ကမ္ဘာ့ဘဏ်အစီရင်ခံစာနှင့် မြန်မာ့စီးပွားရေး ရိုက်ခတ်မှု
မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေ အနေများကို လေ့လာအကဲဖြတ်ကြည့်သည့် အခါ "စီးပွားရေးသည် နိုင်ငံရေး၊ နိုင်ငံရေးသည် စီးပွားရေး" ဆိုသော နိုင်ငံရေးနှင့်စီးပွားရေး ဖွားဖက်တော်ဖြစ်ပုံ အဆိုစကားများကို ပြန်လည် ကြားယောင်မိပါသည်။ အဆိုပါစကားမျိုးကို လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပြောဆိုခဲ့ဖူးသည်ကိုလည်း သတိရမိ ပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများ နှင့်ပတ်သက်သည့် ခန့်မှန်းချက်အစီရင်ခံစာ တစ်စောင်ကို ကမ္ဘာ့ဘဏ်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ သို့သော်လည်း အစီရင်ခံစာပါ အချက်အလက် များ မှန်ကန်မှု ရှိမရှိကိုမူ စီးပွားရေးလုပ်ငန်းရှင် များနှင့် စီးပွားရေးပညာရှင်များအကြား ငြင်းခုံ မှုများထွက်ပေါ်ခဲ့သည်ကို တွေ့ရပါသည်။
စီးပွားရေး၏ အဓိကဒေါက်တိုင်ဖြစ်သည့် ငွေကြေးနှင့်ပတ်သက်ပြီး ကမ္ဘာ့ဘဏ်အစီရင် ခံစာက မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကိုဖော်ပြခဲ့ရာ၌ "၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း မြန်မာကျပ်ငွေနှင့် အမေ ရိကန်ဒေါ်လာလဲလှယ်မှု ကိန်းဂဏန်းများမှာ အခြားသောလများထက် ပိုမိုမြင့်တက်ခဲ့သည်"ဟု သုံးသပ်ဖော်ပြခဲ့သည်။ ယခု ၂၀၁၉ နှစ်တွင် ငွေဖောင်းပွမှုနှုန်းမှာ ရှစ်ရာခိုင်နှုန်းကျော်အထိ ရှိလာနိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်အစီရင် ခံစာက ခန့်မှန်းထားသည်။
ငွေကြေးဖောင်းဖွနှုန်း မြင့်မားခြင်းသည် စီးပွားရေးအတွက် အလားအလာကောင်းမဟုတ် ပါ။ မြန်မာ့ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇Š၁၈ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ သည့်တိုင် ကုန်ဈေးနှုန်းတက်ခြင်းများနှင့် အထိုက်အလျောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ပြီးခဲ့သည့် ၂၀၁၈Š၁၉ ခုနှစ်တွင် ငွေကြေးဖောင်း ပွမှုနှုန်းမှာ ၈ ဒသမ ၈ ရာခိုင်နှုန်းထိ မြင့်တက် နိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။ ယင်းခန့်မှန်းချက်ကြောင့် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ကို စီးပွားရေးပညာရှင် များက စိုးရိမ်ပူပန်ခဲ့ကြသည်။ သို့သော်လည်း ကုန်ဈေးနှုန်းများ မည်သို့မည်ပုံ တက်ခဲ့သည်ကို အများသိကြပြီးဖြစ်ပါသည်။
ပို့ကုန်ကဏ္ဍနှင့် သွင်းကုန်ကဏ္ဍတို့၌ ငွေ ကြေးပမာဏချင်း တန်ဖိုးကွာဟချက်သည် ငွေ ကြေးဖောင်းပွမှု၏ အဓိကအချက်ဖြစ်စေခဲ့ သည်။ ပို့ကုန်ကဏ္ဍထက် သွင်းကုန်ပမာဏက ပိုမိုများပြားသော မြန်မာနိုင်ငံသည် ပို့ကုန် ကဏ္ဍ၌ အမြဲတမ်းလိုငွေပြနေခဲ့သည်။ အကယ် ၍ ပို့ကုန်ကဏ္ဍကသာ ငွေကြေးအသာစီးရခဲ့လျှင် ငွေကြေးဖောင်းပွဒဏ်ကို ကြုံရသည့်တိုင် ယခုကဲ့သို့ အခြေအနေဆိုးလိမ့်မည် မဟုတ် ပေ။
