ရေဆန်ကို လှော်ခတ်ခြင်း (ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ဘဝမှတ်တမ်း)

ရေဆန်ကို လှော်ခတ်ခြင်း (ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ဘဝမှတ်တမ်း)

(ယခင်တစ်ပတ်မှအဆက်)

ထိုနေ့က မိမိသည် တရားခွင်တက်၍ သက်သေတစ်ဦးကို စစ်ဆေးနေဆဲဖြစ်ရာ စက်ရှင်ရုံးမှ ဆင့်စာလုလင်က ၎င်းစာရွက်ပိုင်းကို တရားခွင်တွင်ပင်လာပေးသဖြင့် ဖတ်ကြည့်ပြီးသောအခါ ရုတ်တရက်ဒေါသထွက်လျက်''စာရေးက အမှုတွဲတောင်းတာနဲ့ ငါကပေးရမှာလား'' ဟုပြောပြီး ထိုစာရွက်အပိုင်းကို ၎င်းအားပြန်ပေးလိုက်ပါသည်။

အမှန်မှာ အထက်တရားရုံးက အမှုတွဲတောင်းခံသည့်အခါအသုံးပြုသည့် ပုံနှိပ်ထားပြီးပုံစံရှိပါသည်။ ယင်းစာရွက်ပုံစံတွင် လိုအပ်သည့်အချက်အလက်များ ရေးသွင်းပြီး ရုံးတံဆိပ်နှိပ်၍ တရားသူကြီး၊ သို့မဟုတ် တာဝန်လွှဲအပ်ထားခြင်းခံရသူက လက်မှတ်ထိုးရမည်ဖြစ်သည်။ စက်ရှင်ရုံးစာရေးကြီးက ဤကဲ့သို့ တရားမဝင်သော နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းမှာ တရားခံနှင့်ချိတ်ဆက်၍ မသမာမှုပြုလုပ်ခြင်း ဖြစ်ပေမည်။ ထိုအချိန်က စက်ရှင်တရားသူကြီးမှာ မိမိမြိတ်ခရိုင်ဝန်ရုံးတွင် အလုပ်သင်အရာရှိအဖြစ် ဆောင်ရွက်စဉ်က ထားဝယ်နှင့် မြိတ်စက်ရှင်ခရိုင်တွင် တာဝန်ကျသော ဝါရင့်စက်ရှင်တရားသူကြီးဖြစ်သည်။ ဤမှတ်တမ်း ၏ အထက်တစ်နေရာတွင်ဖော်ပြပြီးဖြစ်သည့်အတိုင်း မြိတ်မြို့သိမ်တော်ကြီးဘုရားတွင် ကျောက်ပြားခင်းရေးအတွက် ကပွဲပြုလုပ်၍ ရန်ပုံငွေရှာရာတွင် ၎င်းစက်ရှင်မင်းကြီးကလည်း တေးသရုပ်ဖော်အခန်းတစ်ခန်းကို စီစဉ်ညွှန်ကြားရာမှ မိမိနှင့်ရင်းနှီးခဲ့သူဖြစ်သည့်အပြင် ၎င်းရုံး၌ နှစ်ပတ်ကြာအလုပ်သင်ခဲ့ရာ၌လည်း တရားစီရင်ရေးဆိုင်ရာများကို သွန်သင်ညွှန်ကြားပေးခဲ့သူလည်းဖြစ်သည်။

တာဝန်ဖြင့် မိမိမော်လမြိုင်သို့သွားရောက်သောအခါ စက်ရှင်မင်းကြီးအားတွေ့ဆုံ၍ ထိုကိစ္စကိုတင်ပြပြီး မိမိ၏မှားယွင်းမှုဖြစ်ပါက ခွင့်လွှတ်ပါရန် တောင်းပန်ပါကြောင်းပြောရာ စက်ရှင်မင်းကြီးက "Don’t act on his signature"ဟု ပြန်ပြောပါသည်။နောက်ပိုင်းတွင် ၎င်းစာရေးကြီးအား ခေါ်ယူသတိပေးမည်ဟု ထင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ၎င်းစာရေးကြီးအနေဖြင့် မိမိအပေါ် ရန်ငြိုးထားမည်မှာကား သေချာပါသည်။

