အင်းစိန်မြို့နယ်တွင် မူးယစ်မှုဖြင့် တရားရုံးထုတ်ခဲ့သည့်အချုပ်သားက ဝမ်းဗိုက်အတွင်း စိတ်ကြွ ဆေးပြားများမျိုချထည့်သွင်းယူဆောင်လာမှုကို သက်ဆိုင်ရာက ဇန်နဝါရီ ၂၉ ရက်နေ့တွင် အမှုဖွင့် အရေးယူခဲ့သည်။
ဖြစ်စဉ်မှာ မူးယစ်မှုဖြင့်ဖမ်းဆီးခံထားရသူ ကြည်မြင်တိုင်မြို့နယ်နေ ဝင်းနွယ်(ခ)အဖိုးကြီး(၄၀ နှစ်)ကို ဇန်နဝါရီ၂၈ရက်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်အချုပ်မှ အင်းစိန်မြို့နယ်တရားရုံးသို့ ရုံးထုတ်ခဲ့သည်။
၎င်းသည် ယင်းနေ့ ညနေ ၆ နာရီခန့်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်အချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဝမ်းဗိုက်အတွင်းမူးယစ်ဆေးဝါးများမျိုချထည့်သွင်း ယူဆောင်လာကြောင်း သက်ဆိုင်ရာက သတင်းရရှိခဲ့သည်။
ထို့ကြောင့် ဝင်းနွယ်(ခ)အဖိုးကြီးကို အကျဉ်းထောင်သို့ ခေါ်ဆောင်ကာ ဓာတ်မှန်ရိုက် စစ်ဆေးခဲ့သည်။
သတင်းစာစက္ကူဖြင့်ပတ်ထားသည့် အထုပ်နှစ်ထုပ်ကို ၎င်း၏ဝမ်းဗိုက်အတွင်း တွေ့ရှိရသဖြင့် အကျဉ်းထောင်ရှိ အခန်းတစ်ခန်းတွင် သီးသန့်ထားရှိခဲ့သည်။
ထို့နောက် ဇန်နဝါရီ ၂၉ ရက်တွင် ၎င်းကအိမ်သာအသုံးပြုချိန်၌ ဝမ်းဗိုက်အတွင်းမှ သတင်းစာစက္ကူ အပိုင်းအစဖြင့်ပတ်လျက် ပလတ်စတစ်အိတ်ငယ်ဖြင့် ထုတ်ပိုးထားသည့် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၀၁ ပြား (ကျပ် ၁၂၅၂၅၀ဝ) ဖိုးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် အရေးယူပေးရန် မူးယစ်တပ်ဖွဲ့စု (၄၀ )မှ ဒုရဲမှူးစိုးနိုင်က တိုင်ကြားခဲ့သည်။
အင်းစိန်မြို့မရဲစခန်းက မယ(ပ)၃၃/၁၉ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က) အရ အမှုဖွင့် အရေးယူထားသည်။

