ထို့ကြောင့် စီးပွားရေးပညာရှင်များက ပို့ကုန်အမည် အများအပြား တင်ပို့နိုင်ရေးကို ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းအကြံ ပြုခဲ့ကြသည်။ ပို့ကုန်အမည် များပြားစွာ တင်ပို့ နိုင်မှသာ နိုင်ငံခြားငွေများ ငွေလုံးငွေရင်းအဖြစ် စီးဆင်းဝင်ရောက်လာမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ယခုထက် ပိုမိုဝင် ရောက်လာစေဖို့လည်း လိုအပ်သကဲ့သို့ ပြည်ပ အကူအညီများ ယခုထက်ပိုမိုရရှိခြင်းနှင့် အတိုး နှုန်းသက်သာပြီး နှစ်ရှည်ချေးငွေပမာဏ များ များရရှိရန်တို့လည်း လိုအပ်ပါသည်။
ယင်းနည်းလမ်းပေါင်းစုံဖြင့် ငွေကြေးများ လည်ပတ်စီးဆင်းနေမည်ဆိုပါက ငွေတန်ဖိုး ဖောင်းပွမှုဒဏ်ကို ခံနိုင်ရည်ရှိရုံသာမက နိုင်ငံ၏စီးပွားရေးပါ ဖွံ့ဖြိုးတိုးတက်မှုအလားအလာ ကောင်းများရရှိစေနိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် တိုက်ရိုက်နိုင်ငံခြားဝင် ငွေတစ်ခု၌လည်း ဆုံးရှုံးမှုများ ရှိနေသည်။ ယင်းမှာအခြားမဟုတ်ပေ။ ပြည်ပနိုင်ငံအသီးသီးသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံ သားများ၏ နိုင်ငံတွင်းသို့ ပြန်လည်ပို့ငွေဖြစ် သည်။
ယင်းသို့ပြန်လည်ပို့ရာ၌ နိုင်ငံသားများ သည် အမေရိကန်ဒေါ်လာငွေအစား မြန်မာ ကျပ်ငွေဖြင့်သာ တရားမဝင် ငွေလွှဲလမ်းကြောင်း များမှသာ ပို့နေကြခြင်းဖြစ်သည်။ တရားဝင် လမ်းကြောင်းများမှ အမေရိကန်ဒေါ်လာငွေဖြင့် ဝင်ရောက်လာစေရန် နည်းလမ်းများနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ပါက နိုင်ငံခြားငွေ စီးဆင်းမှု ယခုထက် ပိုမိုကောင်းမွန်လာနိုင် မည်ဖြစ်ပါသည်။
ပြည်တွင်းငွေကြေး ဈေးကစားမှုများနှင့် အစိုးရ၏ထိန်းချုပ်ကိုင်တွယ်မှု
၂၀၁၈ ခုနှစ်အတွင်း မြန်မာကျပ်ငွေ တန်ဖိုးသည် အမေရိကန်ဒေါ်လာဖြင့် လဲလှယ် ရာ၌ တန်ဖိုးကျဆင်းခဲ့သည်။ အထူးသဖြင့် ဧပြီလမှ အောက်တိုဘာလအထိ မြန်မာကျပ် ငွေ တန်ဖိုးမှာ ၁၈ ရာခိုင်နှုန်းအထိ အထူးကျဆင်းခဲ့သည်ကို တွေ့ရသည်။ ယင်းကျဆင်းမှု နှင့်အတူ ငွေကြေးတန်ဖိုးမတည်ငြိမ်မှု အကျိုး ဆက်များကိုပါ ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။
တစ်ဖက်တွင် အမေရိကန်-တရုတ်တို့၏ ကုန်သွယ်မှုကိစ္စများကို အကြောင်းရင်းခံသည့် အမေရိကန်ပြည်ထောင်စု၏ ငွေကြေးမူဝါဒများ ၏ ရိုက်ခတ်သက်ရောက်မှုကြောင့် မြန်မာကျပ် ငွေ တန်ဖိုးကျဆင်းမှုများမှာ မျှော်မှန်းသည် ထက် ပိုမိုလျင်မြန်သည့် သက်ရောက်မှုများ လည်း ရှိခဲ့ပါသည်။
အခြားတစ်ဖက်တွင် current account လိုငွေဖြည့်ဆည်းရန်အတွက် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုများကို မှီခိုနေရခြင်းက ပို၍အငိုလွယ် အရှိုက်ခက်ဖြစ်စေခဲ့ပြန်သည်။ ယင်းအခြေ အနေကို ထိလွယ်ရှလွယ် နိုင်ငံခြားငွေလဲလှယ် ဈေးကွက်အနေအထားက မီးလောင်ရာလေပင့် ပေးခဲ့ပြန်သည်။ ယင်းသို့သော အခြေအနေ များကပင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းကို ပိုမိုးဆိုးရွားစေရန် တွန်းပို့ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက သုံးသပ်ဖော်ပြခဲ့ သည်ကို တွေ့ရသည်။
စီးပွားရေးကဏ္ဍအလိုက်ကြည့်သော် စက်မှု ကဏ္ဍ၏တိုးတက်မှုနှုန်းသည် ၂၀၁၈-၁၉ ခုနှစ်တွင် ကျဆင်းခဲ့သည်။ ယင်းကဏ္ဍ၏တိုး တက်မှုနှုန်းသည် ၂၀၁၇-၁၈ ခုနှစ်၌ ၉ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၈Š၁၉ ခုနှစ် တွင် ၈ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာက ခန့်မှန်းခဲ့သည်။