ဤရန်ငြိုး၏ အကျိုးဆက်သည် စက်ရှင်မင်းကြီးအပြောင်းအလဲဖြစ်သောအခါတွင် ပေါ်လာတော့၏။ အထက်အပိုဒ်တွင် ဖော်ပြထားသော စက်ရှင်မင်းကြီးပြောင်းရွှေ့သွားသောအခါ ၎င်း၏နေရာတွင် စက်ရှင်မင်းကြီး အသစ်တစ်ယောက်ရောက်ရှိလာသည်။ အစဉ်အလာအတိုင်း မိမိသည် စက်ရှင်မင်းကြီးအား တွေ့ဆုံဂါရဝပြု နှုတ်ဆက်ရန် မော်လမြိုင်သို့ တာဝန်ဖြင့်ရောက်ရှိသည့်အချိန်တွင် စက်ရှင်မင်းကြီးရုံးသို့သွားရာ စက်ရှင်မင်းကြီးမှာ တရားခွင်တက်၍ အမှုစစ်ဆေးနေချိန်နှင့် ကြုံကြိုက်ခဲ့သည်။ ဤကဲ့သို့ နှစ်ကြိမ်သုံးကြိမ်မျှ ကြုံကြိုက်ခဲ့ရာ အချိန်ကာလအားဖြင့် သုံးလေးလလောက်ကြာမည်ဖြစ်ပြီး စက်ရှင်မင်းကြီးအသစ်အား တွေ့ဆုံနိုင်ခွင့်မရှိသေးချေ။ တာဝန်ဖြင့် မိမိမော်လမြိုင်သို့ သွားလေ့ရှိသည့်အချိန်မှာ နံနက်ပိုင်းဖြစ်သည်။ ကိစ္စပြီးလျှင်ကျိုက်မရောသို့ပြန်၍ ရုံးတက်ပြီး ရာဇဝတ်မှုများစစ်ဆေးပြီး ငွေတိုက် လုပ်ငန်းကို ဆောင်ရွက်ရသည်။ မော်လမြိုင်တွင် နေ့လယ်ပိုင်းထိ နေလေ့မရှိပေ။ နေ့လယ်ပိုင်းအထိ စောင့်ဆိုင်းနေနိုင်ခြင်းမရှိသဖြင့် သုံးလေးလလောက်ကြာသည့်တိုင်အောင် စက်ရှင်မင်းကြီးအသစ်အား တွေ့ဆုံနိုင်မှုမရှိခြင်းမှာ မိမိဘက်မှ ဝတ္တရားပျက်ကွက်မှုအဖြစ် စက်ရှင််မင်းကြီး အသစ်အနေဖြင့် ယူဆနိုင်ဖွယ်ရာရှိသည်။

ထိုကာလအတွင်းတစ်နေ့တွင် စက်ရှင်မင်းကြီးထံမှ ကျိုက်မရောမြို့နယ်ရာဇဝတ်တရားသူကြီးထံ လိပ်မူထားသည့် စာတစ်စောင်ရောက်ရှိလာပါသည်။ ယင်းစာ၏အနှစ်ချုပ်မှာ မိမိသည် ဆင့်စာလုလင်များ၏ နှစ်တိုးလစာငွေများနှင့် ခရီးစရိတ်တောင်းခံလွှာများကို ခြောက်လကျော်သည်အထိ ဆောင်ရွက်ပေးခြင်းမရှိ၊ အလုပ်သမားများ ရထိုက်သည့် အခွင့်အရေးများကို ပိတ်ပင်ထားကြောင်း စွပ်စွဲပြီး အလုပ်သမားများရထိုက်သည့် အခွင့်အရေးများကို အမြန်ဆုံးရရှိရေးအတွက် ဆောင်ရွက်တင်ပြရန် သတိပေးခြင်းဖြစ်သည်။ ယင်းစာ၏ မိတ္တူကိုလည်း တလကဥက္ကဌ(တိုင်းမှူး)၊ တိုင်းမင်းကြီး၊ ခလကဥက္ကဌနှင့် ခရိုင်ဝန်တို့ထံ မိတ္တူပေးပို့ထားသည်။ စာတွင် ဆိုရှယ်လစ်ခေတ်ဆိုသော စကားလုံးများကိုလည်း သုံးနှုန်းထားသေးသည်။ ဤကိစ္စတွင် စက်ရှင်တရားရုံးမှ ရုံးအုပ်စာရေးကြီးဆိုသူ၏လက်ချက် ဖြစ်ကြောင်းမှာ သေချာသည်။ စက်ရှင်မင်းကြီးသည် ၎င်းအား မိမိကအစဉ်အလာနှင့်အညီ လာရောက်တွေ့ဆုံခြင်း မရှိသဖြင့် မိမိ၏အကြောင်းကို ထိုစာရေးကြီးအား မေးမြန်းရာမှ ထိုစာရေးကြီးက လုပ်ကြံတင်ပြခြင်းဖြစ်ပေမည်။ ဆင့်စာလုလင်ကိစ္စမှာ ၎င်းကိုင်တွယ် ဆောင်ရွက်ရသောကိစ္စဖြစ်၍ ၎င်းတစ်ဦးတည်းသာ သိနိုင်သည့်ကိစ္စဖြစ်သည်။ အမှုတွဲတောင်းခံသည့်ကိစ္စနှင့်ပတ်သက်၍ မိမိနှင့်မကျေမလည်ဖြစ်ခဲ့ခြင်းကို အကြောင်းပြုပြီး ထိုစာရေးကြီးက ချောက်တွန်းခြင်း ဖြစ်ပေမည်။

