ဈေးကွက်စီးပွားရေးကောင်းကင်ပြင်မှ တောက်ပလင်းလက်ကြယ်စင်နှစ်ပွင့်

ဈေးကွက်စီးပွားရေးကောင်းကင်ပြင်မှ တောက်ပလင်းလက်ကြယ်စင်နှစ်ပွင့်

ကျွန်တော်တို့ငယ်စဉ်က ကုန်တိုက်ဆိုလျှင် လက်ချိုး ရေတွက်ရလောက်အောင် ရှားပါး လှသည်။ မှတ်မိသရွေ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်မှ ပြည်သူ့ ကုန်တိုက်နှင့် သိမ်ကြီးဈေးစီရုံမှ ကုန်တိုက် လောက်သာ ရှိသည်ဟု သိရသည်။

အချိန်က လည်း စီးပွားရေးလုပ်ငန်းများကို ဗဟိုဦးစီးစနစ် ဖြင့် ချုပ်ကိုင်ထားသောကာလ၊ ၁၉၈၀ ပြည့်လွန် နှစ်များပေကိုး။ သည်တော့ ကျွန်တော်တို့လို သာမန်မိသားစုတွေအနေဖြင့် လိုချင်သော ပစ္စည်းလေးများရှိပါက အိမ်နားက၊ ရပ်ကွက် တွင်းမှ ကုန်စုံဆိုင်လေးများသို့သာ မိဘများက အဝယ်လွှတ်စမြဲ။ ပဒုမ္မာကုန်တိုက်ဆိုသော ကုန်တိုက်တစ်မျိုး ရှိသေးသည်ဟု သိရသော်လည်း ထိုကုန်တိုက် မျိုးကိုတော့ အနားသို့မျှ မသီနိုင်ခဲ့။ အဘယ် ကြောင့်ဆိုသော် ထိုကုန်တိုက်မျိုးမှာ မင်းကြိုက် စိုးကြိုက် သာမန်လူတန်းစားများနှင့် လားလားမျှ မထိုက်သောကုန်တိုက်များဖြစ်သည်ဟူလို။

ကျွန်တော်တို့ငယ်ငယ်ကတော့ အိမ်သုံး ပစ္စည်းအတိုအထွာလေးများအတွက် ကုန်စုံဆိုင် သာလျှင် အားထားရာ ဖြစ်ခဲ့ရသည်။ ၁၉၈၈ လွန်နှစ်များတွင်မှ ကုန်တိုက်၊ စတိုး၊ စူပါမား ကက်၊ စူပါမတ်အစရှိသည်တို့က တစ်စတစ်စ နေရာယူလာခြင်းဖြစ်သည်။ တစ်နေရာတည်း ရနိုင်သော ယင်းဆိုင်ကြီးများကို ကျွန်တော်တို့ အားကိုးကြသည် မဟုတ်ပါလော။ မှန်ပါသည်၊ ကျွန်တော်တို့အားလုံး ဟိုတစ်စ သည်တစ်စ၊ ဟိုတစ်ဆိုင် သည်တစ်ဆိုင် မဝယ်ချင်ကြဘဲ ယင်းဆိုင်ကြီးများသို့ သွားကာ လေးအေးပေး စက်၏ အငွေ့အသက်ကို သက်သောင့်သက်သာ ခံယူရင်း ဈေးဝယ်လိုကြသည်မှာ အထင် အရှားဖြစ်နေသည်ကို တွေ့ရသည်။

"ဈေးဝယ်ကုန်တိုက်ကြီးတွေ ရပ်ကွက် တစ်ခုမှာရှိရင် ကုန်စုံဆိုင်၊ အိမ်ဆိုင်၊ စတိုးဆိုင် လေးတွေကို သတ်သလိုပဲ"ဟုဆိုသော စာရေး ဆရာကိုတာ၏စကားသံမှာ သတိချပ်ဖို့ ကောင်း လှသည်ဟု ကျွန်တော်ထင်သည်။ ငွေရင်းငွေနှီးမှ စ၍ အပြင်အဆင်များအထိပါ သာမန်ကုန်စုံဆိုင် များထက် လုံးလုံးသာလွန်နေ၍ မိရိုးဖလာ ကုန်စုံဆိုင်လေးများသည် ကုန်တိုက်များ၏ ဝါးမျိုမှုကို ခံနေရချေပြီဟု (ကုန်တိုက်များ အပြိုင်းအရိုင်းပေါ်ထွန်းလာစက) ကျွန်တော် ထင်မိသည်။