၂၀၁၇-၁၈ ခုနှစ်တွင် ဝန်ဆောင်မှုကဏ္ဍ၌ ၈ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်မှုများ ရှိခဲ့သော် လည်း ၂၀၁၈-၁၉ ခုနှစ်တွင် ၇ ဒသမ ၆ ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့သည်ဟု ကမ္ဘာ့ ဘဏ် အစီရင်ခံစာက ဖော်ပြခဲ့သည်။
ယင်းသို့တိုးတက်မှုများ ကျဆင်းရခြင်းမှာ ဝယ်ယူသုံးစွဲနိုင်မှု လျော့နည်းလာခြင်း၊ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးလာခြင်း၊ ကုန်ထုတ်လုပ်မှု စရိတ်များကြီးမြင့်ခြင်း ၊ လောင် စာဆီ ဈေးနှုန်းမြင့်တက်ခြင်း ၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း စသည့် အကြောင်းများကို အရင်း ခံ၍ တိုးတက်မှုများ ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက သုံးသပ်ခဲ့သည်။
အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း များသည် မြန်မာ့စီးပွားရေး၏ အဓိကမောင်းနှင် အား စီးပွားရေးလုပ်ငန်းများ ဖြစ်သည်။ သို့သော် ယင်းလုပ်ငန်းများမှာ ၂၀၁၄ ခုနှစ် ကတည်းက အခြေမလှဟန်မကျ ဖြစ်ခဲ့ကြရသည်ကို တွေ့ ရသည်။ အရင်းပြုတ်ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ၊ အိမ်ရှင်နှင့်အခန်းဝယ်ယူထားသူတို့အား အချိန်မီအခန်းမအပ်နိုင်သဖြင့် ရှောင် တိမ်းထွက်ပြေးနေရသည့် ဆောက်လုပ်ရေးလုပ် ငန်းရှင်များ၊ အခန်းတစ်ခန်းတည်းကိုပင် လှည့် ပတ်ရောင်းချပြီး ငွေဖော်မှုများကြောင့် အပြန် အလှန်တရားစွဲဆိုမှုများ စသည့် ဒဏ္ဍာရီဆန် လှသော မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်း ကျဆုံးမှုများကို နေ့စဉ်နီးပါး တွေ့မြင်ကြားသိ နေရသည်။
ကျောက်စိမ်းနှင့် အခြားတွင်းထွက်ကျောက် မျက်ရတနာများဈေးကွက်လည်း အားရစရာ မရှိ ဖြစ်နေသည်။ နိုင်ငံ၏ အဓိကအားထား နေရသည့် ဝင်ငွေလုပ်ငန်းဖြစ်သည့် သဘာဝ ဓာတ်ငွေ့မှ ဝင်ငွေများလည်း ကမ္ဘာ့ရေနံစိမ်း ဈေးများကျဆင်းခဲ့သည့်နည်းတူ ကျဆင်းခဲ့ခြင်း ကြောင့် လျော့ပါးထိခိုက်ခဲ့ရပြန်သည်။
လယ်ယာထွက်ကုန်နှင့်သားငါးပုစွန် ပို့ကုန် ကဏ္ဍ၌လည်း အကြောင်းအမျိုးမျိုးဖြင့် လျော့ကျ လာခဲ့ရပြန်သည်။ ဈေးကွက်ကြီးတစ်ခုအဖြစ် အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့နေခဲ့ရသည့် ငါးမြစ်ချင်းနှင့် ငါးကြင်းတင်ပို့မှုလုပ်ငန်းများ ကန့်သတ်ခံခဲ့ရမှုကြောင့် မွေးမြူရေလုပ်ငန်းများ ထိခိုက်နစ်နာခဲ့ရသည်။ အလုပ်သမားအများစု ကို အလုပ်အကိုင်ပေးထားနိုင်သည့် CMP ခေါ် အထည်ချုပ်လုပ်ငန်းများမှာလည်း လုပ်ခ ပြဿနာများ ရှုပ်ထွေးမှုကြောင့် အဆင်မပြေမှု နှင့် အခက်အခဲများ ကြုံတွေ့နေရသည်။ ယင်း ကြောင့်ပင် ရင်းနှီးမြှုပ်နှံသူ တချို့မှာ ဆူလွယ် နပ်လွယ် ငွေအပေါ်မြန်မည့် လုပ်ငန်းများကို သာ လုပ်ကိုင်လာကြသည်လည်း တွေ့ရသည်။