စက်ရှင်မင်းကြီး၏စာကိုရရှိပြီးနောက် မိမိသည် ဆင့်စာလုလင်ခြောက်ဦးစလုံးကိုခေါ်၍ ထိုစာကိုဖတ်ပြသည်။ ထိုစာကိုမရမီကပင် စက်ရှင်ရုံးစာရေးကြီးက ဆင့်စာလုလင်များ၏ ခရီးစရိတ်နှင့် နှစ်တိုးလစာငွေများရရှိရေးကိစ္စတွင် ဖြတ်စား လျှပ်စားလုပ်နေသည်ကို အသေးစိတ်မဟုတ်သော်လည်း မိမိသိရှိပြီးဖြစ်သည်။ ဤသည်မှာလည်း ခရိုင်ဝန်ရုံးများနှင့် တရားရုံးများတွင် ကာလရှည်ကြာစွာကျင့်သုံးခဲ့သော လာဘ်ပေးလာဘ်ယူ စနစ်ဆိုးတစ်ခုဖြစ်ပြီး ဓလေ့ထုံးစံတစ်ခုကဲ့သို့ ဖြစ်နေပေပြီ။ မိမိ၏ရုံးမှစာရေးကြီးကိုလည်း ခေါ်လိုက်သည်။ စက်ရှင်မင်းကြီး၏ စာနှင့်ပတ်သက်၍ ဆင့်စာလုလင်ခြောက်ဦးစလုံးကို ကျမ်းကျိန်စေ၍ စစ်ဆေးမည်ဖြစ်ကြောင်း၊ ယခုအလုပ်သမားခေတ်တွင်မည်သူ့ကိုမျှ ကြောက်ရန်မလိုဘဲ အမှန်အတိုင်း ထွက်ဆိုကြရမည်ဖြစ်ကြောင်း၊ ဤမတရားသော စနစ်ဆိုးဖြစ်သည့် (ထိုခေတ်အခေါ်) ခေါင်းပုံဖြတ်မှုကို ပပျောက်သွားအောင် အလုပ်သမားများက ညီညွတ်စွာ စုပေါင်းတွန်းလှန် တိုက်ခိုက်ကြရမည်ဖြစ်ကြောင်း ဆင့်စာလုလင်များအား ရှင်းလင်းပြောကြားပြီး စာရေးကြီးအား သက်သေအဖြစ်ထား၍ ဆင့်စာလုလင်တစ်ဦးချင်းကို ကျမ်းတိုက်စစ်ဆေးရာ ဆင့်စာလုလင်တစ်ဦးစီက တစ်လလျှင် ကြက်တစ်ပိဿာနှုန်းဖြင့် ခြောက်ဦးအတွက် လစဉ်ကြက်ခြောက်ပိဿာဖိုးငွေကိုပေးရကြောင်း၊ ခရီးစရိတ်များနှင့် နှစ်တိုးလစာများ အပေါ်မှလည်း အချိုးကျပေးရကြောင်း စသည်ဖြင့် အဖြစ်မှန်များကို ဖော်ထုတ်၍ ထွက်ဆိုကြသည်။ ၎င်းတို့၏ ထွက်ဆိုချက်စာရွက်များအပေါ်တွင် ဆင့်စာလုလင်များအား လက်မှတ်ထိုးစေပြီး မိမိက စစ်ဆေးသူအဖြစ်၊ စာရေးကြီးက သက်သေအဖြစ် လက်မှတ်ရေးထိုးကြသည်။