ပူပြင်းလှသောရာသီဥတုဒဏ်ကို ကာကွယ် ရန်ဆိုသော စိတ်ကူးဖြင့် ကုန်တိုက်ကြီးများ ရှိရာသို့ ခြေဦးတည်နေသော လူထုမှာ ဒုနှင့်ဒေး ရှိနေသည်။ အချိန်ဖြုန်းရန်ဆိုသော ရည်ရွယ် ချက်ဖြင့် လူငယ်တို့၏ ရွေ့လျားခြေလှမ်းက ကုန်တိုက်ကြီးများရှိရာသို့။ ငွေကြေးသုံးစွဲ နိုင်သောမိသား စုများက အိမ်တွင်းလိုအပ်ချက် များကို ဖြည့်တင်းရန်ဆိုသော သန္နိဋ္ဌာန်ဖြင့် ကုန်တိုက်များသို့ အရောက်လှမ်းလာကြ ... စသည်စသည်ဖြင့် ကုန်တိုက်ကြီးများမှာ ပို၍ နေရာ ရလာသည်ကို မျက်မှောက်တွင် မြင်တွေ့နေရပေသည်။

အချိန်ရထား၏ ကာလအပိုင်းအခြား အလိုက် အမြန်ခုတ်မောင်းမှုနှင့်အတူ မကြာ သေးသော ကာလနှင့် မျက်မှောက်ကာလမှာ အတော်ပင်ခြားနားစပြုလာရချေပြီ။ အချိန် ရထား၏ခုတ်မောင်းမှုနောက်သို့ လူသားများ လည်း သေလုမြောပါးပြေးလိုက်ကြသည်။ အထူးသဖြင့် မြို့ပြလူသားများ။ ကျွန်တော် တို့နိုင်ငံမှ လူသားများသည်လည်း ယင်းဖြစ် စဉ်အတွင်းပါဝင်လာကြသည်။ ယဉ်ကျေးမှုတစ်ခု အစပြုခြင်းနှင့် အနောက်တိုင်းဆန်မှုတို့ အား ကောင်း လာခြင်းသည် ကျွန်တော်တို့နိုင်ငံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ ကေအက်ဖ်စီကြက်ကြော်ကိုဝါး၍ ကိုကာကိုလာ စုပ်သောက်နေကြသော လူငယ်များစွာကို လက်ညှိုးထိုးမလွဲအောင် တွေ့လာရသည်။ လူတိုင်းလိုလို ဖုန်းသုံးနိုင်သောအနေအထား တစ်ခုသို့ ရောက်ရှိလာသည်နှင့်အမျှ ကမ္ဘာ့ နယ်နိမိတ်ကလည်း တဖြည်းဖြည်းကျဉ်းမြောင်း လာသည်။

သည်တော့ ကုန်တိုက်ကြီးတွေက ငွေရင်း ငွေနှီးနည်းသော ကုန်စုံဆိုင်ယဉ်ကျေးမှုကို သတ်တော့မည်လောဟူသော အမေးပေါ် လာသည်။ ယင်းအချက်က အရင်းရှင် စီးပွား ပြယုဂ်သဏ္ဌာန်၏ နိမိတ်ပုံရိပ်တစ်ခုပမာပင်။ ငွေရှင် ကြေးရှင်တို့က အရင်းမဲ့လူတန်းစားကို ဝါးမျိုခဲ့သည့်ဖြစ်ရပ်မှာ နိုင်ငံတကာတွင် ရှိ နေသည်။

ဤသည်တို့မှာ ခေတ်မီကုန်တိုက်ကြီးများ ပေါ်ထွန်းလာစက ဆန့်ထုတ်မိသောအတွေး များဖြစ်သည်။ ယခု ထိုသို့ ခေတ်မီကုန်တိုက် ကြီးများပေါ်ထွန်းလာသည်မှာ ဆယ်စုနှစ်တစ်ခု ကို တော်တော်များများကျော်လွန်၍ ဆယ်စုနှစ် နှစ်ခုနီးပါးလောက်ပင် ကာလကြာရှည်ခဲ့ပြီ။ ထိုမျှလောက်သက်တမ်းဆန့်ထုတ်နိုင်သော ကာလအလျားတစ်လျှောက် ခေတ်မီကုန် တိုက်ကြီးများက ကုန်စုံဆိုင်များ၏ပုံရိပ်ကို မှေးမှိန်သွားအောင် ဝါးမျိုနိုင်စွမ်းရှိသွားပြီလော။