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ ကြား ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲမှာ ကမ္ဘာတစ်ဝန်းလုံးသို့ သက်ရောက်မှုမြင့်မား ကြီးထွားစေခဲ့သည်။ ယင်းကုန်သွယ်ရေး စစ်ပွဲ ကြောင့် အမေရိကန်ဒေါ်လာနှင့် အခြားငွေ ကြေးများ လဲလှယ်ရာတွင် ဒေါ်လာငွေတန်ဖိုးက အသာစီးရရှိခဲ့သည်။ ယင်းကုန်သွယ်ရေးစစ်ပွဲ ၏ ရိုက်ခတ်မှုဒဏ်ကို မြန်မာနိုင်ငံကလည်း ခံစားခဲ့ရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဆူးလေ ရှန်ဂရီလာဟိုတယ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်"ကုန်ကြမ်းအတိုင်း ပြည်ပကို တင်ပို့နေတာထက် ကုန်ကြမ်းကိုအသုံးပြုပြီး ပြည် တွင်းမှာ ကုန်ချောထုတ်ရမယ်။ ပြည်တွင်းကုန် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကို အားပေးကူညီ ရမယ်။ ဈေးကွက်အတွင်းမှာလည်း မျှတတဲ့ ယှဉ်ပြိုင်မှုတွေဖြစ်ဖို့ လိုအပ်ပါတယ်" ဟု စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မိုးကျော် က ပြောဆိုခဲ့သည်။
မြန်မာ့စီးပွားရေးအခြေအနေများသည် ယင်းသို့သော ဘက်ပေါင်းစုံ အခက်အခဲ အခြေ အနေဆိုးများနှင့် ရင်ဆိုင်နေရစဉ်မှာပင် မြန်မာ နိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇွန်လလယ်မှ စတင်ကာ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်မှု ဈေးနှုန်းများ မြင့်တက်လာမှုဒဏ်ကို စတင်ခံစား ခဲ့ရသည်။ အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၄၀ဝ ကျော်သာရှိခဲ့သော ငွေလဲလှယ်နှုန်းသည် တရိပ်ရိပ်တက်လာသော်လည်း ကျပ် ၁၅၀ဝ ထက်မကျော်နိုင်ဟု အများစုက ခန့်မှန်းတွက်ဆ ခဲ့ကြသည်။
သို့ရာတွင် ခန့်မှန်းထားသည်ထက် တဖြည်း ဖြည်းနှင့် တရိပ်ရိပ်တက်လာပြီး စက်တင်ဘာ အစတွင် တစ်ဒေါ်လာ ကျပ် ၁၆၀ဝ အထိ မြင့်တက်ခဲ့သည်ကို တွေ့ရသည်။ မှတ်တမ်းများ အရ စက်တင်ဘာ ၂၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၆၄၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ယင်းနေ့ ရွှေဈေးနှုန်းမှာလည်း အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ၁,ဝ၄၅,ဝ၀ဝ ကျပ်ထိ စံချိန်တင် မြင့်တက်ခဲ့သည်။ ယင်းမှာ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းသွား ခဲ့ရခြင်းလည်း ဖြစ်သည်။
ယင်းနှင့်အတူ ပြည်တွင်းတရားမဝင် ငွေ ကြေးဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာ ဝယ်ယူစုဆောင်း အမြတ်တင်ရောင်းချသူများ ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ သည်။ ထို့ကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာနမှ လူငါးဦးကို ခေါ်ယူစစ်ဆေးပြီး တရားစွဲ ဆိုခဲ့သည်။ ယင်းနောက်ပိုင်း မြင့်တက်လျက် ရှိသည့် ဒေါ်လာဈေးနှုန်းများ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ပါသည်။
မြန်မာ့ရွှေဈေးနှုန်းသည်လည်း ဒေါ်လာငွေ လဲနှုန်းနှင့်အတူ လိုက်ပါကျဆင်းခဲ့ရာ စက်တင်ဘာ ၂၅ ရက်နေ့တွင် တစ်ကျပ်သား ကျပ် ၁၀ သိန်း ဝန်းကျင်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ စက်တင်ဘာ ၂၅ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း ကိန်းအရ တစ်ဒေါ်လာကို ၁,၅၈၂ ကျပ် သတ် မှတ်ခဲ့သည်။
ငွေကြေးဈေးကွက်အပေါ် ဗဟိုဘဏ်၏ ဝင်ရောက်ထိန်းညှိမှု
တည်ငြိမ်သည့် ငွေကြေးဈေးကွက် ဖြစ်ပေါ်စေရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထိန်းညှိပေးနိုင် ရန် ပုဂ္ဂလိကဘဏ်များမှ အမေရိကန်ဒေါ်လာငွေများကို ဝယ်ယူသည့်နည်းလမ်းဖြင့် ကြိုးစားခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြင်ပဈေးကွက်ပေါက် ဈေးထက် ဈေးနှုန်းပိုပေး၍ ဝယ်ယူခဲ့သည့်အတွက် ဝေဖန်မှု များလည်း ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်။