စက်ရှင်မင်းကြီး၏စာကို လက်ခံရရှိပြီးနောက် တစ်ရက်နှစ်ရက်လောက်အကြာတွင် မိမိရှေ့သို့ ဂါတ်စာရေး (ရဲစခန်းမှ တပ်ကြပ်ကြီးစာရေး) ရောက်ရှိလာပြီး တိုင်းမင်းကြီးက မိမိနှင့်ဖုန်းပြောလိုကြောင်း သတင်းလာပို့သဖြင့် ရုံးဝင်းအတွင်းရှိ ရဲစခန်းရုံးသို့ မိမိလိုက်သွားသည်။ (ထိုအချိန်က ကျိုက်မရောနှင့် မော်လမြိုင်ကို ဆက်သွယ်သည့် တယ်လီဖုန်းလိုင်းတစ်လိုင်းတည်းသာရှိသည်။) မိမိဖုန်းကိုင်လိုက်သောအခါ တိုင်းမင်းကြီးပြောမည်ဟု စာရေးက ပြောပြီးနောက် တိုင်းမင်းကြီးက စက်ရှင်မင်းကြီး၏ စာနှင့်ပတ်သက်၍ ''ဘာဖြစ်တာလဲ'' ဟုမေးသည်။ မိမိက စက်ရှင်ရုံးစာရေးကြီးနှင့် တရားမဝင်အမှုတွဲတောင်းရာမှစ၍ မိမိနှင့် ပြဿနာဖြစ်ခဲ့ပုံနှင့် စက်ရှင်မင်းကြီးအသစ် အား courtesy call (ဝတ္တရားအရ တွေ့ဆုံနှုတ်ဆက်ခြင်း) ပြုလုပ်ရန်သွားသော်လည်း ၎င်းမှာ တရားခွင်တက်၍ အမှုစစ်နေသောကြောင့် နှစ်ကြိမ်သုံးကြိမ်ခန့်လွဲခဲ့သည်ကို စက်ရှင်မင်းကြီးက မိမိအားအထင်မှားပုံရကြောင်း၊ ဤသည်ကို အခွင့်ကောင်းယူ၍ စက်ရှင်ရုံးစာရေးက ကုန်းတိုက်ပေးသည်ဟုယူဆကြောင်း စသည့်အပြင် စက်ရှင်ရုံးစာရေး၏ မသမာမှုများကိုလည်း ဆင့်စာလုလင်များက ကျမ်းကျိန်ထွက်ဆိုသည့်အတိုင်း ရှင်းလင်းတင်ပြပါသည်။ တိုင်းမင်းကြီးက ''ပြန်ပြီးရှင်းလင်းသည့်စာရေးပြီး စက်ရှင်မင်းကြီး၏စာတွင်ဖော်ပြထားသည့် မိတ္တူပေးပို့ထားသော ဌာနများသို့ ရှင်းလင်းစာမိတ္တူများကို ပေးပို့ပါ'' ဟု မှာကြားပါသည်။

ဤမတရားသော စနစ်ဆိုးဖြစ်သည့် (ထိုခေတ်အခေါ် ) ခေါင်းပုံဖြတ်မှုကို ပပျောက်သွားအောင် အလုပ်သမားများက ညီညွတ်စွာ စုပေါင်းတွန်းလှန် တိုက်ခိုက်ကြရမည်ဖြစ် . . .

