အေအေအဖွဲ့က ဒေသခံအရပ်သားအသွင်ဖြင့် ပုံဖျက်လှုပ်ရှားနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ဟု တပ်မတော်ထုတ်ပြန်

အေအေအဖွဲ့က ဒေသခံအရပ်သားအသွင်ဖြင့် ပုံဖျက်လှုပ်ရှားနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ဟု တပ်မတော်ထုတ်ပြန်

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(AA)သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ဒေသခံအရပ်သားများအသွင်ဖြင့် ဝင်ရောက်ပုံဖျက်လှုပ်ရှားနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက် နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဖေဖော်ဝါရီ ၂ ရက်ထုတ်ပြန်ချက်အရ သိရသည်။ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်း တွင် သမီးလှကျေးရွာအတွင်းရှိ ကိုင်းတောမှ AA အဖွဲ့အင်အား ၃ဝ ဦးခန့်က ရီမုမိုင်းငါးလုံးဖြင့် ဖောက်ခွဲ ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လည်းကောင်း၊ အုန်းချောင်းကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းတစ်ခုကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် AA အဖွဲ့အင်အား ၃ဝ ဦးခန့်က အုန်းချောင်းကျေးရွာ ဘုရားကုန်းပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း  စတင်ပစ်ခတ် တိုက်ခိုက်သဖြင့် အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး AA အဖွဲ့သည် ကျေးရွာများအတွင်းမှတစ်ဆင့်  ဆုတ်ခွာ ထွက်ပြေး သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။ 

အဆိုပါ  ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သော သမီးလှကျေးရွာနှင့် အုန်းချောင်းကျေးရွာ တို့အတွင်း၌ AA အဖွဲ့က  ဒေသခံပြည်သူများ အသွင်ဖြင့် ဝင်ရောက် ပုံဖျက်လှုပ်ရှား လျက်ရှိပြီး   တပ်မတော် စစ်ကြောင်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို  နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော် စစ်ကြောင်းများ လုံခြုံရေး လိုက်ပါလျက် ဇန်နဝါရီ  ၂၆ ရက်တွင်  သမီးလှကျေးရွာသို့ လည်းကောင်း၊   ဇန်နဝါရီ  ၂၈ ရက်တွင်  အုန်းချောင်းကျေးရွာသို့ လည်းကောင်းသွားရောက်၍ ကျေးရွာရပ်မိ၊ ရပ်ဖများနှင့်အတူ ရှောင်တခင်ဝင်ရောက်သတင်းဖော်ထုတ်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ၌ သမီးလှကျေးရွာနှင့်    အုန်းချောင်းကျေးရွာများအနီး AA အဖွဲ့  မိုင်းထောင် ဖောက်ခွဲခဲ့သည့် နေရာများ၊  ကျည်ခွံများအား တွေ့ရှိရပြီး ကျေးရွာများအတွင်းရှိ နေအိမ်၊ ခြံဝင်းများအတွင်း၌ လည်း ဗုံးခိုကျင်းများ ပြုလုပ်ထားသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့ သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာရှိ ရပ်မိ၊ ရပ်ဖများနှင့်ပူးပေါင်း၍ ဝင်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာတွင် ရွာသူ၊ ရွာသားများ၏ နေအိမ်များမှ အဖိုးတန် လက်ဝတ်ရတနာများနှင့် မသက်ဆိုင်သည့် ပစ္စည်းများအား ယူဆောင်မှုနှင့် ပျောက်ဆုံးမှုရှိ/ မရှိကြောင်းကိုလည်း  ရွာသူ၊ ရွာသားများအား ပြန်လည် စစ်ဆေးစေ၍ စုံလင်မှုရှိ ကြောင်းကို ကျေးရွာရပ်မိ၊ ရပ်ဖများရှေ့၌ စနစ်တကျ လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

တပ်မတော် စစ်ကြောင်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ရခိုင်ကျေးရွာ၊ တိုင်းရင်းသားကျေးရွာနှင့် ဘင်္ဂါလီကျေးရွာများအား လုံခြုံရေးအရ စစ်ဆေးခြင်းနှင့် လုံခြုံရေးဆောင်ရွက်ရာတွင် တရားဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်ရွက်ရန်  ညွှန်ကြားထားရှိပြီး တပ်မတော် စစ်ကြောင်းများ၊ လုံခြုံရေးတပ်များ အနေဖြင့်လည်း ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး