတူ စီးနင်းလာသည့် ပရိုဘောက်စ်ယာဉ်တို့အား အမှုဖြင့် သိမ်းဆည်းနိုင်ခဲ့သည်။

မြောင်းမြမြို့မရဲစခန်းက မယ(ပ)၁/၁၉ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။