ဗဟိုဘဏ်သည် ငွေကြေးဈေးကွက် တည်ငြိမ်မှုရှိစေ ရေးအတွက် နည်းလမ်းများစွာဖြင့် ချဉ်းကပ်ခဲ့ရာတွင် ၂၀၁၄ ခုနှစ်က ထုတ်ပြန်ချက်ကို ထပ်မံထုတ်ပြန်ခဲ့သည့် နည်းလမ်းဖြင့် ချဉ်းကပ်ခဲ့သည်ကိုလည်း တွေ့ရသည်။ ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့်ညွှန်ကြားချက်မှာ မြန်မာ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ အချင်းချင်းငွေပေး ချေရာတွင် မြန်မာကျပ်ငွေကိုသာ အသုံးပြုရန် ညွှန်ကြား ချက် ဖြစ်သည်။
သို့ရာတွင် စီးပွားရေးလုပ်ငန်းများတွင် ဗဟိုဘဏ်၏ ယင်းညွှန်ကြားချက်ကို လက်တွေ့ လိုက်နာဆောင်ရွက်မှု များ အားနည်းခဲ့ကြသည်။ ဗဟိုဘဏ်ညွှန်ကြားချက်သည် အသက်မဝင်သကဲ့သို့ ရှိခဲ့သည့်အတွက် စီးပွားရေးပညာ ရှင်အသိုင်းအဝိုင်းကလည်း လက်တွေ့ကျသော လုပ်ဆောင် မှုမျိုးများ စဉ်းစားရန် တိုက်တွန်းခဲ့ကြသည်။
"ဘုရားတွေမှာ ဒေါ်လာနဲ့ ဝင်ကြေးကောက်တာ၊ မြန်မာပြည်ထဲလာဖွင့်တဲ့ကျောင်းတွေမှာ ဒေါ်လာနဲ့ကျောင်း လခပေးသွင်းစေတာကအစ အားလုံး မြန်မာကျပ်နဲ့ပေးဖို့ ၂၀၁၄ ခုနှစ်ကတည်းက ဗဟိုဘဏ်က စာထုတ်ထားပေမယ့် ဘယ်သူမှ မလိုက်နာကြဘူး၊ နယ်စပ်မှာလည်း ဒေါ်လာ စီးထွက်မှုကလည်းရှိတယ်။ အကြောင်းအရာတွေကလည်း အများကြီးရှိတယ်၊ အဲဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုတယ်" ဟု စီးပွားရေးပညာရှင် ဆရာအောင် ချိန်ဘွားက သူ၏အမြင်ကို ပြောပြပါသည်။
စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် ဦးသန်းဦးက လည်း ဆရာအောင်ချိန်ဘွားနှင့် အမြင်တူသည်။ ၎င်းက "ပြည်ပမှာ အလုပ်လုပ်နေတဲ့ လူတွေဆီကနေဝင်လာတဲ့ ငွေကြေးက ဒေါ်လာနဲ့ တရားဝင်လမ်းကြောင်းကနေ ဝင်လာမယ်ဆိုရင် နိုင်ငံခြားငွေအများအပြား လက်ဝယ်ရရှိ လာလိမ့်မယ်၊ နိုင်ငံခြားငွေ အများအပြား ပြန်ဝင်လာနိုင်ရင် မြန်မာကျပ်ငွေတန်ဖိုး ပြန်တက်လာနိုင်တယ်။ အဲဒါတွေ လုပ်ဖို့ အစိုးရက မူဝါဒတွေသင့်ရာနည်းလမ်းတွေနဲ့ ပြည်သူ တွေရဲ့ အကူအညီယူပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေက ပညာရှင်တွေကို တာဝန်ပေးပြီး လုပ် မယ်ဆိုရင် အကျပ်အတည်းကလွတ်နိုင်မယ်"ဟု ထောက်ပြ ထားသည်။
မတည်ငြိမ်သည့် ငွေလဲလှယ်နှုန်းကြောင့် မြင့်တက်ခဲ့သည့် ကုန်ဈေးနှုန်း
၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ငွေလဲလှယ်နှုန်း မတည်ငြိမ်မှုများသည် ကာလအတန်ငယ် ကြာခဲ့သည်။ အထူးသဖြင့် ဇွန်လလယ်မှ စက်တင်ဘာလအထိ လေးလတာ ကာလအတွင်း နေ့စဉ်နှင့်အမျှရက်တိုင်း "တစ်နေ့ရွှေ တစ် နေ့ငွေ" စကားနှင့်အညီဖြစ်ခဲ့သည်ဟု ဆိုရလောက်အောင် ငွေဈေးနှုန်း မတည်ငြိမ်မှုများ အပြောင်းအလဲများခဲ့သည်။ ယင်း၏သက်ရောက်မှုဒဏ်ကို ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်များ အလူးအလဲ ခံခဲ့ကြရသည်။
စီးပွားရေးလုပ်ငန်းရှင်များသည် အပြောင်းအလဲ မြန်ဆန်သော ငွေလဲလှယ်နှုန်းများကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိလောက်အောင် အခက်တွေ့ခဲ့ကြရသည်။ ယနေ့ပေါက်ဈေးဖြင့် ဝယ်ယူရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော လုပ်ငန်းတစ်ခုသည် မနက်ဖြန် အရှုံးကြီးရှုံးရလောက် အောင် သေချာနေစေခဲ့သည်အထိ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် လုပ်ငန်းအတော်များများ ရပ်တန့်လုနီးပါးအထိ အခြေ အနေ၌ ဆိုက်ရောက်ခဲ့ရသည်။
