အဝေးသင်တက္ကသိုလ်ပညာရေးစနစ် ပြုပြင်ပြောင်းလဲရာတွင် သင်ကြားပေးနေသည့် ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ လိုလားချက်များကို ထည့်သွင်းစဉ်းစားပေး စေလိုကြောင်း တက္ကသိုလ်မှ ဆရာဆရာမများက ပြောဆိုကြသည်။
.ဝေဖန်မှုထွက်ပေါ်
"အခုအဝေးသင်ကျောင်းတက်ခိုင်းတာကို ပြောင်းလဲတဲ့စနစ်အောက်ခြေက အသံမပါဝင်တဲ့ အပေါ်က ဆုံးဖြတ်ချက်တွေ ကြောင့် ပြောင်းလဲလိုက်တဲ့ အဝေးသင်ပညာရေးစနစ်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာတာပါ" ဟု ဒဂုံတက္ကသိုလ်စိတ်ပညာ ဌာနမှ ကထိက ဒေါက်တာဝင်းပပထွန်းက ပြောဆိုသည်။
အဝေးသင်ဝိဇ္ဇာဘာသာရပ် အထူးပြုကျောင်းသားများကို အနီးကပ်သင်တန်း နှစ်ကြိမ်ခွဲတက်ရန် ပညာရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ထုတ်ပြန်ခဲ့ခြင်းကြောင့် အဝေးသင်ကျောင်းသားကျောင်းသူများက ဇန်နဝါရီ တတိယ ပတ်တွင် ဖဲကြိုးနီလှုပ်ရှားမှုပြုလုပ်ကန့်ကွက်ခဲ့သည်။်
"ပြောင်းလဲလိုက်တဲ့ အဝေးသင်စနစ်သစ်ဟာ ဆရာဆရာမ အတွက်ရော၊ ကျောင်းသား ကျောင်းသူတွေအတွက်ပါ အခက် အခဲတွေရှိစေတယ်။ အလုပ်လုပ်ရင်း ကျောင်းတက်နေ ရတာ ကျောင်းသားတွေက အခုပြောင်းလိုက်ရင် အလုပ်ရှင်နဲ့ ပညာရေး ကြားမှာ အခက်အခဲတွေဖြစ်လာမယ်။ ပိုက်ဆံလည်း ပိုကုန် မယ်။ နယ်ပြန်ပြီး တက်ရသူတွေ အခက်အခဲတော်တော်ဖြစ် မယ်" ဟု အခြေခံနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီဝင် ဆရာဦးလှမျိုးက ပြောဆိုသည်။
လုပ်ငန်းခွင်မှဝန်ထမ်းများ နယ်မှလာ၍ အဝေးသင်တက္ကသိုလ် တက်ရောက်မည့်သူများ အနီးကပ်ဆယ်ရက်ကို နှစ်ကြိမ်ခွဲ တက်ရန်မှာ အခက်အခဲများစွာဖြစ်နေကြောင်း သိရသည်။
ခွဲမတက်ချင်
"ဆယ်ရက် တစ်ကြိမ်ပဲ တက်တုန်းကတောင် အလုပ်ကနေ မနည်းခွင့်ယူရတာ၊ အခုက ငါးရက်နှစ်ခါဆိုရင် ဘယ်လိုပြော ရမလဲ၊ ခွင့်ယူဖို့ ခက်ခဲတယ်။ ပြီးတော့ နယ်ပြန်ကျောင်းတက်ရ တာ နှစ်ခါပြန်ရင် စရိတ်က နှစ်ခါကုန်မယ်။ငါးရက်နှစ်ခါတော့ ခွဲမတက်ချင်ဘူး" ဟု အဝေးသင်ကျောင်းသား ကိုကောင်းခန့် ပိုင်က ပြောဆိုသည်။ ,
အဝေးသင် ဝိဇ္ဇာဘာသာရပ် အထူးပြု ကျောင်းသားများကို ယခင်က ဆယ်ရက် အနီး ကပ်သင်တန်းတစ်ကြိမ် ခေါ်ယူခဲ့ရာ လက်ရှိပြောင်းလဲလိုက်သည့်စနစ်တွင် မေလတစ်ကြိမ်၊ အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် တစ်ကြိမ်နှင့် နှစ်ကြိမ်ခွဲ တက်ရောက်ရမည်ဖြစ်သည်။
