မိမိလည်းစက်ရှင်မင်းကြီး၏စာကို ပြန်လည်ရှင်းလင်းချေပသည့်စာကိုရေးသားပြီး သက်ဆိုင်ရာ ဌာနများသို့မိတ္တူပေးပို့ခဲ့ပါသည်။ မိမိကပြန်လည်ရှင်းလင်းသည့် စာတွင် ''ဆင့်စာလုလင်များ၏ ခရီးစရိတ်တောင်းခံလွှာကို ပြုလုပ်ပေးရန်မှာ မိမိ၏တာဝန်မဟုတ်ဘဲ သက်ဆိုင်ရာဝန်ထမ်း၏ တာဝန်သာဖြစ်ကြောင်း၊ နှစ်တိုးလစာများရရှိရေး လျှောက်ထားရန်မှာလည်း မိမိ၏တာဝန်မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ထမ်းများ၏တာဝန်သာဖြစ်ပြီး ၎င်းတို့၏ လျှောက်လွှာအားလုံးကိုမိမိက ထပ်ဆင့်ထောက်ခံပြီး စက်ရှင်ရုံးသို့ပေးပို့ထားသော်လည်း အမိန့်မကျဘဲ အချို့ ဆင့်စာလုလင်များမှာ နှစ်တိုးလစာငွေ သုံးနှစ်အတွက် မရသေးကြောင်း စသည့်အပြင် ဆင့်စာလုလင်ခြောက်ဦးတို့က စက်ရှင်ရုံးစာရေးကြီးအား လစဉ်ကြက်ခြောက်ပိဿာဖိုး လာဘ်ထိုးရကြောင်း၊ ခရီးစရိတ်တောင်းခံလွှာ ပြန်ပေးသောအခါတွင်လည်း အချိုးကျငွေကို ပေးရကြောင်းတို့ကို ဆင့်စာလုလင်များ၏ ကျမ်းကျိန်ထွက်ဆိုချက်များအတိုင်း ဖော်ပြပြီး ကျမ်းကျိန်လွှာများကိုလည်း ရှင်းလင်းစာနှင့်အတူ ပူးတွဲပေးပို့ခဲ့ပါသည်။ ယင်းစာကို စာတိုက်မှတစ်ဆင့် ပေးပို့ပြီးနောက် တစ်ပတ်လောက်ကြာသောအခါ ဆင့်စာလုလင်ခြောက်ဦးစလုံးကို စက်ရှင်မင်းကြီးက ၎င်း၏ရုံးသို့ ခေါ်ယူတွေ့ဆုံပြီး ကျမ်းကျိန်လွှာများပါအချက်များ အမှန်ဟုတ် မဟုတ်မေးမြန်းရာ ဆင့်စာလုလင် အားလုံးကပင် မှန်ကြောင်းဝန်ခံပြောဆိုခဲ့ကြသည်ဟု ဆင့်စာလုလင်များက မိမိအား ပြန်ပြောပါသည်။ ဆင့်စာလုလင်များအနေဖြင့် အမှန်အတိုင်းပြောခြင်းဖြစ်သော်လည်း စက်ရှင်ရုံးစာရေးကြီးက နောင်တွင် ဒုက္ခပေးမည်ကို စိုးရိမ်မှုများရှိခဲ့ကြရာ မိမိက''စိုးရိမ်စရာမလိုကြာင်း စက်ရှင်မင်းကြီးအနေဖြင့်လည်းအဖြစ်မှန်ကိုသိပြီးဖြစ်၍ မှန်တဲ့ဘက်က ရပ်တည်ပြီးဝန်ထမ်းငယ်များ၏ အခွင့်အရေးကို အကာအကွယ်ပေးရမည်သာဖြစ်ကြောင်း'' အားပေးစကားပြောကြားရသည်။ ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ဆင့်စာလုလင်များရရန်ရှိသော နှစ်တိုးလစာကြွေးကျန်များထုတ်ယူရန်အမိန့်စာများ ထွက်လာသည့်အပြင်ခရီးစရိတ်တောင်းခံလွှာများ တင်ပေးသည်ကိုလည်း ကြန့်ကြာမှုမရှိဘဲ ခွင့်ပြုလာသည်ကို တွေ့ရှိရသည်။ လစဉ်ကြက်သားဖိုးပေးရခြင်းလည်း မရှိတော့ချေ။

