၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်က စတင် ဖြစ်ပွားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲများကြောင့် လားရှိုးမြို့နယ် ၁၂ မိုင် မန်ပြိန်း အပေါ်ရွာမှ အိမ်ခြေ ၂၂ အိမ်၊ လူဦးရေ ၈၀ ကျော်သည် ၎င်းကျေးရွာနှင့် ၁ မိုင်ခွဲ ဝေးသည့် မန်ပြိန်း အောက်ရွာ သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရကြောင်း ဒေသခံရွာသားများထံမှ သိရသည်။
''တိုက်ပွဲတွေ ငြိမ်သွားပေမယ့် မနေရဲလို့ ဒီကိုပြောင်းလာတယ်။ အပေါ်ရွာမှာ မနေရဲတော့လို့ တစ်ရွာလုံးပြောင်းခဲ့တာ၊ ဘယ်အဖွဲ့အစည်းပဲလာလာ ကျနော်တို့ရွာက ဖြတ်သွားတယ်။ လမ်းကြောင်းဖြစ်နေတယ်။ တောင်ဘက်ပဲလာလာ မြောက်ဘက်ကလာလာ တပ်ပေါင်းစုပဲလာလာ ဒါကြောင့် ဘယ်ချိန် တိုက်ပွဲ ထပ်ဖြစ်မလဲကြောက်နေရတယ်။ စိတ်ကမနေရဲတော့ဘူး’’ ဟု မန်ပြိန်းအပေါ်ရွာ သူကြီး ဦးသိန်းဘွမ်က ပြောသည်။
အဆိုပါ ကျေးရွာမှ ရွာသူ ရွာသားများသည် တိုက်ပွဲဖြစ်၍ ၄ ကြိမ်ထက်မနည်း အီနိုင်းကျေးရွာနှင့် လားရှိုးမြို့ပေါ်သို့ စစ်ဘေးရှောင်ခဲ့ရသည်။
တိုက်ပွဲအတွင်း သေနတ်ထိမှန် သေဆုံးခဲ့ သူများလည်းရှိခဲ့သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်များ အသွားအလာရှိနေသေးသောကြောင့် နှစ်ပေါင်း ၂၀ဝ နီးပါး နေထိုင်ခဲ့သည့် ၎င်းတို့ရွာကို စွန့်လွှတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ရွာသားများက ဆိုသည်။
''ဆောင်းတွင်းက အရမ်းအေးတယ်။ မိုးကာတဲက မလုံလောက်ဘူးလေ။ ကလေးအငယ်တွေနဲ့ဆိုတော့ အဆင်မပြေအရမ်းဖြစ်တယ်။ မနက်ဆို နှင်းရည်က တောက်တောက်ကျတယ်။ အရမ်းလည်းအေးပါတယ်။ ကိုယ့်အိမ်မှာပဲနေချင်တယ်။နွေးနွေးထွေးထွေးနေရတယ်’’ ဟု မထူးဆိုင်က ပြောသည်။
အဆိုပါ ကျေးရွာပတ်ဝန်းကျင်တွင်လည်း နှစ်ဖက် လက်နက်ကိုင်များ၏ တပ်စခန်းများလည်းရှိပြီး တိုက်ပွဲများဆက်တိုက်ဖြစ်ချိန်က ၎င်း ကျေးရွား အတွင်း၌လည်း လက်နက်ကြီး ကျလာခြင်းများရှိနေကြောင်း လားရှိုး ကချင် နှစ်ချင်းအသင်းတော်၏အမှုဆောင် ဆရာဇော်ရော် က ပြောသည်။
တောင်ယာစပါး ရိတ်သိမ်းပြန်လာသည့် ရွာသားများကို သေနတ်နှင့် ပစ်ခတ်ခဲ့၍အသက် ၆၀ ကျော် အမျိုးသမီး တစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့သည့်ဖြစ်စဉ် လည်းဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲများကြောင့် မန်ပြိန်းကျေးရွာမှ သုံး ဦးသေဆုံးခဲ့ပြီဖြစ်သည်။

