ငွေဈေးနှုန်းကို အကြောင်းပြုပြီး မြင့်တက်လာသည့် ကုန်စည်ဈေးနှုန်းတွင် အများပြည်သူနှင့် သက်ဆိုင်သည့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့မှုက ကုန်စည်သယ်ယူပို့ ဆောင်ရေး ဈေးနှုန်းများကိုပါ တစ်ပါတည်း လိုက်ပါမြင့် တက်စေခဲ့သည်။ ယင်းအတွက် အများပြည်သူသုံးအခြေ ခံစားသောက် ကုန်များ၏ဈေးနှုန်းများကိုပါ လိုက်ပါမြင့် တက်စေခဲ့သည့်အတွက် အခြေခံလူတန်းစားများပါ ကျော ကော့အောင် ခံခဲ့ကြရသည်။
တစ်ဖက်တွင် နိုင်ငံတကာ၌ ရေနံဈေးနှုန်းများ ပြန် လည်ကျဆင်းလာခဲ့သည်။ ထိုအတွက်ကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများလည်း လိုက်ပါကျဆင်းလာလိမ့် မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် ပြည်တွင်းစက်သုံး ဆီဈေးနှုန်းမှာ ပြန်လည်ကျဆင်းခြင်းမရှိဘဲ မျှော်လင့်သလို ဖြစ်မလာသည့်အတွက် စက်သုံးဆီ တင်သွင်းရောင်းချသူ များကို ဝေဖန်ပြောဆိုမှုများ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် စက်သုံးဆီအသင်းက ပြည်တွင်းပြည်ပသတင်း ထောက်များကိုခေါ်ယူပြီး ၎င်းတို့တင်သွင်းခဲ့သည့် ဈေးနှုန်း နှင့် ပြည်တွင်း၌ရောင်းချခဲ့သည့်ဈေးနှုန်း အခြေအနေများ ကို သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောဆိုခဲ့ရသည်။
မဟာဗျူဟာနှင့် နည်းဗျူဟာကျကျစီးပွားရေး မူဝါဒနှင့် ပေါ်လစီများ အားနည်း
စီးပွားရေးလုပ်ငန်းမှန်သမျှသည် ငွေကြေးများဖြင့်သာ စီးဆင်းလည်ပတ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ငွေကြေး တန်ဖိုးကမောက်ကမဖြစ်မှုဒဏ်ကို တစ်ချိန်မဟုတ် တစ်ချိန် ချိန်၌ ကြုံတွေ့ခံစားရမည်သာ ဖြစ်သည်။ သို့အတွက် ယင်းဒဏ်ကြုံလာခဲ့သော် ဘယ်ပုံဘယ်နည်းများဖြင့် ရင်ဆိုင် မည်ဆိုသည့် မဟာဗျူဟာနှင့်နည်းဗျူဟာကျကျ မူဝါဒ များနှင့် စီးပွားရေးပေါ်လစီများ ခိုင်ခိုင်မာမာရှိထားရန် လိုအပ်ပါသည်။
သို့ရာတွင် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ခဲ့သည့် ငွေဈေးနှုန်း ကမောက်ကမ ဖြစ်စဉ်များဖြစ်လာသည့်အခါ အစိုးရ၌ ရင်ဆိုင်မှုစီးပွားရေး မဟာဗျူဟာနှင့် နည်းဗျူဟာများ အားနည်းနေခဲ့သည်ကို စီးပွားရေးပညာရှင်များက ဝေဖန် ထောက်ပြခဲ့ကြသည်။ အမေရိကန်Šတရုတ်ကုန်သွယ် ရေးစစ်ပွဲသည် မခြိမ်းဘဲ ရွာခဲ့သောမိုးမဟုတ်ပေ။ မိုးရိပ် မိုးယောင်မိုးတိမ်တောင်များ ကြိုတင်ဖြစ်ထွန်းလျက် တဂျိန်း ဂျိန်းခြိမ်းကာ မိုးသံပေးပြီးမှရွာခဲ့သောမိုးဖြစ်သည်။ သို့သော် မိုးမလုံသော မြန်မာ့စီးပွားရေးအတွက် မိုးလုံအောင် ပြင် ဆင်လုပ်နိုင်စွမ်း အားနည်းခဲ့သည်။ ထို့ကြောင့်ပင် မြန်မာ့ စီးပွားရေးသည် ယင်းဒဏ်ကို ခံနိုင်ရည်ရှိသည်ထက် ပိုမို၍ အလူးအလဲ ခံခဲ့ရခြင်း ဖြစ်သည်။ စင်စစ်အားဖြင့် မဟာ ဗျူဟာနှင့်နည်းဗျူဟာမြောက် စီးပွားရေး ဆိုင်ရာမူဝါဒများ နှင့် ပေါ်လစီများ အားနည်းချက်ကြောင့်ဖြစ်ကြောင်းသုံးသပ်မိသည်။ ယင်းအတွက် ခိုင်မာသောသက်သေသည် ငွေဈေးနှုန်း ကမောက်ကမဖြစ်စဉ်၌ ထိန်းချုပ်ကိုင်တွယ်နိုင်သည့် အား နည်းသည့်ကိစ္စတစ်ခုသာမဟုတ်ဘဲ တရုတ်နယ်စပ်၌ ဖြစ်ခဲ့ သည့် ဖရဲသီးကားများကိစ္စတွင်လည်း ထပ်မံတွေ့မြင်ရသည်။ ၂၀၁၈ နှစ်ကုန်ပိုင်းနှင့် ၂၀၁၉ နှစ်ဆန်းပိုင်းတွင် တရုတ် နယ်စပ်၌ ဖြစ်ခဲ့သည့်