ဤကိစ္စတွင် မိမိဘက်က မှားယွင်းမှုမရှိသော်လည်း စက်ရှင်မင်းကြီးအနေဖြင့် မိမိကို ကျေနပ်ပုံမရပေ။ အကျိုးဆက်မှာကား မိမိအား ဒုတိယတန်း၊ ရာဇဝတ်အာဏာတိုးပေးရေးအတွက် ခရိုင်ရာဇဝတ်တရားသူကြီး (ခရိုင်ဝန်)၏ လမ်းညွှန်ချက်အရ မိမိစစ်ဆေးဆုံးဖြတ်ခဲ့သော အမှုခြောက်မှုကို ခရိုင်ရာဇဝတ်တရားသူကြီးနှင့် စက်ရှင်တရားသူကြီးတို့၏ ထောက်ခံချက်ဖြင့် တရားရေးဌာနသို့ တင်ပို့ပေးရမည်ဖြစ်ရာ ခရိုင်ရာဇဝတ်တရားသူကြီးက ထောက်ခံပြီး စက်ရှင်ရုံးသို့ပို့ခဲ့သော်လည်း စက်ရှင်တရားသူကြီးက ထောက်ခံခြင်းမပြုဘဲ လုပ်ငန်းမကျွမ်းသေးဟူသော မှတ်ချက်များဖြင့် ပြန်ပို့လာခြင်းဖြစ်သည်။ စက်ရှင်တရားသူကြီးက ထောက်ပြသောအချက်များမှာ မိမိ၏ စီရင်ချက်များမှားယွင်းကြောင်း ဥပဒေနှင့်မညီသောအချက်များကိုထောက်ပြခြင်းမဟုတ်ဘဲ ရုံးတွင်းလုပ်ထုံးလုပ်နည်း ဆိုင်ရာကိစ္စများသာဖြစ်သည်။ စက်ရှင်မင်းကြီးထောက်ပြသော အချက်တစ်ချက်မှာ နာကျင်စေမှုနှင့်လူသတ်မှုများတွင် အသုံးပြုသော ဆရာဝန်၏ ဆေးစစ်ချက် မှတ်တမ်းကို အမှုတွဲ၌သက်သေခံစာရွက်စာတမ်းအဖြစ် လက်ခံထားသည့်ကိစ္စဖြစ်သည်။ ယင်းဆေးစစ်ချက်မှတ်တမ်းမှာ ရဲစက္ကူပုံစံ (Police Form) ဖြစ်သောကြောင့် သက်သေခံမဝင်သဖြင့် သက်သေခံစာရွက်စာတမ်းအဖြစ် လက်ခံထားခြင်းမှာ မှားယွင်းသည်ဟုဆိုသည်။ အမှန်မှာသူ၏အမှားဖြစ်သည်။ ဆင့်စာလုလင်များနှင့်ပတ်သက်သော ကိစ္စတွင် သူ ''ခံ'' လိုက်ရသဖြင့် မိမိအပေါ်တွင်ထားရှိသော အာဃာတ၏စေ့ဆော်မှုကြောင့် သူ့အနေဖြင့် မှားယွင်းမှုသာဖြစ်သည်။ ဤကိစ္စတွင် ရှင်းလင်းရန်လိုပါသည်။

