မုဒုံ-မော်လမြိုင်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်နှင့် လိုက်ထရပ်ယာဉ် တိုက်မိ သုံးဦးသေဆုံး သုံး ဦးဒဏ်ရာရရှိမှု ဇန်နဝါရီ ၃၁ ရက်ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ညသန်းခေါင်ကျော် ၁၂ နာရီ ၅ မိနစ်အချိန်ခန့် တွင် မော်လမြိုင်မြို့ ရခိုင်ကုန်း အကျော် မုဒုံ-မော်လမြိုင်လမ်းမကြီးတွင် ထားဝယ်မှထွက်လာသည့် ခရီးသယ်တင် ယာဉ်နှင့် မော်လမြိုင်မှ ထွက်လာသည် မုဒုံ-မော်လမြိုင်ယာဉ်လိုင်းမှ လိုက်ထရပ်ခရီးသည်တင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသား သုံးဦး သေဆုံးခဲ့ပြီး အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဒဏ်ရာရရှိသူနှင့် သေဆုံးသူများကိုလူမှုကယ်ဆယ်ရးအဖွဲ့များက မော်လမြိုင်ဆေးရုံကြီးသို့ ပို့အပ်ခဲ့သည်။
"ယာဉ် ၂ စီးလုံး ဘယ်ဘက်ယာဉ်ကြောမှာဖြစ်တာ။ မိုးကောင်းကင် ယာဉ်ပေါ်က ခရီးသည်တွေ ဘာမှမဖြစ်ဘူး။ လိုက်ထရပ်ယာဉ်ပေါ်က ယာဉ်မောင်းအပါဝင် သုံးယောက်သေတယ်။ခရီးသည် သုံးယောက် ဒဏ်ရာရတယ်။ လိုက်ထရပ်ယာဉ်က တစ်ပတ်လည်သွားတယ်"ဟု ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဉ်တိုက်မှုဖြစ်စဉ်တွင် လိုက်ထရပ်ယာဉ်ပေါ်မှ ပိုက်ဆံအိတ် ၃ လုံး၊ ဖုန်း သုံးလုံး၊ ကျပ် ခုနစ် သိန်းကျော်အား ဘိုဘိုဝင်းလူမှုကူညီရေးအဖွဲ့က ထိန်းသိမ်းပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာက လာရောက်ထုတ်ယူသွားခဲ့ကြောင်း ၎င်းက ပြောသည်။

