တစ်ဖက်သတ် ဂိတ်ပိတ်မှုကြောင့် မြန်မာဖရဲသီးကုန်သည်များ အကြီးအကျယ် အထိနာခဲ့ရ သည်။ မထင်ရင် မထင်သလို ပြောင်းလဲကစားတတ်သည့် တရုတ်တို့၏ ကုန်စည်အဝင်လက်ခံမှုပေါ်လစီမှာ နိုင့်ထက် စီးနင်းနိုင်လှသည်။ ချိုးချင်သလိုချိုး ဒေါင်းနေသည့်ဖဲတစ် ချပ်အပိုင်ရထားသကဲ့သို့ တရုတ်တို့က စိတ်ကြိုက်ကစား နေခြင်းလည်း ဖြစ်သည်။
ယင်းဖရဲသီးဖြစ်စဉ်သည် မြန်မာ့နယ်စပ်ကုန်သွယ်ရေး ဆိုင်ရာမူဝါဒနှင့် ပေါ်လစီများ မဟာဗျူဟာနှင့် နည်းဗျူဟာ မြောက်မှုအပေါ် မေးခွန်းများစွာ ပေါ်ထွက်စေခဲ့သည်။ ယင်းဖြစ်စဉ်မျိုး နောက်နောင် ဖြစ်မလာစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်မှုများ ပြုလုပ်ပေးမည်နည်းဆိုသည့် မေးခွန်း မှာ အကျယ်လောင်ဆုံး မေးခွန်းဖြစ်စေခဲ့သည်။
အခြားတစ်ဖက်တွင် စီးပွားရေးမူဝါဒများ အားနည်း ခြင်းနှင့် စီးပွားရေးမူဝါဒဆိုင်ရာပုဂ္ဂိုလ်များ၏ ကျွမ်းကျင်မှု အားနည်းခြင်း စသည်တို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု များလည်း မျှော်လင့်ထားသလောက်ဝင်မလာဘဲ ရှိနေ သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် သြဂုတ်လအတွင်းက အလုပ်သဘော သွားရောက်ခဲ့သော စင်ကာပူခရီးစဉ်၌ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ပြည်ပရင်းနှီးမြှုပ်နှံသူများ ကို ဖိတ်ခေါ်ခဲ့သည်။
ထို့ပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဆင်းဝင်ရောက်လာစေရေးအတွက် ဆက်သွယ်ဆောင် ရွက်လုပ်ကိုင်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ (၂၅)ခုမြောက် ဝန်ကြီးဌာနအဖြစ် "ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန"ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။
ယင်းသည် နိုင်ငံရေးဖိအားများ၏ သက်ရောက်မှုဆိုး ကျိုးများအတွက်ကာမိစေရန် အစိုးရ၏ စဉ်းစားဆောင် ရွက်မှုလည်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ (အာရ်ဆာ)၏ ရဲစခန်း ၃၀ အား တစ်ပြိုင်နက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကို ရှင်းလင်းမှုနောက်ကွယ်မှ သက်ရောက်မှုများသည် ၂၀၁၈ ခုနှစ်အတွင်း၌ နိုင်ငံတကာဖိအားများအဖြစ် ဘက်ပေါင်းစုံ ဖြစ်တည်လာခဲ့ သည်။ ယင်းနိုင်ငံတကာဖိအားများသည် နိုင်ငံရေးအပေါ် အခြေပြုထားကြသော်လည်း တစ်ဖက် တွင်မူ စီးပွားရေးအရ ဖိအားများပါ တိုက်ရိုက်နည်းရော သွယ်ဝိုက်နည်းနှင့်ပါ ပုံစံနှစ်မျိုးစလုံး ပါဝင်လာခဲ့သည်။