တရားရုံးများတွင် ရာဇဝတ်မှုများမပြီးပြတ်နိုင်ဘဲ ကြန့်ကြာနေရသည့် အကြောင်းတစ်ကြောင်းမှာ ပြောင်းရွှေ့သွားသော ဆရာဝန်များနှင့် စစ်ဆင်ရေးထွက်သွားသော တပ်မတော်အရာရှိများ သက်သေခံရန်မလာရောက်ကြခြင်းဖြစ်သည်။ ယင်းပြဿနာကို ဖြေရှင်းရန်အလို့ငှာ တရားရုံးချုပ်က ညွှန်ကြားလွှာတစ်စောင်ကိုထုတ်ပြန်ထားသည်။ ယင်းညွှန်ကြားလွှာတွင် ပြောင်းရွှေ့သွားသော ဆရာဝန်များ သက်သေခံလာရောက်ခြင်း မရှိပါက ၎င်းကိုဆက်ခံသည့် ဆရာဝန်က လာရောက်ပြီးသက်သေခံရန်နှင့် ပြောင်းရွှေ့သွားသူဆရာဝန်၏ လက်ရေးလက်မှတ်ကို သိရှိကြောင်းနှင့် ၎င်းရေးသားခဲ့သောမှတ်တမ်းပါအချက်အလက်များကို ရုံးရှေ့တွင်ထွက်ဆိုရန်ဖြစ်ကြောင်း ညွှန်ကြားထားသည်။ ယင်းညွှန်ကြားချက်အရ ဆက်ခံသူဆရာဝန်ကသက်သေအဖြစ် အစစ်ခံသောအခါယင်းဆရာဝန်၏ လက်ရေးလက်မှတ်ကို သိရှိကြောင်းနှင့် မှန်ကန်ကြောင်း သက်သေခံချက်ဖြစ်စေရန် အလို့ငှာရဲစက္ကူပုံစံဖြစ်သော ယခင်ဆရာဝန်၏ ဆေးစစ်ချက်မှတ်တမ်းကို ပြသပြီး ယခင်ဆရာဝန်၏ လက်ရေးလက်မှတ်မှန်သလားဟူ၍ သက်သေခံဆရာဝန်ကို မေးရသည်။

ထိုဆရာဝန်က မှန်ပါသည်ဟုပြောသောအခါ အဆိုပါဆေးမှတ်တမ်းကို သက်သေခံအမှတ် ဘယ်လောက်အဖြစ် လက်ခံကြောင်း မှတ်တမ်းတင်ရသည်။ ယင်းစာရွက်စာတမ်းပါ ရေးသားချက်များနှင့် လက်မှတ်တို့မှာ ယခင်ဆရာဝန်၏ ရေးမှတ်ချက်နှင့် လက်မှတ်တို့မှန်ကန်ကြောင်း သက်သေခံချက်အဖြစ် လက်ခံထားခြင်းဖြစ်သည်။ဆေးရုံ၏ မှတ်ပုံတင်စာအုပ်တွင်မူ ဆေးစစ်ချက် မှတ်တမ်းကို အသေးစိတ်ရေးမှတ်ထားသည်ဖြစ်ရာ ထိုမှတ်ပုံတင်စာအုပ်တွင် ရေးမှတ်ချက်များအတိုင်းသက်သေခံသူဆရာဝန်က ဖတ်ရှုထွက်ဆိုမည်ဖြစ်သည်။ သို့သော် ထိုမှတ်ပုံတင်စာအုပ်မှာ ဆေးရုံတွင်နေ့စဉ်သုံးစွဲနေသော မှတ်ပုံတင်စာအုပ်ဖြစ်၍ တရားရုံးတွင် သက်သေခံအဖြစ် တင်ထားခဲ့ရန်မဖြစ်နိုင်ချေ။ ယခင်ကမူ လူနာအားဆေးစစ်သူဆရာဝန်ကိုယ်တိုင် သက်သေအဖြစ် စစ်ဆေးခံသဖြင့် လက်ရေးလက်မှတ်သိရှိခြင်းကိစ္စကို သက်သေခံအဖြစ် တင်သွင်းရန် လိုအပ်ခြင်းမရှိချေ။ ယခင်ဆရာဝန်ကိုယ်စား သက်သေခံသည့်ကိစ္စတွင်သာ လက်ရေးလက်မှတ်ကိုသိရှိကြောင်း သက်သေခံချက် လိုအပ်ခြင်းဖြစ်သည်။ သို့ဖြစ်၍ ရဲစက္ကူပုံစံဖြစ်သောဆေးစာကို ယခင်ဆရာဝန်၏ လက်ရေးလက်မှတ်မှန်ကြောင်း သက်သေခံစာရွက်စာတမ်းအဖြစ် လက်ခံခြင်းမှာ ဥပဒေအရ မည်သို့မျှ မှားယွင်းမှုမရှိနိုင်ချေ။ ဥပဒေက တားမြစ်ထားသည်မှာ သက်သေတစ်ဦး၏ ရဲအရာရှိထံ ထွက်ဆိုချက်ကိုသာ သက်သေခံအဖြစ် လက်မခံရန်ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021