သေသေချာချာစေ့ငုကြည့်မိတော့ ကုန်စုံ ဆိုင်ယဉ်ကျေးမှု သည် ပြိုလဲပျက်စီးမသွားသေး ရုံမျှမက ပို၍ပို၍ပင် ခိုင်မာကျယ်ပြန့်လာနေ ကြောင်းတွေ့နေရသည်။ မြို့နယ်၊ ရပ်ကွက် တိုင်းတွင် ကုန်စုံဆိုင်ကလေးများ အလျှိုအလျှို ပေါ်ပေါက် လာနေသည်ကို အထင်အရှားတွေ့ နေရသည်။ ခေတ်မီကုန်တိုက်ကြီးများကလည်း သူ့အတိုင်း အတာနှင့်သူ ဈေးကွက်သိမ်းပိုက် ထားသလို လမ်းကြားကုန်စုံဆိုင်ကလေးများ ကလည်း သူ့အထွာနှင့်သူ တွင်ကျယ်လျက်ရှိနေ သည်။ မိရိုးဖလာကုန်စုံဆိုင် ကလေးများအနေ ဖြင့် မည်သည့်အားသာချက်ကြောင့် ယင်းသို့ တွင်ကျယ်နိုင်ပါသနည်း။

မိရိုးဖလာကုန်စုံဆိုင်လေးများတွင် ကုန် တိုက်ကြီးများ၌ မရောင်းချနိုင်သေးသည့်ပစ္စည်း များကို ရောင်းချနိုင်ခြင်းကပင် ၎င်းတို့၏ခံတပ်တစ်ခုပမာဖြစ်နေသည်။ ကုန်တိုက်ကြီး များတွင် မီးသွေးဝယ်၍မရသလို ကလေး နေမကောင်းလျှင် အသုံးပြုသည့် ဆေးတို့ဖတ် ကြီးကိုလည်း အလွယ်တကူ ဝယ်ယူမရနိုင်ချေ။ ထို့အပြင် အခြေခံစားကုန်သောက်ကုန်များကို လက်လီဝယ်ယူနိုင်နေသေးခြင်းကလည်း ၎င်း တို့အတွက် ဓားနှင့်ခုတ်သည်ကို ဒိုင်းနှင့်ကာ ခွင့်ရထားသလိုပင်။

ခေတ်မီကုန်စုံဆိုင်ကြီးများသည် အရင်း အနှီးမှအစ တင်ရောင်းသော ကုန်ပစ္စည်း အမည်အထိ စုံလင်ခမ်းနားလှသည်မှာ မှန်၏၊ သို့သော် ထိုသို့ခမ်းနားသောအရှိန်အဝါကပင် လျှင် အဟန့်အတားတစ်မျိုးဖြစ်နေသည်။ တော်ရုံတန်ရုံ လူသုံးကုန်ပစ္စည်းအသေးအမွှား ဝယ်ယူလိုသူသည် ကုန်တိုက်ကြီးများသို့သွား၍ ဝယ်ယူကြလိမ့်မည်မဟုတ်။ လမ်းတွင် အလွယ် တကူတွေ့ရသော ကုန်စုံဆိုင်များသို့သွား၍ ဝယ်ယူ ကြမည်သာ။ ကုန်စုံဆိုင်များတွင် ရှာ၍မတွေ့မှသာ ကုန်တိုက်ကြီးများသို့သွား၍ ရလိုရငြားရှာကြည့်ကြစမြဲ။ ပြီးတော့ ဝန်ဆောင်မှုချင်းကလည်း ကွာ သေးသည်။ များသောအားဖြင့် ခေတ်မီကုန် တိုက်ကြီးများတွင် တာဝန်ကျသော အရောင်း ဈေးသည်များသည် လူရေးလူရာကို ကျွမ်းဝင် ရင်းနှီးခြင်းငှာ စံချိန်မပြည့်မီသေး။ ပြီးတော့ သူတို့အဖို့မှာ ကလည်း ပစ္စည်းပစ္စယတစ်ခုခု ပျောက်ရှပြီဆို လျှင် ခေါင်းပေါ်ပုံကျလာမည့်