မည်သည့်နည်းဖြင့်ဖြစ်ဖြစ် မြန်မာ့စီးပွားရေးအခြေ အနေအပေါ် သက်ရောက်မှုရှိခဲ့သည်မှာလည်း သေချာ သည်။ ယင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများ လာရောက်ရန် တွန့်ဆုတ်တွေဝေနေခြင်းနှင့် ပြည်ပခရီးသွားများ ဝင်ရောက်မှု နည်းပါးလာခဲ့ခြင်းဒဏ်များကို သိသိသာသာ ထိခိုက်ခံ စားခဲ့ရသည်။ နှစ်ပရိစ္ဆေဒများစွာကတည်းက တငွေ့ငွေ့လောင်ကျွမ်း ခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် နေ့ချင်းညချင်း ပြီးမြောက်မည့် ကိစ္စမဟုတ်ပေ။ ယင်းကိစ္စနှင့်အတူ နိုင်ငံ တကာဖိအားများလည်း ရှိနေဦးမည်သာဖြစ်သည်။ ယင်း နိုင်ငံတကာဖိအားများသည် စီးပွားရေးအခြေအနေများ အပေါ်သို့ သက်ရောက်မှု ရှိနေဦးမည်လည်းဖြစ်သည်။ ထို့ကြောင့် မဟာဗျူဟာနှင့်နည်းဗျူဟာမြောက် စီးပွားရေး ဆိုင်ရာ မူ-ဝါဒများနှင့်ပေါ်လစီများ ချမှတ်ဆောင်ရွက်နိုင်ရန် ပို၍ပို၍အရေးပါလာမည်မှာ သေချာလှပါသည်။
ကြိုးတုပ်ခံထားရသည့် အစိုးရ၏စီးပွားရေးခြေလှမ်းများ
နိုင်ငံရေးစနစ် အသွင်ကူးပြောင်းစ နိုင်ငံတိုင်းလိုလို၌ နိုင်ငံရေးနှင့်စီးပွားရေးမတည်ငြိမ်မှုများကို ရင်ဆိုင်ကြုံ တွေ့ရတတ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း ကြုံနေရခြင်း ဖြစ်ပါသည်။ နိုင်ငံ့စီးပွားတိုးတက်ဖွံ့ဖြိုးရေးအတွက် နှစ်တို၊ နှစ် လတ်၊ နှစ်ရှည်စီမံကိန်းများ ချမှတ်၍ အစိုးရအဆက် ဆက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားအားထုတ်ခဲ့ ကြပါသည်။ သို့ရာတွင် ချမှတ်လိုက်သော စီမံကိန်းအများစု သည် ပကတိအခြေအနေများနှင့်မကိုက်ညီမှု၊ လက်တွေ့ ဆောင်ရွက် နိုင်ခြင်းအားနည်းမှု၊ တာဝန်ရှိသူများ၏အရည် အသွေးအားနည်းမှုစသည့်အကြောင်းမျိုးစုံကြောင့် အောင် မြင်မှု နည်းပါးခဲ့ကြပါသည်။
လက်ရှိအင်န်အယ်လ်ဒီအစိုးရလည်း နည်းလမ်းပေါင်း စုံဖြင့် ကြိုးစားအားထုတ်နေသည်ကို တွေ့ရပါသည်။ ပြည် တွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးကူညီမှုများ ပြုလုပ်လျက် ရှိသကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာ စေရန်လည်း
"ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန"ကို ဖွဲ့စည်း၍ အားထည့်ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရပါသည်။
သို့ရာတွင် ဝေဖန်သူများက အင်န်အယ်လ်ဒီအစိုးရ လက်ထက် စီးပွားရေးအခြေအနေများသည် သမ္မတ(ငြိမ်း)ဦးသိန်းစိန်အစိုးရလက်ထက်ကရရှိခဲ့သည့် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ အရှိန်၏နောက်သို့ပင် နောက်ကြောင်း ပြန်လှည့်နေသည်ဟု ဝေဖန်ပြစ်တင်ခဲ့ကြသည်။ သို့သော် လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းအရေး အခြေအနေများ နှင့် ဆက်စပ်ဖြစ်ပေါ်လာသော နိုင်ငံတကာဖိအားများက အင်န်အယ်လ်ဒီအစိုးရ၏ စီးပွားရေးခြေလှမ်းများကို ကြိုး တုပ်ခံထားရသကဲ့သို့ ဖြစ်နေသည့်အဖြစ်ကိုမူ ထည့်တွက် ပေးရန် လိုအပ်လိမ့်မည် ထင်ပါသည်။
ကမ္ဘာ့ဘဏ်အစီရင်ခံစာကတော့ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများ ပြန်ပြီး အားကောင်းလာမည်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ယုံကြည်မှုများ တည်ဆောက်ပေး နိုင်မည်ဆိုလျှင် ကာလလတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းအဖြစ် ၂၀၂၀-၂၀၂၁ ခုနှစ်၌ ၆ ဒသမ ၆ ရာခိုင်နှုန်း အထိ တိုးတက်မှု မြန်မြန်ဆန်ဆန် ပြန်ရောက်လာမည်ဟု ခန့်မှန်းဖော်ပြထားသည်။ ယင်းခန့်မှန်းချက်သည် ၂၀၂၀ ပြည့်နှစ်အထိ စောင့်ဆိုင်းမနေဘဲ ယခု ၂၀၁၉ ခုနှစ်က စတင်၍ ဖြစ်မြောက်အောင်မြင်ပါစေကြောင်း ဆုတောင်း နေမိပါတော့သည်။





















