မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဧရာဝတီ ယူနိုက်တက်အသင်းသည် ယခုနှစ်ရာသီတွင် အသင်းနည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့သည့် ဦး အောင်ခိုင်နေရာ၌ လက်ရွေးစင်ကစားသမား ဟောင်း ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့ ကြောင်း သိရသည်။
ပြောင်းလဲခန့်အပ်
ပြီးခဲ့သည့် ရာသီကဧရာဝတီယူနိုက်တက် အသင်းနည်းပြချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သည့် ဦးကျော်လွင်နေရာ၌ ယာယီနည်းပြချုပ်အဖြစ် လက်ထောက်နည်းပြ ဦးအောင်ခိုင်က တာဝန် ယူခဲ့သည်။ ယခုနှစ်ရာသီတွင် အမြဲတမ်း နည်းပြချုပ်အဖြစ် ဦးအောင်ခိုင်ကို ဧရာဝတီ ယူနိုက်တက်က တာဝန်ပေးခဲ့သော်လည်း နေရှင်နယ်လိဂ်ပွဲစဉ် သုံးပွဲသာ ကိုင်တွယ်ခဲ့ရပြီး နည်းပြအပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။ ဧရာ ဝတီယူနိုက်တက်သည် ဦးမျိုးလှိုင်ဝင်းကိုနည်းပြ ချုပ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဦးအောင်ခိုင်ကို လက်ထောက်နည်းပြအဖြစ် ပြောင်းလဲတာဝန် ပေးခဲ့သည်။
စွမ်းဆောင်ပေး
ဧရာဝတီယူနိုက်တက်က ခန့်အပ်ခဲ့သည့် ဦးမျိုးလှိုင်ဝင်းသည် မြန်မာ့လက်ရွေးစင် ကစား သမားဘဝတွင် တိုက်စစ်မှူးအဖြစ် ဂိုးမြောက် မြားစွာသွင်းယူပေးခဲ့သူဖြစ်ပြီး နေရှင်နယ်လိဂ် ခေတ်ဦးပိုင်းက ရန်ကုန်ယူနိုက်တက်နည်းပြ ချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည်။ ထို့နောက် နေပြည်တော်အသင်းနည်းပြချုပ်အဖြစ် တာဝန် ယူခဲ့ပြီး အသင်းအား အေအက်ဖ်စီဖလားယှဉ် ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ကမ်းလှမ်းထား
ထို့နောက် မြန်မာ့လက်ရွေးစင်ယူ--၁၉ အသင်းနည်းပြချုပ်အဖြစ် နှစ်ကြိမ်တိုင်တာဝန် ယူခဲ့ပြီး ၂၀၁၈ အာဆီယံယူ--၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည်။ ဧရာဝတီယူနိုက်တက်နည်းပြ ချုပ်အဖြစ် ခန့်အပ်ခံရသည့် ဦးမျိုးလှိုင်ဝင်းက "ကျွန်တော့်ကို ဒီရာသီအစကတည်းက နည်းပြ ချုပ်အဖြစ်တာဝန်ပေးဖို့ ဧရာဝတီအသင်းက ကမ်းလှမ်းထားတာပါ။ ဒါပေမဲ့ ဘောလုံးအဖွဲ့ ချုပ်နဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ စာချုပ် သက်တမ်းရှိနေတော့ အဖွဲ့ချုပ်ဘက်က ခွင့်ပြု ရင်လုပ်မယ်လို့ ပြောထားခဲ့ပါတယ်။ အခုအဖွဲ့ ချုပ်နဲ့ ကျွန်တော်နှစ်ဖက်သဘောတူလမ်းခွဲ ပြီးပါပြီ။ ဒါကြောင့် ဧရာဝတီအသင်းနည်းပြ ချုပ်အဖြစ် ကျွန်တော်လက်ခံခဲ့တာပါ"ဟု ဦးမျိုးလှိုင်ဝင်းက ပြောဆိုခဲ့သည်။
အဆင့် ၅
ဧရာဝတီယူနိုက်တက်အသင်းသည် ယခု နှစ်ရာသီတွင် နေရှင်နယ်လိဂ်နှင့် ဗိုလ်ချုပ် အောင်ဆန်းရှုံးထွက်ဒိုင်းနှစ်ခုစလုံးကို အရယူရန် ပစ်မှတ်ထားကြိုးစားနေပြီး လက်ရှိနေရှင်နယ် လိဂ်အမှတ်ပေးဇယားတွင် ပွဲစဉ်သုံးပွဲယှဉ်ပြိုင် ခဲ့ပြီးရာ၌ တစ်ပွဲနိုင်၊ နှစ်ပွဲသရေဖြင့် အဆင့် ၅ နေရာ၌ ရပ်တည်လျက်ရှိသည်။