ဝန်ထုပ်ဝန်ပိုးကြီးကမသေး။ သည်တော့ သူတို့ တာဝန်ကျသည့် ကောင်တာမှာ ပစ္စည်း အပျောက်အရှမရှိဖို့ ဝါယမအပြည့်စိုက်ကာ သိမ်းငှက် မျက်လုံးအစုံဖြင့် ပတ်ဝန်းကျင်ကို စေ့ငုရသည်။ ထိုသောအခါ ဝယ်ယူစားသုံးသူ အဖို့ စိတ်ကျဉ်းကျပ်စရာ ကြုံရသည်။ ခေါက်ဆွဲ ခြောက်လေးတစ်ထုပ် ဝယ်ယူဖို့ စားသောက်ကုန် တန်းတစ်လျှောက် မိမိလိုချင်သည့်အမှတ် တံဆိပ်ရှိရာ စမ်းစမ်းစမ်းစမ်းနှင့် လျှောက်ရှာ နေရသည့်ကာလတစ်လျှောက်လုံးနောက်မှ တကောက်ကောက်လိုက်၍ အရိပ်ပမာ မခွဲခွာ စတမ်းကပ်ပါလာသည်မှာ စိတ်ကျဉ်းကျပ် စရာ။

တစ်ခါတလေ နောက်မှလိုက်ပါမလာ ပေငြား ပစ္စည်းတင်စင်တန်း၏ ဟိုမှာဘက်ထိပ် နှင့် သည်မှာဘက်ထိပ် နှစ်ဖက်ညှပ်ကာ စူးရဲသောမျက်လုံးများဖြင့် အကဲခတ်စောင့် ကြည့်နေခြင်းက ကိုယ့်နောက်ကျောကိုယ် မလုံချင်စရာ။ သည်တော့လည်း တော်ရုံတန်ရုံ ပစ္စည်း လိုအပ်ရုံမျှဖြင့်တော့ ခေတ်မီကုန်တိုက် ကြီးများထံမသီတော့ဘဲ နီးစပ်ရာ ကုန်စုံဆိုင် များတွင်သာ ဝင်ရောက်ဝယ်ယူရုံ။

သည်တော့ ခေတ်မီကုန်တိုက်ကြီးများပေါ် ထွန်းလာစက ရင်ခုန်သံကသောင်းကနင်း နိုင်ခဲ့သော ကုန်စုံဆိုင်ပိုင်ရှင်များအဖို့ ဆယ်စုနှစ် တစ်ခုကျော်ကာလတွင် ပင့်ထားသောသက်မ ကြီးကို စိတ်ပေါ့ပေါ့ပါးပါးဖြင့်ချကာ စိတ်အေး ချမ်းသာစွာ နေနိုင်သွားပြီဖြစ်သည်။ သူတို့ကိုယ် နှိုက်က ပင်လျှင် ကုန်တိုက်ကြီးများထံဝင်ထွက် ၍ အမျိုးအစားတူပစ္စည်းများ၏ဈေးနှုန်းကို စနည်းနာခြင်း၊ လူအသုံးများပါလျက် ကုန်တိုက် များတွင် မရှိသောပစ္စည်းများကိုမှာယူပြီး မိမိ ဆိုင်တွင်တင်ခြင်း စသည်တို့ဖြင့် ကွက်လပ် ဖြည့်ကြသောအခါ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသော ျွှငည-ျွှငည ှငအကအေငသည ကို ဖန်တီးနိုင်ကြသည်။

အခုတော့လည်း အားကြီးသူအနိုင်ရသိမ်း ပိုက်သွားလေမလားဟူသည့် စိုးရိမ်စိတ်တွေ လွင့်ပြယ်၍ သူ့ခွင်နှင့်သူ တွင်ကျယ်နေသည့် ခေတ်မီကုန်တိုက်ကြီးများနှင့် လမ်းကြား ကုန်စုံဆိုင်ကလေးများ၏ အညမညဖြစ်စဉ်က ဈေးကွက်စီးပွားရေးဟူသည့်ကောင်းကင်ပြင် ကြီးမှ တောက်ပ လင်းလက်ကြယ်စင်နှစ်ပွင့်ပမာ အလင်းရောင်ကိုယ်စီရှိနေကြပေတော့သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021